၂၀၂၅ ၊ နိုဝင်ဘာ ၂၉
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်က အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်ထဲမှာ အကြမ်းဖက် လက်နက်ကိုင်တပ် ဖွဲ့ AA နှစ်ဦးကို ရူပီး ၂၆ ကုဋေကျော် (အမေရိကန် ဒေါ်လာ ၂ ဒသမ ၉၃သန်း) တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိတယ်ဆိုတဲ့ သတင်းတစ်ပုဒ်ကို အိန္ဒိယဒေသတွင်း သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ ဖတ်မိလိုက်တယ်။ သူတို့ရဲ့ သတင်းဖော်ပြချက်တွေ အရတော့ ခိုင်လုံသောသတင်းအရ အိန္ဒိယနယ်စပ်လုံ ခြုံရေးတပ်ဖွဲ့နဲ့ မီဇိုရမ်ပြည်နယ် မူးယစ်တိုက်ဖျက်ရေး ပူးပေါင်းအဖွဲ့တို့ ပူးပေါင်းပြီး အိုင်ဇောလ်ခရိုင်ထဲက ဆီလင်းနဲ့ တူရီရယ်အကြား အမှတ် (၆) အဝေးပြေးလမ်းမပေါ်မှာ အထူးစစ်ဆင်ရေး ဆောင်ရွက်ခဲ့တယ်လို့ ဆို တယ်။ အကြမ်းဖက်တပ်ဖွဲ့ AA တပ်သားနှစ်ယောက် သယ်ဆောင်လာတဲ့ စိတ်<ကဆေးပြား ၁၅ ထုပ်၊ ဘိန်းဖြူ ၇၀၇ ဂရမ်ပါတဲ့ မူးယစ်ကုန်ကူးမှုက အိန္ဒိယ ရူပီး ၂၆ ကုဋေ တန်ဖိုးရှိတယ်ဆိုတော့လည်း အကြမ်း ဖက် AA အနေနဲ့ ဒေသတွင်းနိုင်ငံတွေကို အကြိမ်ဘယ်လောက် များများ ပို့ဆောင်ပေးပြီးပြီလဲဆိုတဲ့ မေးခွန်းကလည်း ရှိလာခဲ့တယ်။ ပိုဆိုးတာက အကြမ်းဖက် AA ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်ရဲ့ ပလက်ဝဒေသက အိန္ဒိယနိုင်ငံရဲ့ မီဇိုရမ်ပြည်နယ်နဲ့ ပထဝီအနေအထားအရ တိုက်ရိုက် ဆက်စပ်နေတဲ့ အခြေအနေကလည်း ခုလို အခြေအနေမျိုး ဖြစ်လာအောင် တွန်းအားပေးနေသလို ရှိနေခဲ့တာလည်း တွေ့ရတယ်။
နိုဝင်ဘာ ၅ ရက်က အစိုးရရဲ့ သတင်းထုတ်ပြန်ချက်မှာ ရခိုင်ပြည်နယ်နဲ့ မလေးရှားနိုင်ငံကို ပို့ဆောင်မယ့် ကျပ် ၁၂၀ ဘီလီယံတန်ဖိုးရှိတဲ့ အိုက်စ် ၄၀၀၀ ကီ လိုဂရမ်၊ အကြမ်းဖက် AA ထောက်ပို့ တာဝန်ခံ ခင်ထွန်းအပါအဝင် တရားခံ ၂၄ ဦး၊ လက်နက်ခဲယမ်းနဲ့ ကုန်တင်သင်္ဘောနှစ်စင်းကို ဖမ်းဆီး ရမိခဲ့တယ်ဆိုတဲ့ သတင်းကလည်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲက ဖမ်းဆီးရမိခဲ့တဲ့ သတင်းနဲ့ ဆက်စပ် လိုက်ရင် အကြမ်းဖက် AA အနေနဲ့ လိုအပ်တဲ့ လက်နက်ခဲယမ်းတွေ ဝယ်ယူနိုင်ဖို့ မူးယစ်ဆေးဝါးကို အဓိက ကုန်ပစ္စည်းလိုမျိုး သဘောထားပြီး မူးယစ်ကုန်ကူးနေတယ်ဆိုတဲ့အချက်က ပေါ်လွင်ခဲ့တယ်။
တရားခံတွေရဲ့ စစ်ဆေးမေးမြန်းချက်နဲ့ ကွင်းဆက်ဖော်ထုတ်မှုတွေကို ဆက်စပ်ကြည့်လိုက်မယ်ဆိုရင်လည်း ဒီမူးယစ်ဆေးဝါးတွေ ထွက်ပေါ်လာတဲ့ လမ်းကြောင်းက ရှမ်းပြည်နယ် လွိုင်လင်ခရိုင် ကျေးသီးမြို့နယ် ဝမ်ဟိုင်းဘက်ကလာတဲ့ မူးယစ်ဆေးဝါးတွေ ဖြစ်နေတယ်ဆိုတဲ့အချက်ကလည်း သိသာ ထင်ရှားစေတယ်။ သဘောကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်တဲ့ဒေသကနေ မူးယစ်ဆေးဝါးတွေ ထွက်နေသလို ဒီတိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း ချိတ်ဆက်မှုကနေ လိုအပ်တဲ့ရန်ပုံငွေနဲ့ လက်နက်ခဲယမ်းတွေကို ဝင်ငွေရလမ်း လွယ်ကူတဲ့ မူးယစ်ကုန်ကူးမှုကနေ ဖြည့်တင်း နေတာဖြစ် တယ်လို့ ယူဆရမှာဖြစ်တယ်။ ဒီလိုယူဆရ တယ်ဆိုတာကလည်း တပ်မတော်နဲ့ လပေါင်းများစွာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေရဲ့ လက်နက်ခဲယမ်း လိုအပ်ချက်တွေကို အကြမ်းဖက် AA အနေနဲ့ ဘယ်ကရလာတဲ့ငွေ ကြေးနဲ့ ဖြည့်တင်းနေတာလဲ ဆိုတာကလည်း စိစစ်တွေး ကြည့်ရင် သိသာစေတယ်။ အကြမ်းဖက် AA ရဲ့ အဓိက ဝင်ငွေလမ်းကြောင်းက ဒေသတွင်းနိုင်ငံတွေကို မူးယစ်ဆေးဝါး မှောင်ခိုတင်သွင်း ရောင်းဝယ် ဖောက်ကားခြင်းကနေပဲ ရှာဖွေရယူနေတာဖြစ်သလို ဒီလိုလမ်းကြောင်း ဖြစ်ပေါ်စေဖို့အတွက်လည်း မီဇိုရမ်နဲ့ ချိတ်ဆက်နိုင်တဲ့ ချင်းပြည်နယ်ထဲက ပလက်ဝကို ဒေသခံပြည်သူတွေရဲ့ သဘောထားဆန္ဒမပါဘဲ အတင်းအကျပ် အဓမ္မထိန်းချုပ်ထားတာလည်း ဒီအကြောင်းတရားတွေကို အဓိကအခြေခံတာ တွေ့ရတယ်။
မူးယစ်ဆေးဝါးနဲ့ပတ်သက်ရင် နိုင်ငံတော်အတွက် အဓိက သတိပြုဖို့ကောင်းတာက ပူပူနွေးနွေးအနေနဲ့ France 24 သတင်းဌာနကနေ ဖော်ပြလာခဲ့တဲ့ ရွှေတြိဂံဒေသရဲ့ မူးယစ်ကုန်သည်တွေ ဖြန့်ကြက်နေတဲ့ ရုပ်သံရိုက်ကူးမှုကို မကြာသေးခင်ကပဲ ထုတ်လွှင့်ခဲ့တာလည်း တွေ့မိတယ်။ သတင်းရိုက်ကူးတင်ဆက်မှုအရ မြန်မာဘက်ခြမ်းတောထဲမှာ မက်သာဖက်တမင်းနဲ့ ကက်သမင်းတွေ လျှို့ဝှက်ထုတ်လုပ်နေသလို လာအိုဘက်ခြမ်းမှာတော့ တရုတ်သူဌေးတွေ မြို့တည်ပြီး ချမ်းသာနေမှု အပါအဝင် ဒေသခံဖြစ်တဲ့ ရှမ်းလူမျိုးတွေကတော့ မူးယစ်ဆေးဝါး ကျေးကျွန်တွေ ဖြစ်နေကြပြီဆိုပြီး ရိုက်ကူးတင်ဆက်ခဲ့တာ ဖြစ်တယ်။ ကမ္ဘာ့နိုင်ငံရေးမှာ အစိုးရတစ်ရပ် အပြောင်းအလဲဖြစ်စေဖို့အထိ ရည်ရွယ်ခဲ့တဲ့ ဗင်နီဇွဲလား အရေးမှာ အမေရိကန်အစိုးရအနေနဲ့ နိုင်ငံတစ်နိုင်ငံကို စစ်ရေးနဲ့ နိုင်ငံရေးအရ ကျူးကျော်မှု ပြုလုပ်နိုင်ဖို့ မူးယစ်ဆေးဝါးကိုပဲ အကြောင်းပြခဲ့တာက သင်ခန်းစာယူရမှာ ဖြစ်တယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ ရွှေကုက္ကို၊ KK Park နဲ့ ကျောက်ခတ်ဒေသက ကျားဖျန့်အရေး ကိစ္စမှာလည်း တရုတ်ရာဇဝတ်ဂိုဏ်းတွေအနေနဲ့ မြန်မာကိုအခြေပြုပြီး အမေရိကန်လူမျိုးတွေကို တိုက်ခိုက်နေတယ်ဆိုတဲ့ ပုံရိပ်မျိုးနဲ့ ကွန်ဂရက်အစည်း အဝေးတွေမှာ ဖော်ပြနေတာကလည်း သတိထားဖို့ ကောင်းတယ်။ ဆိုတော့ အစိုးရအနေနဲ့ ဝမ်ဟိုင်းဘက် ကထွက်နေတဲ့ မူးယစ်ဆေးဝါးတွေ၊ ဒီမူးယစ်းဆေးဝါးတွေကို ဖြန့်ဖြူးနေတဲ့ အကြမ်းဖက် AA ရဲ့လုပ်ရပ် တွေကို အချိန်မီ ကြပ်မတ်ထိန်းကျောင်းနိုင်ဖို့ အရေးကြီးတယ်။ အစိုးရအနေနဲ့ ဒီဒေသတွေကို အုပ်ချုပ်ရေးအရ လွှမ်းမိုးမှု မရှိနိုင်သေးခင်မှာ ဒီပြဿနာတွေရဲ့ဇာစ်မြစ်က ဒေသခံလက်နက်ကိုင်တိုင်းရင်းသားတွေရဲ့ လုပ်ဆောင်မှုပုံရိပ် ကွင်း ဆက်တွေကို နိုင်ငံတကာက သိမြင်နိုင်စေဖို့ စဉ်ဆက်မပြတ် ပုံဖော်ပြသ နိုင်ဖို့ အရေးကြီးတယ်။
မူးယစ်ဆေးဝါးနဲ့အပြိုင် ရှော့ခ်ဖြစ်စေတဲ့ နောက်ထပ်သတင်းတစ်ပုဒ်က ဖိလစ်ပိုင်နိုင်ငံ ဘမ်ဘန် မြို့လေးရဲ့ မြို့တော်ဝန်ဟောင်း အဲလစ်ဂူကို လူကုန်ကူးမှုနဲ့ ကျားဖျန့်အရေး ပါဝင်ပတ်သက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖိလစ်ပိုင်တရားရုံးက နိုဝင်ဘာ ၂၀ ရက်မှာ ထောင်ဒဏ်တစ် သက် ချမှတ်ခဲ့တာလည်း တွေ့လိုက်ရတယ်။ တရုတ်နိုင်ငံသားဖြစ်သလို ဂူဟွာဖင်းဆိုတဲ့ သူက ဖိလစ်ပိုင်မှာ မွေးစာရင်းနဲ့ မှတ်ပုံတင် အထောက်အထားအတုလုပ်ခဲ့ပြီး 'အဲလစ်ဂူ'ဆိုတဲ့ အမည်နဲ့ မြို့ တော်ဝန်ရာထူးအထိပါ ရရှိခဲ့တာကတော့ ကျားဖျန့်လုပ်ငန်းရဲ့ ကြီးကျယ်မှုနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ အဂတိလိုက်စားမှုအခြေအနေ ဆိုးရွားမှုကို မီးမောင်းထိုးပြခဲ့တာ ဖြစ်တယ်။ ဖိလစ်ပိုင်နိုင်ငံ လူဇွန်ပြည်နယ်ထဲက ဘမ်ဘန်မြို့ထဲမှာ ကျားဖျန့်လုပ်ငန်း ဝင်ရောက် စီးနင်းမှုကနေ နိုင်ငံခြားသား ၇၀၀ ကျော် ဖမ်းဆီးရမိခဲ့တာရှိသလို အသက် (၁၂) နှစ်အရွယ် ကတည်းက ရောက်ရှိလာခဲ့တဲ့ အဲလစ်ဂူကလည်း ဖိလစ်ပိုင်နိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ်ထဲကို အလွယ်တကူ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တဲ့ ပြဿနာကလည်း အတော်လေးရိုက်ခတ်မှု ကြီးမားတာ တွေ့ရတယ်။ ကမ္ဘောဒီးယားနိုင်ငံသား ခံယူထားသလို တရုတ်နိုင်ငံက အလိုရှိတဲ့ ရှီကျင့်ကျန်းအပါအဝင် ဖိလစ်ပိုင်နိုင်ငံ သား ခံယူထားတဲ့ မြို့တော်ဝန်ဟောင်း အဲလစ်ဂူရဲ့ လုပ်ရပ်ကလည်း ဒီကျားဖျန့်လုပ်ငန်းတွေရဲ့နောက် ကွယ်မှာ ကြီးမားတဲ့ရည်ရွယ်ချက်တွေ ရှိနေသေးသလား ဆိုတာကိုတော့ သေချာပေါက် စိစစ်ဖော်ထုတ် သင့်တာလည်း တွေ့ရတယ်။
ဖိလစ်ပိုင်နည်းတူ နိုင်ငံတွင်းဝန်ထမ်းတွေရဲ့ အဂတိနဲ့ပတ်သက်ပြီး နောက်ထပ်မေးခွန်း ထုတ်ခံရ တာကတော့ ထိုင်းနိုင်ငံဖြစ်လာခဲ့တယ်။ ထိုင်းနိုင်ငံရဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့(ACT)ဥက္ကဋ္ဌ ဒေါက်တာ မာနာနီမစ်မွန်ကူးလ်ကလည်း ထိုင်းနိုင်ငံရဲ့ဝန်ကြီးတွေ၊ လွှတ်တော်အမတ်တွေနဲ့ ရဲအရာရှိပေါင်း ၂၀၀ ကျော်ဟာ ကျားဖျန့်၊ အွန်လိုင်းလောင်းကစားနဲ့ ငွေကြေးခဝါချမှု လုပ်ငန်းတွေမှာ လာဘ်ငွေ တွေရယူပြီး ကာကွယ်မှုတွေ ပေးထားတာကြောင့် အကြီးစားရာဇဝတ်သားတွေကို ဖမ်းမိရရှိခြင်း မရှိဘူးဆိုပြီး သူ့ရဲ့လူမှုကွန်ရက်ကနေ ပြောသွားခဲ့တာလည်း တွေ့လိုက်ရတယ်။ တကယ်တော့ ဒေါက်တာမာနီ ပြောခဲ့သလို မြန်မာဘက်ကို ရောက်လာတဲ့ နိုင်ငံခြားသား တွေအားလုံးဟာ ထိုင်းနိုင်ငံ ကတစ်ဆင့် ဗီဇာလိမ်လည်ရယူပြီး ခေါ်သွင်းခဲ့တာဖြစ်သလို ကမ္ဘောဒီးယား ကျားဖျန့် သူဌေးတွေဖြစ်ကြ တဲ့ Kok An နဲ့ Ly Young Phant တွေကို ထိုင်းနိုင်ငံသားအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့တာကလည်း အဆင့်ဆင့်သော ဝန်ထမ်းတွေရဲ့ အဂတိလိုက်စားထားမှုအချက်ကို ပေါ်လွင်စေခဲ့တယ်။
မြန်မာနိုင်ငံအစိုးရကတော့ ကျားဖျန့်နဲ့ပတ် သက်ပြီး နာမည်ကြီးနေတဲ့ ရွှေကုက္ကိုနဲ့ KK Park နေရာ တွေမှာ အဖွဲ့စုံပါဝင်တဲ့ ပူးပေါင်းစစ်ဆေးရေးအဖွဲ့တွေနဲ့ နယ်မြေရှင်းလင်းမှုတွေ ဆောင်ရွက်နေတယ်ဆိုပြီး ကြေညာထားတယ်။ အစိုးရရဲ့ သတင်းအဖွဲ့ပြန်ကြားရေး ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းရဲ့ ပြောကြားချက်မှာတော့ "ဒီလုပ်ငန်းတွေရဲ့ ဇာစ်မြစ်ဟာ တိုင်းရင်းသား လက်နက်ကိုင် EAOs? KNU? KNLA အဖွဲ့၊ NCA လက်မှတ်ရေးထိုးထားတဲ့ EAOs အဖွဲ့အချို့နဲ့ နယ်ခြားစောင့် တပ်ဖွဲ့အမည်ခံ လက်နက် ကိုင်တပ်ဖွဲ့တွေက အသီးသီး ပါဝင်ပတ်သက်ခဲ့တာ ဖြစ်တယ်"လို့ ထုတ်ဖော်ပြောကြားထားတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်အထိ KK Park နယ်မြေထဲက အွန်လိုင်းလောင်းကစားကျူးလွန်ရာမှာ အသုံးပြုခဲ့ကြတဲ့ အဆောက်အအုံ ၆၃၅ လုံးထဲက ၁၈၂ လုံးကို ဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်သလို ကျန်နေသေးတဲ့ ၄၅၃ လုံးကို လည်း ဆက်လက်ဖြိုချဖျက်ဆီးဖို့ ဆောင်ရွက်နေတယ်ဆိုပြီး အသိပေးထားတယ်။ ရွှေကုက္ကိုနယ်မြေကိုလည်း နိုဝင်ဘာ ၁၈ ရက်ကတည်းက နယ်မြေရှင်းလင်းမှုတွေ ဆောင်ရွက်နေသလို နိုင်ငံခြားသား ၄၀၅ ဦးကို လည်း စစ်ဆေးဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တာ တွေ့ရတယ်။ လက်ရှိအချိန်ထိ မြန်မာနိုင်ငံထဲကို တရား မဝင်ဝင်ရောက်ပြီး လောင်းကစားမှုတွေ ကျူးလွန်ခဲ့တဲ့ နိုင်ငံခြားသား ၁၀၁၆ ဦးအပါအဝင် အွန်လိုင်း လောင်းကစားတွေ ကျူး လွန်ရာမှာအသုံးပြုတဲ့ ကွန်ပျူတာ ၂၆၅၃ လုံးနဲ့ မိုဘိုင်း ဖုန်း ၂၁၇၅၀ ကိုလည်း တာဝန်ရှိသူတွေကိုယ်တိုင် ဖျက်ဆီးဆောင်ရွက်ခဲ့တာမျိုး လုပ်ခဲ့တယ်။ တကယ်တော့ ဒီဖြစ်စဉ်တွေအား လုံးကို ခြုံကြည့်လိုက်ရင် ဒီဒေသတွေကို လာလုပ်တာက တရုတ်နိုင်ငံသား အများစုတွေ ဖြစ်သလို လိုအပ်တဲ့ လျှပ်စစ်မီး၊ အင်တာနက်နဲ့ အခြေခံအဆောက်အအုံ လိုအပ်ချက်တွေအားလုံးက ထိုင်းကတစ်ဆင့်အများဆုံး ဝင်ရောက်ခဲ့တာ၊ ထောက်ပို့ခဲ့တာက ငြင်းမရတဲ့ အမှန်တရားဖြစ်တယ်။ နိုင်ငံတော် ယာယီသမ္မတကြီးပြောသလို အခွန်ကောက်စားဖို့ပဲ တွေးခဲ့သလို ပြည်ထောင်စုကို သစ္စာမရှိခဲ့တဲ့ လက်နက်ကိုင် တွေကြောင့် နိုင်ငံရဲ့ပုံရိပ်ဟာ နိုင်ငံတကာမှာ ကျားဖျန့်လုပ်ငန်းစု အခြေချတဲ့ တိုင်းပြည်ဆိုတဲ့ တံဆိပ်ဆိုး ကပ်ခံလိုက်ရတာ ဖြစ်တယ်လို့ သတ်မှတ်ရမှာဖြစ်တယ်။ ဒီလက်နက်ကိုင် တွေဆိုတာကလည်း တပ်မ တော်ရဲ့ ထိန်းချုပ်မှုအောက်မှာ အပြည့်အဝမရှိသလို NCA ထိုးထားပြီး ဒေသဖွံ့ဖြိုး ရေးဆိုတဲ့ခေါင်းစဉ်နဲ့ လုပ်ထုံးလုပ်နည်း မမှန်တဲ့ စီးပွားရှာမှုသက်သက်လို့သာ ပြောရမှာပါပဲ။ ဒါပေမဲ့လည်း အနောက်နိုင်ငံ တွေရဲ့ထုံးစံအတိုင်း ဖိအားပေးမှာကတော့ တပ်မတော်နဲ့ ဆက်စပ်တဲ့ BGF နဲ့ NCA ထိုးထားတဲ့ DKBA တွေကို KNU ထက်စာရင် ပိုပိုသာသာ လက်ညှိုးထိုးပြမှာကတော့ အရှိတရားလည်း ဖြစ်တယ်။ အမေရိကန်ရဲ့ ထုတ်ပြန်ချက်နဲ့ Sanction တွေက သာမန်အားဖြင့် ဂရုစိုက်စရာ မလိုဘူးဆိုပေမယ့် 'ဒါကို အကြောင်းပြ ပြီး နိုင်ငံရေးအရ ကစားလာမယ့်အခြေအနေမှာ အစိုးရနဲ့ နိုင်ငံတော်အတွက်ကတော့'နိုင်ငံတကာ အမြင်ရှင်း ဖို့ သေချာပေါက် အရေးကြီးတယ်။ လွှတ်တော်ပေါ်ပေါက်ပြီး အစိုးရသစ်တစ်ရပ်ထွက်ပေါ်လာမယ့် ရွေးကောက်ပွဲကလည်း ကျင်းပဖို့ ရက်အားဖြင့် မလိုတော့တဲ့အချိန်မှာ အပ်နဲ့ထွင်းရမယ့်ကိစ္စတွေက ပုဆိန်လောက်ပေါက်ရမယ့် ပုံစံမျိုးမဖြစ်လာစေဖို့ တင်းတင်းကျပ်ကျပ်တားမြစ်နိုင်ဖို့ မဖြစ်မနေ ကြိုးစားကြရ လိမ့်မယ်။ နိုင်ငံရေးမှာ တိုက်ဆိုင်တာမရှိဘူးဆိုတဲ့ ထုံစံအတိုင်း ဂျပန်ဝန်ကြီးချုပ်အသစ်ရဲ့ စကားလုံးကအစ ပြဿနာဖြစ်နေတဲ့ တရုတ်-ဂျပန် သံတမန်ရေးရဲ့ နောက်ကွယ်က ဇာတ်ညွှန်းတွေကလည်း အကဲဆတ်လွန်းတဲ့ တရုတ်(တိုင်ပေ)ပြဿနာကို တမင်မီးမွှေးနေသလို ဖြစ်နေတာကလည်း ထူးခြားတယ်။ ဆို တော့ ကျားဖျန့်ဇာတ်ညွှန်းတည်ပြီး ထိုင်းကိုရောက်လာတဲ့ အမေရိကန်ရဲ့ ကျားဖျန့်နှိမ်နင်းရေး ဇာတ်ကွက်တွေက မြန်မာ့ရွေးကောက်ပွဲကို အနှောင့်အယှက်မဖြစ်စေဖို့ လို အပ်တယ်လို့ တွေးလို့ရတယ်။
အချုပ်ဆိုရရင်တော့ ရွေးကောက်ပွဲမတိုင်မီနဲ့ ရွေးကောက်ပွဲအလွန်ကာလတွေမှာ ရခိုင်ပြည်နယ်က တစ်ဆင့် အကြမ်းဖက် AA ရဲ့ မူးယစ်ဆေးဝါးကုန်ကူးတဲ့ ပြဿနာ၊ ရှမ်းပြည်နယ်ထဲက မူးယစ်ဆေးဝါး ထွက်ပေါ်လာမှုနဲ့ ထိုင်း-မြန်မာနယ်စပ်က ကျားဖျန့် ပြဿနာတွေဟာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့ အစည်းတွေကို လက်နက်အင်အားထောက်ပံ့နိုင်ဖို့ တစ်ဖက်တစ်လမ်းက ရန်ပုံငွေရရှိစေသလို စစ်ရေး ပဋိပက္ခ ရှည် ကြာမှုကိုလည်း အထောက်အကူဖြစ်နေတာ အဓိကတွေ့မြင်ရတယ်။ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက် AA ရဲ့မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုကနေ ဘီလီယံနဲ့ချီပြီး ရှိနေသလို ဒီလုပ်ငန်း ကနေ အကြမ်းဖက် AA ကို စစ်ရေးရန်ပုံငွေ ရရှိစေခဲ့သလို ရခိုင်ပြည်နယ်လွတ်မြောက်ဖို့အထိ အ ထောက်အပံ့ဖြစ်စေခဲ့တယ်။ ဒီအချက်ကပဲ အစိုးရရဲ့ ရခိုင်ပြည်နယ် အုပ်ချုပ်ရေးယန္တရားလည်ပတ်ဖို့ အခက်အခဲဖြစ်စေသလို ဘင်္ဂါလီလူမျိုးစုနဲ့ ARSA လက်နက်ကိုင် တပ်ဖွဲ့ ပြဿနာကလည်း တဖြည်းဖြည်း ကြီးထွားလာတာက နောင်ပြည်ထောင်စုအရေးပြဿနာ ဖြစ်လာနိုင်တာ တွေ့ရတယ်။ ရွှေတြိဂံဒေသလို့ခေါ်တဲ့ ထိုင်း-မြန်မာ-လာအို နယ်စပ်ဒေသကလည်း မက်သာဖက်တမင်း ထုတ်လုပ်မှု ကမ္ဘာ့ထိပ်တန်း အဆင့်နေရာမှာ ရပ်တည်နေ တဲ့အချက်ကလည်း မြန်မာနိုင်ငံအစိုးရအပေါ် နိုင်ငံရေးအရ ထိုးနှက်ချက်ဖြစ် လာနိုင်တာ သတိပြုသင့်တယ်။ မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ ဖြန့်ဖြူးမှု အဓိကဖြစ်ပေါ် နေတဲ့ ရှမ်းပြည် နယ်ဟာ ဒေသတွင်းလက်နက်ကိုင်တွေအတွက် နှစ်စဉ် ဒေါ်လာဘီလီယံနဲ့ချီပြီး ရနေတဲ့အတွက် စစ်ပွဲကို ရှည်ကြာစေသလို ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမှုတွေကိုလည်း နှောင့်နှေးစေတယ်လို့ သုံးသပ်ရမယ်။ လက်ရှိထိပ် တန်းအဆင့် ဖြစ်နေတဲ့ကျားဖျန့် နှိမ်နင်းရေး ပြဿနာကလည်း အမေရိကန်နဲ့ တရုတ်တို့ရဲ့ နိုင်ငံရေးအရ ကစားကွင်းမဖြစ်အောင် ဂရုတစိုက်လုပ်နိုင်မှပဲ အဆင်ပြေလိမ့်မယ်။ တကယ်တော့ ထိုင်း-မြန်မာနယ်စပ်ဒေသက ကျားဖျန့် နှိမ်နင်းရေးဆိုတာက မြန်မာအစိုးရအတွက်တော့ ကျားဖျန့်ရှင်းလင်းရေး သက်သက်မဟုတ်ဘဲ ငြိမ်းချမ်းရေးဖြစ်စဉ် ထိန်းသိမ်းရမှု၊ နောက်ကွယ်က ပံ့ပိုးမှုရှိနေတဲ့ နိုင်ငံတချို့နဲ့ လက်နက်ကိုင် အချို့တို့ရဲ့ဆက်နွှယ်မှု အပါအဝင်ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပြန်လည်အား ကောင်းစေဖို့ဆိုတဲ့ အချက်တွေကိုပါ ဂရုတစိုက် ဖြေရှင်းနေရတာ ဖြစ်တယ်။ ဒါကြောင့်လည်း တရုတ်ရဲ့ One China Policy ကို တစိုက်မတ် မတ်ထောက်ခံတဲ့ ကြေညာချက်တွေအပြင် မဲခေါင်-လန် ချန်း ခြောက်နိုင်ငံ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့မှာလည်း ကျားဖျန့်နှိမ်နင်းရေး ပပျောက်အောင် အစွမ်းကုန်ဆောင် ရွက်မယ်ဆိုပြီး ကြေညာခဲ့တာလို့ ယူဆမိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မူးယစ်ဆေးဝါးပြဿနာနဲ့ ကျားဖျန့်အရေး ကိစ္စတွေက ဒေသတွင်းနိုင်ငံတွေနဲ့ပါ ရောယှက်နေတဲ့ ထိပ်တန်းပြဿနာတွေဖြစ်လို့ ပြည်တွင်း နိုင်ငံရေးကိုပါ စွက် ဖက်လာနိုင်ခြေရှိတဲ့ အခင်းအကျင်းမျိုးမှာ ပြည်ပစွက်ဖက်မှုတွေ ကင်းရှင်းစေဖို့ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ခြင်းဖြင့်သာ တုံ့ပြန်ဆောင်ရွက်ရမှာ ဖြစ်သလို ဒီပြဿနာဇာစ်မြစ်တွေကပဲ မြန်မာ့ နိုင်ငံရေး တည်ငြိမ်မှုကို နည်းမျိုးစုံနဲ့ နှောင့်ယှက်နေတဲ့ အဟန့်အတားတွေဖြစ်တယ်လို့ပဲ သုံးသပ်ရမှာ ဖြစ်တယ်။ မူးယစ်ဆေးဝါး ကွန်ရက်တွေနဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုတွေရဲ့ ကြီးထွားမှုက မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေကို ရှည်ကြာစေရုံသာမကဘဲ EAOs တွေရဲ့ စစ်ရေးရန်ပုံငွေ အရင်းအမြစ်အဖြစ် အသုံးချခံနေရတာက နိုင်ငံရေးတည် ငြိမ်မှုကို ခြိမ်းခြောက်နေတဲ့ အဓိက အတားအဆီးတွေ ဖြစ်တယ် ဆိုတာ ထင်ရှားတယ်။ ဒီပြဿနာတွေကို ရေရှည်မှာ ကြီးထွားမလာစေနိုင်ဖို့၊ ဒေသတွင်း နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အရေးကြီးသလို ပြည်တွင်း နိုင်ငံရေး အင်အားစုတွေအနေနဲ့လည်း သမားရိုးကျ တိုက်ဖျက်ရေးဆိုတဲ့ အခင်းအကျင်းပုံစံထက် ရေရှည်ဖွံ့ ဖြိုးတိုးတက်ရေး အစီအမံတွေချမှတ်ပြီး ပြင်း ထန်တဲ့ ဥပဒေတွေနဲ့ ချမှတ်၊ တိုက်ဖျက်မှသာ အနာဂတ်မှာ ကျရောက်နိုင်မယ့် နိုင်ငံရေးထောင်ချောက် အန္တရာယ်တွေကို ကြိုတင်ကာကွယ်တားဆီးပြီးသား ဖြစ်လိမ့်မယ်လို့ အကြံပြုတိုက် တွန်း ရေးသားလိုက် ရပါတယ်။
(နရီမိုး)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၄၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )