မြန်မာ့ နဂါးရာဇဝင်

၂၀၂၆ ၊ ဖေဖော်ဝါရီ ၂၇

မြတ်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေက နဂါးနှင့်ပတ်သက်ရင် အင်မတန် ယုံကြည်ပြင်းထန်ကြသည်။ ဘာသာရေးအရ ပုံပြင်ဒဏ္ဍာရီများတွင်လည်း တော်တော်လေးနဂါးကို ယုံကြည်လေ့ရှိကြသည်။ ထင်ရှားသည့် ဥပမာပေးရရင် ကျိုက်ထီးရိုးဘုရားနှင့်မနီးမဝေး တွင်ရှိသော ကျီးကန်းပါးစပ်ဂူကို သာဓက ပြရမည် ဖြစ်သည်။ ဝိဇ္ဇာဓိုရ်ဟူသော ဆရာသမားက နဂါးမနဲ့ညားပြီး ဥနှစ်လုံး ထိုဂူထဲတွင် ဥသွားသည်ဆိုပြီး ယနေ့ထက်တိုင် ပါးစပ်ရာဇဝင်အရ ပြောဆိုနေကြဆဲပင် ဖြစ်သည်။ မျိုးရိုးမတူသော လူနှင့်သတ္တဝါ ပေါင်းစပ်ပြီး ဥနှစ်လုံးဥတာလည်း ယုံကြည်ကြသည်။ ဒါတင်မကသေး ရသေ့ကြီး၏ ကျင်ငယ် ရည်သောက်မိလို့ သမင်မ သန္ဓေတည်ပြီး မဗေဒါ ဇာတ်လမ်းဆိုရင်လည်း ယနေ့ထက်တိုင် ဇွတ်မှိတ်ယုံကြသည့် အလေ့အထ ရှိသည်။ ထားပါတော့လေ။ နဂါးအကြောင်း ဆက်ပြောရရင် မြန်မာပြည် တစ်နံတစ်လျားကို လေ့လာကြည့်ပါက အစိမ်းဝမ်းဆက် ဝတ်ဆင်ထားသော နဂါးမယ်တော်ပေါင်းများစွာရှိသည်။ သူ့ဆိုင်ရာပိုင်ရာ နာမည်အမျိုးမျိုးပေးကာ ပဝါတွေ ဆက်သ၊ နွားနို့တွေကပ်ကြသည့် နဂါးမယ်တော် များက လက်ညှိုးထိုး မလွဲအောင် ရှိကြသည်။ တစ်ခါတလေ စဉ်းစားကြည့်မိသည်။ နဂါးဆိုတာ အထီးအမ ရှိသည့်အတွက် နဂါးမယ်တော်ရှိလျှင် နဂါးခမည်းတော်ဆိုတာလည်း ရှိနိုင်သည်။ ဘာကြောင့် နဂါးခမည်းတော်တွေကို ရုပ်တုထုပြီး မကိုးကွယ်တာလဲဆိုတာ စဉ်းစားစရာပင် ဖြစ်သည်။

            နဂါးကိုးကွယ်ယုံကြည်မှုဆိုတာက အဆက်ဆက် လက်ဆင့်ကမ်းကြသည်။ ဒါကြောင့်လည်း နတ်ဆရာတွေ၊ ဘိုးတော်တွေ၊ ဘွားတော်တွေက နဂါးနဲ့ကိုင်ပေါက်လျှင် လူတော်တော်များများက ကြောက်ကြသည်။ ယုတ်စွအဆုံး မြန်မာပြက္ခဒိန်၌ပင် ပတ်ချာလှည့်နေသော နဂါးက ကြီးစိုးထားလေသည်။ တစ်ခုခု လုပ်ရင်ပဲဖြစ်ဖြစ်၊ အိမ်ပြောင်းအိမ်ရွှေ့၊ ခရီးထွက်တာကအစ နဂါးခေါင်း ဘယ်ဘက်လှည့်သလဲဆိုတာ အရင်ကြည့်ကြသည့် လူမျိုးဖြစ်သည်။ မဆီမဆိုင် ဘယ်ကနဂါးကြီးက ပြက္ခဒိန်ထဲမှာ ပတ်ချာလှည့်နေတာကို ကြည့်၍ ရက်ရာဇာတွေရော၊ ပြဿဒါးတွေရောဖြင့် လုပ်စရာရှိတာ ချက်ချင်း ထမလုပ်ဘဲ နေရွှေ့ ညရွှေ့ ရွှေ့တတ်သော ထူးမြတ်တို့ မြန်မာလူမျိုးတွေ တိုးတက်မှုနှေးကွေးတာလည်း ဒါကြောင့်ဖြစ်နိုင်သည်။ စကားစပ်ရလျှင် နဂါးကို တစ်ဖန် ပြန်လည်မွေးဖွား လာသူကိုပြရင် ခေါင်းလောင်းကြီးဆယ်ယူရန် စီစဉ်သည့်  ကိုစံလင်းကို လက်ညှိုးထိုးရမည်ဖြစ်သည်။ ရန်ကုန်မြစ်၀မှာ နစ်မြုပ်နေသော ဓမ္မစေတီခေါင်း လောင်းကြီးကို နဂါးမင်းက စောင့်ရှောက်ထားကြောင်း၊ သူနဲ့နဂါးမင်း ညှိနှိုင်းပြီး ဆယ်ယူမှာဖြစ်ကြောင်း၊ မြစ်ထဲကို နဂါးစာဖြစ်သည့် ပေါက်ပေါက်ဆုပ်တွေ၊ နွားနို့တွေ သွန်ချရာမှ နဂါးက တစ်ဖန် ပြန် လည်နိုးထလာသည်။

            ထိုခေါင်းလောင်းကြီးဆယ်တုန်းက ထူးမြတ်တို့သတင်းထောက်ပေါက်စတစ်သိုက် နေ့စဉ် မြစ်ဝကို ချီတက်ရသည်။ ဘယ်ကနေဘယ်လို ဓာတ်ပုံရိုက်သွားမှန်း မသိသော တိမ်တွေထက်က ခေါင်းလောင်းကြီး ပုံကလည်း ဂျာနယ်တွေ ရောင်းအားတက်စေသည်။ နဂါးပုံတွေလည်း မိတ္တူတွေဆွဲပြီး ရောင်းကြတာကြောင့် ပုံနှိပ်တိုက်တွေလည်း စီးပွားဖြစ်ကုန်ကြသည်။ ပေါက်ပေါက် ဆုပ်ရောင်းတဲ့သူတွေလည်း နေ့ချင်း ညချင်း တိုးတက်ကြသလို၊ နွားနို့ရောင်းသည့် အနဲတို့ အုပ်စုလည်း အဆင်ပြေသွားကြလေသည်။ ရန်ကုန် မြစ်ပြင်ကျယ်ကြီးကို ပေါက်ပေါက်ဆုပ်တွေကျဲ၊ နွားနို့တွေလောင်းရင် ခေါင်းလောင်းသတင်းကြီးလည်း နိဋ္ဌိတံသွားရလေသည်။ ၂၀၂၀ နောက်ပိုင်း နဂါးတွေ တစ်ခေတ်ဆန်းလာပြန်သည်။ ဖေ့စ်ဘုတ်ပေါ်မှာ လူတွေ လက်အုပ်ချီပြီး မြွေတွေလို တွန့်လိမ်ခေါက်ကွေးပြီး လူးလှိမ့်နေကြပြီး ဘေးကလူတွေက ရေတွေ နဲ့ပက်ကြ၊ နီးစပ်ရာရေကန်ငယ်လေးတွေဆီ တွန်းချကြနှင့် နဂါးတွေပူးကုန်ကြသည်။ ဒါတင်မကသေး 'တူရကီ မူရကီ စူရကီ' ဟူသော နဂါးဘာသာစကား သင်တန်းတွေဖွင့်ပြီး မြန်မာပြည်ကလူတွေနဲ့ နဂါး တွေအကြားဆက်ဆံရေးပြေပြစ်ဖို့ နဂါးစကားပြန်တွေ ပေါ်ထွန်းခဲ့သည်။ နာမည်ကြီးအဆိုတော် မင်းသမီး လေး နဂါးပူးတာလေးကတော့ ချစ်စရာလေး ဖြစ်သည်။ ကျန်တဲ့နဂါး တွေကတော့ ရုပ်ပျက်ဆင်းပျက် နိုင်လှသည်။

            နဂါးနဲ့ မြန်မာပြည်ကလူတွေ ဆက်ဆံရေးက ခုခေတ်ကတည်းကမဟုတ် ဟိုအရင်ခေတ်ကတည်း ရှိသည်။ ကြုံတုန်း ဗဟုသုတရစရာလေး ပြောရဦးမည်။ကုန်ဘောင်မင်းဆက်မှာ ဘုန်းတန်ခိုးထွားသော မင်းတုန်းမင်းကြီးဆိုရင် နဂါးနဲ့ အဆက်အသွယ်ရှိကြောင်း အထောက်အ ထားများ ရှိသည်။ မှတ်သားမိသလောက် ပြောရရင် ၁၈၇၂ ခုနှစ်လောက်က ဖြစ်သည်။ မင်းတုန်းမင်းကြီးစံမြန်းရာ မန္တလေးရွှေမြို့တော်ကြီးကို အောက်ပြည်အောက်ရွာက မောင်ရဲဆိုတဲ့ ငတိလာရောက် တွေ့ခွင့်တောင်းသည်။ မောင်ရဲကလည်း ဘုရင်ကို တွေ့ခွင့်ရဖို့ အောက်ပြည်က သင်္ဘောကြီးတွေနဲ့ ဆန်တက်လာကတည်းက သူ့ကို နဂါးမင်းကြီးက ဘုရင်နဲ့သွားတွေ့ဖို့ လွှတ်လိုက်တာဆိုပြီး သတင်းလွှင့်လာသည်။ အရင်ခေတ်က အသုံးအနှုန်းအရတော့ နဂါးတမန်တော်ဟု သုံးနှုန်းပြီး ဒီနေ့ခေတ်စကားနဲ့ပြောရရင် နဂါးသံတမန်ဟု ပြောရမည် ဖြစ်သည်။ ဒီလိုနဲ့ မင်းတုန်းမင်းတြားကြီး နဲ့လည်းတွေ့ရော မောင်ရဲက သူ့ကို နဂါးမင်းကြီးကလွှတ် လိုက်တာဖြစ်ကြောင်း မြန်မာဘုရင်မင်းမြတ်တွေရဲ့ ပလ’င်အောက်ခြေမှာ စောင့်သော နဂါးမင်းကြီး၏ သံတ မန်ဖြစ်ကြောင်း ခပ်တည်တည် ပြောလေသည်။ ဘုရင်ကလည်း "အေးပေါ့ မင်းကို နဂါးမင်းက လွှတ်လိုက်တာဆိုတော့လည်း ငါလည်း နဂါးမင်းကို တွေ့ချင်နေတာ အတော်ပဲ"ပေါ့။ "ကဲ နဂါးမင်းကြီး ငါ့ကို လာဖူးစေပေါ့"ဆိုပြီး မောင်ရဲကိုနန်းတွင်းမှာ လက်ခံလိုက်သည်။

            မင်းတုန်းမင်းကြီးက အင်မတန်ဘုန်းကြီးတာကြောင့် နဂါးမင်းကတောင် မန်နေဂျာလွှတ်ပြီး ခစားရတယ်ဆိုတဲ့သတင်းက ရတနာပုံရွှေမြို့တော်တလွှား သတင်းပျံ့သွားတော့ ရတနာပုံခေတ် သတင်းစာတွေကလည်း နဂါးတမန်တော်မောင်ရဲအကြောင်း ရေးကြသားကြရင်း မောင်ရဲက ဆယ်လီဖြစ်သွားတာပေါ့လေ။ တစ်နေ့ နန်းရင်ပြင်မှာ ဘုရင်ကြီးကို နဂါးမင်းက လာဖူးမြော်မယ်ဆိုတော့ စစ်သည်ဗိုလ်ပါ မှူးကြီးမတ်ရာတွေခြံရံပြီး ဘုရင်ကြီးကလည်း စောင့်နေရော နဂါးသံတမန် မောင်ရဲက "နဂါးမင်းကြီး ကြွလာပါပြီ"ဟု လျှောက်တင်လေရာ နဂါးဆိုတာ ဘာကောင်ကြီးလဲ စိတ်ဝင်စားနေကြတုန်းနဂါး သံတမန်က "နဂါးမင်းကြီးကို အင်မတန်ဘုန်းကြီးသူသာ မြင်တွေ့ရပါတယ်"ဆိုတာနဲ့ မင်းတုန်းမင်းကြီး လည်း မနေသာဘဲ ဟင်းလင်းပြင် ကောင်းကင်ကြီးကိုမော့ကြည့်ပြီး "အင်မတန်လှတဲ့ နဂါးမင်းကြီး" ပါလားဆိုပြီး မိန့်တာကြောင့် တချို့ မမြင်ရတဲ့သူတွေကလည်း ဘုန်းရှင်ကံရှင်ဆိုတာ လူပုံအလယ်မှာ ပြချင်တာကြောင့် "ဟာ အကြီး ကြီးပဲဟေ့"၊ "အမောက်ကြီးက နည်းတာ မဟုတ်ဘူး"၊   "ရွှေရောင်နဂါး မင်းကြီးဟ"ဆိုပြီး သံယောင်လိုက်ကြတဲ့ ရာဇဝင် ရှိလေသည်။

            နဂါးသံတမန်မောင်ရဲ ဂျင်းထည့်တာ သိသိကြီးနဲ့ခံရတဲ့ကိစ္စက အထောက်အထားရှိခဲ့သည်။ ခုလို ခေတ်ကြီးမှာလည်း နဂါး ဂျင်းထည့် တာခံရလို့ စပ်ဖျဉ်းဖျဉ်းဖြစ်နေသည့် လူအုပ်စုကြီးလည်း ရှိသေးသည်။

            အရင်ကတော့ တဘောင်လိုလို၊ ဘာလိုလိုနဲ့ နဂါးတပ်ကြီး ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး မြှောက်ပင့်ပေးကြသည်။ တော်လှန်ဂါးဂါးလေးဆိုပြီး ရိုသေသမှု ပြုကြသည်။ ယခုရက်ပိုင်းမှ ဘယ်ကနေ ဘယ်လိုဖြစ်တယ်မသိ နဂါးခေါင်း ဟိုဘက်လှည့်သွားပြီဟေ့ ပြေးကြလွှားကြ၊ စခန်းတွေရွှေ့ကြ၊ တိုက်လေယာဉ်ကြီးတွေလာရင် ပြေးကြ၊ ဂျိုင်းရိုကော်ပတာကြီးတွေဝဲရင် ရင်ထဲမချိအောင် ခံစားရနဲ့ တောထဲက ပူတူတူးလေးတွေရော၊ ပြည်ပက တော်လှန်ရေးကို စီမွံခန့်ခွဲနေသောခေါင်းဆောင် ကြီးတွေပါ တိုင်ပတ်ကုန်ကြသည်။ ရဟတ်ယာဉ်ကြီးနဲ့ ဒရက်ဂွန်ဖလိုင်းသွားကြတာကို မချိတင်ကဲလေ သံကြီးနဲ့ လူတစ်စုက တော့ နဂါးကို အသံပင် မကြားချင်လောက်အောင် ဖြစ်ကုန်ကြလေတော့သည်။

ထူးမြတ်

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 83

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60610

© 2022 - 2026 News. All Rights Reserved.