ပြည်ထောင်စုအရေးမို့ သွေးခွဲသူများ အလိုမရှိ

၂၀၂၆ ၊ ဇန်နဝါရီ ၉
    လူရယ်လို့ဖြစ်လာရင် အကျိုးကိုသာ လိုလားကြတာ ဓမ္မတာပါ။ အဲဒီအကျိုးလိုလားမှုကို အခြေခံပြီး  လူ့ဘောင်လောကအတွင်းမှာ ပဋိပက္ခတွေ ဖြစ်နေကြတာပဲ မဟုတ်ပါလား။ လူ့ရဲ့သရုပ်ကလည်း အကျိုးလိုလားမှုအပေါ် အခြေခံပြီး ခွဲခြားနိုင်တာပါပဲ။ လူ့ကျင့်ဝတ်နဲ့ ဘယ်လောက်ညီသလဲ၊ လူသားအကျိုး၊ အများအကျိုးကို ဘယ်လောက်ကြည့်သလဲ။ ကိုယ်ကျိုးကိုပဲ အဓိကထားတာလား စသဖြင့် တွေ့ ရမှာဖြစ်ပါတယ်။ 
    လူဆိုတဲ့သတ္တဝါက  တစ်ဦးတစ်ယောက်တည်းနေတတ်တဲ့သတ္တဝါမျိုး မဟုတ်တဲ့အတွက် လူ့အဖွဲ့အစည်းဆိုတာ မလွဲမသွေ ရှိမှာပဲဖြစ်ပါတယ်။ လူဆိုတာ  တူရာတူရာ စုနေတတ်တဲ့ သဘာဝရှိပေ မယ့်လည်း၊ လူ့ဘောင်အတွင်းမှာ သဘာဝမတူကြပေမယ့်လည်း အတူနေရတာမျိုးတွေလည်း ရှိပါတယ်။ အဲဒီလို အတူနေကြတဲ့သဘာဝကို အခြေခံပြီး လူ့ဘောင်အတွင်းမှာ နိုင်ငံဆို တာ ဖြစ်တည်လာခဲ့ကြတာပဲ ဖြစ်ပါတယ်။ အဲဒီလို နိုင်ငံဖြစ်တည်လာပြီဆိုရင် လူ့ဘောင်အကျိုးကို ကြည့်ရမှာဖြစ်သလို လူ့အဖွဲ့အစည်း အတွင်းမှာလည်း လိုက်လျောညီထွေစွာ နေတတ်ရမှာဖြစ်ပါတယ်။ အလားတူ နိုင်ငံအတွင်းမှာလည်း ကိုယ့်လူမျိုး၊ သူ့လူမျိုး၊ ကိုယ့်အဖွဲ့အစည်း၊ သူ့အဖွဲ့အစည်းဆိုတာ ရှိကြစမြဲ ဖြစ်တဲ့အတွက် ကိုယ့်လူမျိုး ကောင်းကျိုး၊ သူ့လူမျိုးကောင်းကျိုး၊ ကိုယ့်အဖွဲ့အစည်းကောင်းကျိုး၊ သူ့အဖွဲ့အစည်း ကောင်းကျိုး စသဖြင့် ရှေးရှုစဉ်းစားမှသာလျှင် တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံအဖြစ် ရပ်တည်နိုင်မှာဖြစ်ပါတယ်။ အနိမ့်ဆုံးအဆင့် သူ့အကျိုးကို မလိုလားရင်တောင် ကိုယ့်အကျိုးသက်သက်ကိုပဲ ကြည့်ဖို့မသင့်ပါဘူး။ 
    လူမျိုးတစ်မျိုးတည်းနဲ့ တစ်ပြည်ထောင်စနစ် တည်ဆောက်တာတောင် နိုင်ငံးရေးပြဿနာ၊ ဘာသာရေးပြဿနာ၊ လူတန်းစားပြဿနာဆိုတာတွေ ရှိတတ် ကြပါတယ်။ လူမျိုးများပြားစွာ ဖွဲ့စည်းတည် ဆောက်ထားတဲ့ ပြည်ထောင်စုစနစ်မှာတော့ လူမျိုးရေး ပြဿနာပါ ပိုလာမှာ ဖြစ်ပါတယ်။ လူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုဟာ ညီညွတ်ဖို့ အတော်ခက်ခဲပါတယ်။ သို့သော် ညီညွတ်စွာ တည်ဆောက် နိုင်ရင်တော့ အားဖြစ်စေပါတယ်။ ဒါကြောင့်လည်း ပြည်ထောင်စုတည်ဆောက်ရာမှာ ယူနီယံ၊  ဖက်ဒရယ်၊ ကွန်ဖက်ဒရေးရှင်း စတဲ့ စနစ်အမျိုးမျိုးကို တီထွင်လာခဲ့ကြပြီး ကိုယ့်နိုင်ငံနဲ့ ကိုက်ညီရာကို ရွေးချယ်ဖွဲ့ စည်းခဲ့ကြတာပဲ ဖြစ်ပါတယ်။ 
    မိမိတို့နိုင်ငံဟာ လူ့ဘောင်အဖွဲ့အစည်းအတွင်းမှာ သူ့သမိုင်း၊ သူ့သဘာဝ၊ သူ့ယဉ်ကျေးမှုနဲ့သူ ခိုင်မာစွာ တည်ရှိလာခဲ့တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ကောင်းအတူ ဆိုးအမျှ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ နေလာခဲ့ကြတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီးပါပြီ။ ကိုလိုနီခေတ်မှာ ပုံစံတစ်မျိုးနဲ့ အင်္ဂလိပ်ရဲ့ သွေးခွဲအုပ်ချုပ်မှု အောက်မှာလည်း နေခဲ့ကြရပါသေးတယ်။ အခွင့်အရေး ရသူကရပြီး နာလန်မထူနိုင်အောင် နှိပ် ကွပ်ခံရသူက  ခံခဲ့ရပေမယ့် လူမျိုးစုအားလုံး တစ်ပါးကျွန်အဖြစ်နဲ့သာ ရပ်တည်ခဲ့ကြရတာပါ။ သူ့အုပ်ချုပ်ရေးသက်ဆိုးရှည်စေဖို့ သွေးခွဲခဲ့လို့ သွေးကွဲခဲ့ကြပေမယ့် အခုချိန်ထိ သွေးကွဲနေတာကတော့ အတ္တတွေက အခြေခံနေလို့ပဲ ဖြစ်ပါလိမ့်မယ်။ 
    မိမိတို့နိုင်ငံဟာ လူမျိုးစုကြီး ရှစ်စု၊ လူမျိုး ၁၃၅ မျိုး ရှိပါတယ်။ လူမျိုး ၁၃၅ မျိုးဟာ လူမျိုးစုကြီး ရှစ်စုထဲမှာ ထည့်သွင်းဖော်ပြထားပေမယ့် တချို့တွေက လူမျိုးစုအတွင်းမှာ ပါတယ်လို့ လက်ခံမထားကြ တာကို သတိထားမိကြမှာပါ။ ဒါ့အပြင် အကြောင်းအမျိုးမျိုး ကြောင့် မိမိတို့ဆီကို ရောက်ရှိနေထိုင်လာ ကြတဲ့ လူမျိုးကွဲ နိုင်ငံသားတွေလည်း ရှိပါတယ်။ ဒီသဘာဝအရ ပြည်ထောင်စုကို တည်ဆောက်ခဲ့ရတာ ဖြစ်ပါတယ်။ ပြည်ထောင်စုစနစ်ကို စတင်တည်ဆောက်ခဲ့ရတာက အင်္ဂလိပ်ဆီကရတဲ့ လွတ်လပ်ရေးနဲ့ အတူပါ။ အဲဒီတုန်းက မြန်မာနိုင်ငံမှာ ပြည်ထောင်စုအတွေးအခေါ်လည်း အားနည်းနေသလို တော်လှန်ရေးဆင်နွှဲနေတဲ့ ဗမာအများစုနဲ့ တချို့တိုင်းရင်းသားလူနည်းစုက လက်ဝဲသမားတွေပါ။ အင်္ဂလိပ် ပစားပေး ခံရတဲ့သူတွေက ပဒေသရာဇ်စနစ်ကို နှစ်ခြိုက်တဲ့ တိုင်းရင်းသားနဲ့ အရင်းရှင်စနစ်ကို အထင်ကြီး လိုလားပြီး ဗြိတိသျှဓနသဟာယထဲမှာ နေလိုတဲ့ တိုင်းရင်းသားတွေပဲ ဖြစ်ကြပါတယ်။ 
    အင်္ဂလိပ်အုပ်ချုပ်တုန်းက မြန်မာပြည်နယ်ထဲမှာ ပြည်မဒေသနဲ့ နယ်ခြားဒေသဆိုပြီး နှစ်မျိုးခွဲထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဗမာ၊ ရခိုင်၊ မွန်၊ ကရင် တို့ကို ပြည်မထဲမှာ အတူထည့်ထားပြီး နယ်ခြား ဒေသအဖြစ် ကချင်၊ ကယား၊ ချင်း၊ ရှမ်းတို့ကို သီးခြားစီခွဲခြား အုပ်ချုပ်ခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။  နာဂဒေသနဲ့ 'ဝ' ဒေသတွေကို နယ်ခြားဒေသထဲ ထည့်ထားပြီး သီးခြားအုပ်ချုပ်ရေး ထားရှိပါတယ်။ ပြည်မထဲမှာပါတဲ့ လူမျိုး လေးမျိုးမှာ အခွင့်အရေးအရဆုံးက ကရင်ပါ။ ဘုရင်ခံရဲ့ ဥပဒေပြုရေးစနစ်မှာ အမြဲတမ်း နေရာပေးထားပါတယ်။ မွန်နဲ့ ရခိုင်ကို အတန်အသင့် အခွင့်အရေးပေးပေမယ့် ဗမာကိုတော့ လုံး၀ဖိနှိပ်ထားတာပဲ ဖြစ်ပါတယ်။ ဥပဒေပြုရေးအတွက် ဗမာနဲ့အတူတူ သတ်မှတ်အရေ အတွက် အတိုင်း အရွေးချယ်ခံလို့ ရပါတယ်။ ကချင်၊ ကယား၊ ချင်းနဲ့ ရှမ်းတို့ကိုတော့ သူ့သဘာ၀ အုပ်ချုပ်မှုအတိုင်း အဆောင်အယောင်တွေ ပေးထားပြီး ကိုယ်စားအုပ်ချုပ်စေခဲ့တာပါ။ ပြည်မအတွင်းမှာ ဒီလို သွေးခွဲထားတဲ့ အတွက် ကြာလာတာနဲ့အမျှ ဗမာနဲ့ ကျန်တိုင်းရင်းသားတွေကြားမှာ၊ တိုင်းရင်းသားအချင်းချင်းကြားမှာ ချစ် ကြည်ရင်းနှီးမှုဆိုတာ နည်းပါးလာခဲ့တာပဲဖြစ်ပါတယ်။ 
    လွတ်လပ်ရေးပေးဖို့ အင်္ဂလိပ်ကနယ်ခြား တောင်းတန်းဒေသနဲ့အတူ လွတ်လပ်ရေးယူဖို့ ဆွေးနွေးစေခဲ့ပါတယ်။ အင်္ဂလိပ်ရဲ့ နောက်ဆုံး ယုတ်မာသွေးထိုးမှုက ဒီနေရာမှာ အထင်အရှားတွေ့ ရမှာဖြစ်ပါ တယ်။ အမှန်က ဘာမှဆွေးနွေး ညှိနှိုင်းစရာကိုမလိုဘဲ လွတ်လပ်ရေးပေးရမှာပါ။ အင်္ဂလိပ်ကိုလိုနီအုပ် ချုပ်ရေးမှာ တိုင်းရင်းသားဒေသတွေအတွက် ပုံစံနှစ်မျိုး ရှိပါတယ်။ အင်္ဂလိပ်စနစ်မှာ လက်အောက်ကို လုံးလုံးကျရောက်သွားတဲ့နယ်မြေနဲ့ စာချုပ်ချုပ်၍ ကာကွယ်ထားတဲ့ နယ်မြေအဖြစ် ခွဲခြားသတ်မှတ်ထားတာ ရှိပါတယ်။ အိန္ဒိယကို သိမ်းတုန်းက အိန္ဒိယ မဟာရာဂျာ လက်အောက်မှာ မရှိ ခဲ့တဲ့နယ်မြေတွေကို ဗြိတိသျှအစိုးရက အိန္ဒိယမင်းသားတွေနဲ့ စာချုပ်ချုပ်ဆိုပြီး ကာကွယ်ထားတဲ့ နယ်မြေအဖြစ် သတ်မှတ် ထိန်းသိမ်းထားတာတွေ ရှိပါတယ်။ အဲဒီနယ်မြေတွေကို Protectorates နယ်မြေတွေလို့ ခေါ်ပါတယ်။ အဲဒီနယ် မြေတွေမှာ ခန့်တဲ့ ဗြိတိသျှဝန်ထမ်းတွေကို Resident ၊ Assistant Resident  လို့ခေါ်ပါတယ်။ 
    မြန်မာနိုင်ငံအတွင်းရှိ အင်္ဂလိပ်သိမ်းပိုက်ခဲ့တဲ့ နယ်မြေတွေဟာ မြန်မာဘုရင်ပိုင်နယ်မြေတွေသာ ဖြစ်ပါတယ်။ ကရင်နီနယ်မြေ(ယခုကယားပြည်နယ်)ကိုသာ မင်းတုန်းမင်းလက်ထက်မှာ အင်္ဂလိပ်နဲ့ လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုပြီး လွတ်လပ်သော ပြည်နယ်အဖြစ် သတ် မှတ်ခဲ့တာပါ။ ဒါကလည်း အရင်က မြန်မာမင်း အပိုင်နယ်မြေကို အင်္ဂလိပ်နဲ့ စည်းခြားဖို့အတွက် သတ်မှတ်ခဲ့တဲ့သဘောပဲ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံကို သိမ်းပြီးနောက် ဗြိတိသျှတို့က သူတို့အစိုးရကို လက်ခံတဲ့ ရှမ်းစော်ဘွားတွေကို စာချွန်တော်ပေးပြီး ပြန်လည် ခန့်အပ်ထားတာပဲ ဖြစ်ပါတယ်။ စာချုပ်ချုပ်ထားတဲ့ ရင်ခွင်ပိုက် နယ်မြေ (Protectorate) မဟုတ်ပါဘူး။ 
    ဒီလိုမြန်မာမင်းအပိုင် ရှမ်းပြည်နယ်အပါအဝင် နယ်မြေတွေကို အင်္ဂလိပ်သိမ်းပြီးတဲ့အခါ ဗြိတိသျှ နယ်မြေတွေ ဖြစ်သွားတဲ့အတွက် အဲဒီနယ်မြေတွေမှာခန့်တဲ့ ဗြိတိသျှဝန်ထမ်းတွေကို Superintendent ? Assistant Superintendent လို့ခေါ်ပါတယ်။ ဂျပန်တွေ မြန်မာပြည် ကိုသိမ်းတဲ့အထိ ဒီအတိုင်းပဲ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ဂျပန်တွေ ပြန်ထွက်သွားတဲ့အခါ ဗြိတိသျှတို့ တစ်ဖန် ပြန်လည်အုပ်ချုပ်ပါတယ်။ အဲဒီအချိန်ဟာ ခေတ်စနစ်အရ ကိုလိုနီနယ်မြေတွေကို လွတ်လပ်ရေးပေးရတော့မယ့် အခြေအနေပဲဖြစ်ပါတယ်။ ဒီလိုအခြေအနေအရ မြန်မာပြည်ကိုလည်း လွတ်လပ်ရေးပေးရတော့မှာ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ အထက်မှာပြောခဲ့တဲ့ မြန်မာဘုရင်ပိုင်နယ်မြေတွေဖြစ်တဲ့ နယ် ခြားဒေသနဲ့ ရှမ်းပြည်နယ်မှာ ခန့်အပ်ထားတဲ့ ဗြိတိသျှဝန်ထမ်းတွေကို Superintendent အစား Resident လို့ပြောင်းလဲခေါ်ဝေါ်ခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ ဒါဟာ ဘာသဘောလဲဆိုရင် နယ်ခြားဒေသနယ်မြေတွေဟာ မြန်မာဘုရင်ပိုင်နယ်မြေတွေ မဟုတ်ဘဲ Protectorate နယ်မြေအဖြစ် အဆင့်မြှင့်တင် သွေးခွဲပေးခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီအတွက် ပင်လုံညီလာခံ ကျင်းပပြီး ညှိနှိုင်းခဲ့ကြရတာပဲ ဖြစ်ပါတယ်။ 
    ဒီအခြေအနေကိုကြည့်ရင် ဗြိတိသျှတို့က လွတ်လပ်ရေးမပေးခင်ရော၊ ပေးခါနီးမှာပါ သွေးခွဲခဲ့တာ၊ ရန်တိုက်ပေးခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ ပြည်မအတွင်းမှာ လက်ဝဲအားသန်တဲ့ ဗမာနဲ့ လူမျိုးရေးအားသန်တဲ့ လက်ယာတိုင်းရင်းသားတွေကို အခွင့်အရေးပေးပြီး  အတူထားခဲ့တာ။ လွတ်လပ်ရေးပေးခါနီးမှာ ကရင်တွေကို သီးခြားနယ်မြေသော်လည်းကောင်း၊ အခွင့်အရေးသော် လည်းကောင်း ပေးခဲ့ခြင်းမရှိတော့ ဘဲ ကရင်တွေဟာ ဗြိတိသျှတို့ရဲ့ မဟာမိတ်ဖြစ်တယ်ဆိုပြီး နန်းရင်းဝန် အက်တလီ ကိုယ်တိုင်ကပင် စူးထိုးပေးခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီသ ဘောက ဘာလဲဆိုတော့ မင်းတိုက်ရင် မင်းဘက်က ငါရှိ မယ်ဆိုတဲ့သဘောပဲ ဖြစ်ပါတယ်။ ဒီလို စူးထိုးပေးခဲ့တဲ့ အပြင် နောက်စူးတစ်ချောင်းက လွတ်လပ်ရေးပေး ခါနီးမှာ လက်ဝဲအယူအဆကို အခြေခံပြီး တိုင်းပြည်ထူထောင်လိုသူ ဗမာတွေနဲ့ ပဒေသရာဇ်စိတ် မပျောက်အောင် အသက်သွင်းထားပေးခဲ့တဲ့ တိုင်းရင်းသားတွေကို မလိုအပ်ဘဲ တွေ့ဆုံဆွေးနွေးစေခဲ့တာ ပဲ ဖြစ်ပါတယ်။ မဟုတ်ရင်လည်း မဆွေးနွေးဘဲတင်းထားရင် အဲဒီဒေသတွေကို စည်းရုံးပြီး ဓနသဟာယထဲထည့်ဖို့ ရည်ရွယ်ထားပုံရပါတယ်။ ဒါတွေကိုကြည့်ရင် လွတ်လပ်ရေး မရခင်ကတည်းက မကွဲအောင် အတော်သတိထားရမယ့် အခြေအနေဆိုတာ ရှင်းရှင်းလင်းလင်း တွေ့ရမှာဖြစ်ပါတယ်။ 
    လွတ်လပ်ရေးရပြီးနောက်မှာ ဒီပြဿနာတွေဟာ အစပျိုးလာတာ တွေ့ရမှာဖြစ်ပါတယ်။ လူမျိုးစု ရှစ်စုအတွင်းမှာ အားလုံးနီးပါးပြဿနာရှိခဲ့တာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် လွတ်လပ်ရေးရခါစမှာ ဖြစ်ခဲ့တဲ့ လက်နက်ကိုင်လမ်းစဉ်ပြဿနာတွေက ဗမာနိုင်ငံရေး အကွဲအပြဲလို့ ခေါ်နိုင်တဲ့ ဗကပ ပြဿနာနဲ့ ကရင်၊ မွန်၊ ရခိုင်လက်နက်ကိုင်ပြဿနာတွေပဲ ဖြစ်ပါတယ်။ လူမျိုး ၁၃၅ မျိုးထဲမှာ ရှမ်းပြည်နယ်အတွင်း မှာ 'ဝ'၊ ကိုးကန့်၊ ပအိုဝ်း၊ လားဟူ၊ အခါတို့ လက်နက်ကိုင်လမ်းစဉ်ကို အစပျိုးနေကြပြီ ဖြစ်ပါတယ်။ အဓိကပြဿနာက ရှမ်းစော်ဘွားတော်လှန်ရေးနဲ့ လူသားတန်းတူအခွင့်အရေးပါ။ ဒါကြောင့်လည်း တော်လှန်ရေးကောင်စီ လက်ထက်မှာ ကျွန်စနစ်ဖျက်သိမ်းပြီး နိုင်ငံသားအားလုံး တန်းတူအခွင့်အရေးပေးခဲ့ တာပဲ ဖြစ်ပါတယ်။ 
    လွတ်လပ်ရေးရပြီး မကြာခင်မှာဘဲ တိုင်းရင်းသားအရေးကိုကြည့်ရင် လူမျိုးစုရှစ်စုကို အခြေမခံ တော့ဘဲ သီးခြားဖြစ်တည်မှုကို အလိုရှိကြတာ တွေ့ရမှာဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ အသိဉာဏ် ဗဟုသုတ ဖွံ့ဖြိုးလာတာနဲ့အမျှ တိုင်းရင်းသားအသီးသီးမှာ အမြင်အမျိုးမျိုး၊ အယူအဆအမျိုးမျိုး ရှိလာနေကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါတွေဟာ အခြေခံအားဖြင့် လူမျိုးစုရှစ်စုကတစ်ဆင့် တည်ဆောက်မယ့် ဖက်ဒရယ်အရေးထက် ပိုမိုစဉ်းစားရတော့မယ့် အခြေအနေလို့ ဆိုရမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဆိုတာတွေ ထည့်သွင်းသတ် မှတ်ပေးရတာပဲ ဖြစ်ပါတယ်။ ဒေသအလိုက် အစိုးရတွေ၊ လွှတ်တော်တွေ ပေါ်ပေါက်လာတာဟာ လက်နက်ကိုင်လမ်းစဉ် ကြောင့် တိုင်းပြည် တိုးတက်သင့်သလောက် မတိုးတက်တဲ့ အခြေအနေကို လက်နက်ကိုင်လမ်းစဉ် စွန့်ပြီး နိုင်ငံရေးဘောင် ကျယ်စေလိုတဲ့ သဘောပဲ ဖြစ်ပါတယ်။ 
    ဒီလောက်နဲ့ မလုံလောက်သေးရင်၊ လက်မခံနိုင်သေးရင် လက်နက်နဲ့တိုက်ခိုက်နေကြမယ့်အစား ထပ်မံဆွေးနွေးဆုံးဖြတ်ကြရမှာပဲ ဖြစ်ပါတယ်။ ဒါမှသာ ပြည်ထောင်စုအတွက်၊ ပြည်သူတွေအတွက် ခံသာမှာပဲ ဖြစ်ပါတယ်။ ဒီမြေ၊ ဒီရေ၊ ဒီအသိုင်းအဝိုင်းမှာ နေကြရင် ဒီမြေ၊ ဒီရေ၊ ဒီအသိုင်းအဝိုင်းအကျိုးအတွက် အတူတကွ ဝိုင်းဝန်းစဉ်းစား ဖြေရှင်းကြရမှာ ဖြစ်ပါတယ်။ ကိုယ်ကျိုး အတ္တတွေ၊ လူမျိုးရေးအစွန်း ရောက် အတွေးအခေါ်တွေကို စွန့်ကြဖို့လိုပါတယ်။ ဒီလွတ်လပ်ရေးနေ့မှာ အရင်က လွှတ်တော်တွေ၊ ဘာတွေတက်ခဲ့တဲ့ တိုင်းရင်းသား နိုင်ငံရေးသမား အခုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှာ ပါဝင်နေတဲ့ တိုင်းရင်းသားတစ်ယောက်က လွတ်လပ်ရေးနေ့ကို ဘာပြောလဲဆိုတော့ "တိုင်းရင်းသားတွေဟာ အင်္ဂလိပ် လက်အောက်က လွတ်လပ်ရေးရခဲ့တဲ့နေ့ဟာ ဗမာလက်အောက်ကို ရောက်တဲ့နေ့ပဲ ဖြစ်ပါတယ်"လို့ ဆို ထားတာ စိတ်မကောင်းစွာ တွေ့လိုက်ရပါတယ်။ ဒီလို စိတ်ထားတွေမပြောင်းသမျှ၊ လူမျိုးရေးသွေးထိုး နေသမျှ တည်ငြိမ်အေးချမ်း ခေတ်မီဖွံ့ဖြိုးတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဘယ်တော့မှ ဖြစ်လာမှာမဟုတ် ဘူးဆိုတာ သုံးသပ်မိပါတယ်။ မိမိတို့ပြည်ထောင်စုမှာ လူမျိုးရေးကို မစဉ်းစားဘဲ တစ်ဦးချင်း နိုင်ငံသား အခွင့်အရေးကိုကြည့်ရင် တိုင်းရင်းသားနိုင်ငံသားအားလုံး တန်းတူပါ။ ဒီစိတ်မထားနိုင်သမျှ၊ ကိုယ်ကျိုး အတ္တတွေကို မစွန့်နိုင်သမျှ ရွှေပြည်တော်ကို ရောက်လာဖို့ ဝေးနေဦးမှာပဲ ဖြစ်ပါတယ်။ 
    ဒီနေရာမှာ တစ်ခုသတိရစဉ်းစားမိတယ်။ အဲဒီလိုသာဆို ဘယ်လိုများ ဖြစ်မလဲပေါ့နော်။ ဗြိတိသျှတွေ ကိုတိုက်ထုတ်ပြီး ဂျပန်ခေတ်အုပ်ချုပ်ရေးမှာ နယ်မြေဒေသ သတ်မှတ်အုပ်ချုပ်တဲ့ပုံစံကို သတိရမိတာပါ။ မြန်မာနိုင်ငံကို မဇ္ဈိမတိုင်း(ပုသိမ်)၊ ဒက္ခိဏတိုင်း(ရန်ကုန်)၊ ဥတ္တရတိုင်း(မန္တလေး)၊ ကမ္ဘောဇတိုင်း (တောင်ကြီး)ဆိုပြီး တိုင်းကြီးလေးတိုင်းခွဲပြီး လက်အောက်မှာ ခရိုင်အလိုက်၊ မြို့နယ်အလိုက် ဆင့်ကဲဆင့် ကဲ ဖွဲ့စည်းအုပ်ချုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီလိုမျိုးသာ လွတ်လပ်ရေးရတုန်းက ဖွဲ့စည်းခဲ့ကြရင် လူမျိုးရေးဆိုတာတွေများ ပျောက်သွား မလားပေါ့နော်။ စဉ်းစားမိတာပါ။ အမှန်ကတော့ အခုချိန်ထိ ခိုင်မာတဲ့ စနစ်နဲ့ တည်ငြိမ်အေးချမ်းမှု မရှိသေးတဲ့အပေါ်မှာ အတွေးနယ်ချဲ့မိတာပဲ ဖြစ်ပါတယ်။ လက်ရှိ ဖြစ်တည် လာခဲ့တဲ့ အခြေအနေတွေအရ လက်တွေ့ကျကျ စဉ်းစားကြည့်ရင် ပြည်ထောင်စုအကျိုးအတွက် လက် နက်နဲ့ ဖြေရှင်းနေကြမယ့်အစား ဆွေးနွေးညှိနှိုင်းခြင်း နည်းလမ်းသည်သာ ကမ္ဘာ့အမြင်မှာ တင့်တယ်သလို တိုင်းရင်းသား ပြည်သူအားလုံးအတွက် အေး ချမ်းတည်ငြိမ်စွာ နေထိုင်လုပ်ကိုင်နိုင်ကြမှာ ဖြစ်ပါတယ်။ 
    မကြာမီမှာ ရွေးကောက်ပွဲကတစ်ဆင့် ရွေးချယ်ခံအစိုးရနဲ့ လွှတ်တော်အသီးသီး ပေါ်လာတော့မှာ ဖြစ်ပါတယ်။ အဲဒီအခါမှာ ဆွေးနွေးညှိနှိုင်းရေးလမ်းကြောင်းကတစ်ဆင့် ပြည်ထောင်စုအရေးကို တည် ဆောက်ကြပါလို့ Stakeholder များနဲ့ တိုင်းရင်းသားပြည် သူများအားလုံးကို တိုက်တွန်းအပ်ပါတယ်။  (ဇော်နိုင်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ် ( ၅၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 27

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59680

© 2022 - 2026 News. All Rights Reserved.