၂၀၂၆ ၊ ဧပြီ ၂၄
မြန်မာ့နိုင်ငံရေးလောကဟာ စိတ်ပျက်စရာပါ။ တိုင်းပြည်အကျိုးထက်စာရင် မိမိတို့အကျိုးကို ပိုကြည့်ကြတာ များပါတယ်။ ကိုယ်ကျိုးကို အခြေခံတဲ့အတွက် မှန်တာ၊ မှားတာ၊ ဖြစ်သင့်တာ၊ မဖြစ် သင့်တာတွေကို တိုင်းပြည်အတွက် လုပ်သင့်၊ မလုပ်သင့် ချိန်ဆမနေတော့ဘဲ မိမိတို့ဘက်အတွက်ဆိုရင် အကောင်း၊ ဆန့််ကျင်ဘက် အဖွဲ့အတွက်ဆိုရင် အဆိုး ဒီလိုပုံစံနဲ့ မတန်တဆ ချဲ့ကားနေကြတာ စိတ်ပျက်စရာပါ။
ဒီလိုအခြေအနေဟာ နှစ်ပေါင်းများစွာ ကြာလာတဲ့အခါမှာ အမှားက အမှန်၊ အမှန်က အမှား ဒီလို ဖြစ်ခဲ့ရတာ မနည်းလှတော့ပါဘူး။ အဲဒီအတွက် ရလာတဲ့အကျိုးက အမုန်းတရားနဲ့ နာကြည်းမှုတွေပဲဖြစ်ပါတယ်။ ဘက်အနေနဲ့ အမြဲတမ်း ငါ့ဘက်က ဘာလုပ်လုပ်အမှန်၊ သူ့ဘက်က ဘာလုပ်လုပ် အမှားဆိုတဲ့ ဉာဉ်တွေစွဲကပ်နေကြတာ ပြင်လို့မှ ရပါဦးတော့မလားမသိ။ နောက်တစ်ချက်က အမှန်ကိုအမှန်တိုင်း ရင်မဆိုင် ဝန်မခံရဲဘဲ ကလိမ်ကကျစ် ဝေ့လည်ကြောင်ပတ် ဇာတ်လမ်းတွေ ဆင်နေကြတာကလည်း ရွံစရာကောင်းလှပါတယ်။ ကမ္ဘာ့အလယ်မှာ မျက်နှာပန်းမလှဖြစ်စေတဲ့ လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။
အဆိုးဆုံးက ရထားပြီးသားရလဒ်ကို ကောင်းကောင်းအသုံးမချဘဲ စိတ်ကူးယဉ် ထင်ကြေးတွေနဲ့ လုပ်နေကြတာပဲ ဖြစ်ပါတယ်။ အသုံး တော့ချပါရဲ့။ သူတို့အားသာမယ့်နေရာကြမှာသာ ရူးသလိုပေါသလိုနဲ့ လုပ်နေကြတာ။ ဥပမာအားဖြင့်ကြည့်ရင် ၂၀၂၀ မဲနိုင်တာကိုကျတော့ လူထုထောက်ခံချက်အရ Mandate လို့ယူ။ သူတို့လိုချင်တဲ့ ဖွဲ့စည်းမှုလည်းရရော ၂၀၀၈ အခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်းလိုက်ပြီလို့ လုပ်ပြန်ရော။ အခုနောက်ဆုံး ထုတ်ထားတဲ့ NUG ရဲ့ကြေညာချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန်ဆိုပြီး ပါလာတာ တွေ့ရတယ်။ ဒီနှစ်ခုကိုကြည့်။ အစပိုင်းက ဖျက်သိမ်းပြီးပြီလို့ ဆိုထားခဲ့တာ၊ အခု ဦးဝင်းမြင့် လွတ်လာတော့ ထုတ်ပြန်တဲ့ ကြေညာချက် သဘောထားမှာ အပြီးတိုင် ဖျက်သိမ်းရန်လို့ ဆိုထားတဲ့အတွက် ဖျက်သိမ်းပြီးတဲ့သဘော မသက်ရောက်ဘဲ ရည်မှန်းချက်ထားတဲ့ပုံ ပေါက်နေတာ တွေ့ရလိမ့်မယ်။ ဘာသဘောလဲ။
တော်လှန်ရေးလုပ်နေတာ မဟုတ်လား။ ပြတ်ပြတ်သားသားချပေါ့။ ဘာလို့ပြည်သူတွေ ဝေဝါးအောင် ကလိမ်ကကျစ် လုပ်နေကြမလဲဗျာ။ ဒီလိုလုပ်ရပ်တွေကြောင့် အမှန်တကယ် အကျိုးရှိမယ့် ကိစ္စရပ်တွေဟာ သေးသိမ်သွားခဲ့ရတာပဲ ဖြစ်ပါတယ်။ အမှန်ဆိုရင် ၂၀၀၈ အခြေခံဥပဒေက တိုင်းပြည်အတွက် အရမ်းတန် ဖိုးရှိတယ်။ ဒါပေမဲ့ သူတို့ ကလိမ်ကကျစ်လုပ်နေကြတာနဲ့ တန်ဖိုးထားရကောင်းမှန်း နည်းလာ ကြတာ တွေ့နေရတယ်။ ကြာတော့ ပြည်သူတွေကပင် နိုင်ငံရေးကို ဥပဒေဘောင်အတွင်းက မကြည့်ကြ တော့ဘဲ ပုဂ္ဂိုလ်ရေးနဲ့ ကိုယ်သန်ရာသန်ရာ သံယောဇဉ်ရှိတဲ့ဘက်က ဘာလုပ်လုပ်မှန်တယ်ဆိုတဲ့အမြင် ဖြစ်လာကြတာပဲ ဖြစ်ပါတယ်။ ရှိသေးတယ်။ နိုင်ငံရေးတင်မကဘူး။ လက်နက် ကိုင်ဘက်ကိုလည်း ကြည့် ဦး။ သူတို့ လုပ်ချင်ရာလုပ်ဖို့ တစ်ဖက်ကို ပုံချနေကြတာ တွေ့ရမှာ ဖြစ်ပါတယ်။
သမိုင်းရှည်ရှည်ဝေးဝေးတွေ ကြည့်မနေနဲ့။ NCA ကိစ္စပဲကြည့်။ NCA မတိုင်ခင်က ကိစ္စအတော်များများ အချေအတင်ဖြစ်ခဲ့တယ်။ တပ်မ တော်က၊ အစိုးရက ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ ကြန့်ကြာနေကြတာ။ နောက်ဆုံးမှာ အစိုးရကရော၊ တပ်မတော်ကပါ သူပုန်အကြိုက်လိုက်ပြီး ခွင့်ပြုပေးခဲ့တာ။ NCA မှာပါတဲ့ အချက်အလက်တွေဟာ KIA အလိုကျ KIA ဦးဆောင်ပြီးရေးထားတဲ့ အချက်အလက်တွေဆိုတာ NCA နဲ့ ပတ်သက်သူတွေ အကုန်သိကြတယ်။ အဲဒီမတိုင်ခင်က လိုင်ဇာကျလုမတတ်တဲ့အထိ အဖုတ်ခံထားရလို့ NCA မှာ ပါမလိုလို KIA က လုပ်တာ။ တကယ် လက်မှတ်ထိုးကြတော့ KIA မပါတော့ဘူး။ လက် မှတ်မထိုးဘဲ ဟိုလိုလို၊ ဒီလိုလိုနဲ့ လက်မှတ်မထိုးတဲ့ ကျန်အဖွဲ့တွေနဲ့ ပေါင်းပြီး FPNCC ဖွဲ့လိုက်ကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီ FPNCC ခေါင်းဆောင်က 'ဝ'။
အခု မြန်မာ နှစ်ဆန်းတစ်ရက်နေ့မှာ ဦးဝင်းမြင့် ပြန်လွတ်လာတာ သတိထားမိကြမှာပါ။ ဒီပြန်လွတ်လာတာနဲ့ပတ်သက်ပြီး အသံမျိုးစုံ ထွက်နေတာလည်း တွေ့ရမှာပါ။ မီဒီယာတွေက ချဲ့ကားပြောနေကြတာ၊ လိုင်းပေါ်တင်ပေးနေကြတာ၊ နိုင်ငံရေးသမားတွေက ထင်ကြေးနဲ့ သုံးသပ်နေကြတာ၊ ရှိတာထက် ပိုသိဒ္ဓိတင်နေကြတာ ကာယကံရှင်တောင် ဘယ်လိုနေရမှန်းတောင် သိမယ်မထင်ဘူး။ ပြန်လွတ် လာတာနဲ့ပတ်သက်ပြီး မင်းကိုနိုင်က နိုင်ငံတော်သမ္မတက စေတနာနဲ့လွှတ်ပေးတာ မဟုတ်ဘဲ သူတို့တော် လှန်ရေးလုပ်လို့ရတဲ့ အကျိုးအမြတ်လို့ဆိုတယ်။ အဲဒီလိုပဲ NUG ရဲ့ကြေညာချက်မှာ ပါတာလည်း တွေ့ရ တယ်။ အစိုးရကပဲ သူတို့လုပ်ရပ်အရ ကြောက်လို့ လွှတ်ပေးလိုက်သယောင်ယောင်။

နိုင်ငံရေးသုံးသပ်သူတစ်ယောက်ကလည်း အင်တာဗျူးမှာ နိုင်ငံရေးအရ သိက္ခာချအရှက်ခွဲပြီး ပြန်လွှတ်ပေးတာလို့လည်း ပြောသွားတာတွေ့ရတယ်။ ပြောသေးတယ်။ လက်ရှိသမ္မတက အာဆီယံ ထိပ်သီးအစည်းအဝေး ပြန်တက်ခွင့်ရပြီး အာဆီယံနဲ့ ပြန်ပြေလည်ချင်လို့တဲ့။ ကျွန်တော်ပြောချင်တာဒါပဲ။ လက်တွေ့နဲ့ မကိုက်ညီတဲ့ ထင်မြင်ချက်တွေနဲ့ ဝေဖန်လေကန်နေကြတာ အတော်ဆိုးတဲ့ မြန်မာ့နိုင်ငံရေး သဘာဝ။ အဓိကနားလည်ရမှာက ပြန်လွှတ်ပေးတာဟာ နိုင်ငံရေးအရ အားသာ ချက်တွေ၊ အားနည်းချက်တွေအရ မဟုတ်ဘူး။ ရှေ့ဆက်သွားမယ့်ခရီးအတွက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ အချိန်မှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ လုပ်ရပ်တစ်ခုထက် မပိုဘူး။ တပ်မတော်အစိုးရအဆက်ဆက်ရဲ့ သဘာဝကိုကြည့်ရင် ဒီလို ပြန် လွှတ်ပေးတာ သိပ်မဆန်းတဲ့ကိစ္စ။ နိုင်ငံရေးအရ တိုးတက်လာတဲ့ အခြေအနေတစ်ခုရလာတဲ့အခါ ဖြေလျှော့ပေးတာ ဓမ္မတာပါ။ နိုင်ငံရေးအရ တဖြည်းဖြည်းချင်း ဖြေလျှော့ပေးရာမှာ ဘယ်နိုင်ငံကိုပဲ ကြည့်ကြည့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးကို အခြေခံပြီး တစ်ဆင့်ချင်း သွားတတ်တဲ့ သဘာ၀ရှိ တတ်ကြတယ်။ အခုလည်း ဒီသဘောပဲ။
ဒီလိုကိစ္စရပ်တွေကို ပြန်လွှတ်ပေးရာမှာ လူတစ်ဦးတစ်ယောက်အတွက် အသက်အရွယ်၊ ကျန်းမာရေး၊ ဖြတ်သန်းလာတဲ့သမိုင်းကြောင်း၊ နေထိုင်ကျင့်ကြံ တတ်တဲ့သဘာ၀ ဒါတွေကို အများကြီး ချိန်ဆရပါတယ်။ ဒီနေရာမှာ သတိထားကြည့်ရင် ဦးဝင်းမြင့်ဟာ ဘယ်လိုလူလဲ။ ဘယ်လိုသဘောသဘာ၀ ရှိသလဲ။ ဒါက အရေးကြီးပါတယ်။ ဒေါက်တာမျိုးညွန့်ရဲ့ အင်တာဗျူးမှာ ပြောသွားတာကိုကြည့်ရင် သူဘယ်လိုလူ ဆိုတာ သိနိုင်တယ်။ သူဟာ ဥပဒေသမားတစ်ယောက်ဖြစ်ပြီး ဥပဒေချိုးဖောက်တဲ့ လုပ်ရပ်ကိုလုပ်မှာ မဟုတ်ဘူးဆိုတဲ့ သူလို့ ယုံကြည်ရနိုင်တယ်။ သူ့နိုင်ငံရေးသမိုင်းကြောင်းကို ပြန်ကြည့်ရင်လည်း တပ်မတော်အစိုးရလက်ထက် NLD ရဲ့ နိုင်ငံရေးထိပ်တိုက် ရင်ဆိုင်ပွဲတွေမှာ ဘယ်တုန်းကမှ မပါခဲ့တာကို တွေ့ရလိမ့်မယ်။ အဲဒါဟာ သူ့ရဲ့အားသာ ချက်ပဲ ဖြစ်ပါတယ်။ ပါတီအတွက်တော့ ရဲရဲတောက်ခေါင်း ဆောင်မဟုတ်ဘူး။
NUCC ၊ CRPH နဲ့ NUG တို့ရဲ့ကြေညာချက်တွေကိုကြည့်ရင် အတော်သတိထားစရာကိစ္စတစ်ခုတွေ့ရတယ်။ ဦးဝင်းမြင့်နဲ့ပတ်သက်ပြီး သမ္မတအဖြစ် အသိအမှတ်ပြုထားတယ်ဆိုတာ။ NUG ရဲ့ သမ္မတလား၊ ၂၀၀၈ အခြေခံဥပဒေအရ ဖြစ်တည်ခဲ့ဖူးတဲ့ သမ္မတလားဆိုတာ မသဲကွဲဘူး။ နှစ်ပေါက်တစ်ပေါက် ရိုက် ထားတဲ့သဘောပဲ။ သူတို့သတ်မှတ်ခန့်အပ်ထားတဲ့ သမ္မတအဖြစ် လက်ခံရင် အခြေအနေတစ်မျိုး၊ လက် မခံရင် အခြေအနေတစ်မျိုး ဖြစ်သွားမှာကို တွက်ဆနေဟန် ရှိတယ်။ ဦးဝင်းမြင့်အနေနဲ့ ဘာမှမပြောဘဲ ငြိမ်နေရင် သူတို့အတွက် အမြတ်ဆိုတဲ့သဘောနဲ့ ရောချထားပုံရတယ်။ CRPH က NUG ဖွဲ့စည်းရာမှာ ဦးဝင်းမြင့်ကို NUG ရဲ့ သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်လို့ ခန့်အပ် ကြေညာထားခဲ့တယ်။ ဒါကို ပြန်ကြည့်ရင်ကိုပဲ သူတို့ရဲ့ဖွဲ့စည်းမှုဟာ ၂၀၀၈ အခြေခံဥပဒေရဲ့ ဘောင်ထဲမှာ ရှိနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်က မဲနိုင်လို့ ဖွဲ့စည်းခဲ့တဲ့ သဘာဝကို အခြေခံပြီး ဖွဲ့စည်းထားတာ မဟုတ်ပါလား။ လိုရင်သုံးတယ်ဆိုတာ ဒါကိုပြောတာ။ သူတို့ရဲ့တော်လှန်ရေးက မေးခွန်းထုတ်စရာတွေ အများကြီးရှိပေမယ့် နောက်များမှ သီးခြားတင်ပြပါ့မယ်။
တစ်ခါတလေ မလိုအပ်ဘဲနဲ့ သိဒ္ဓိအရမ်းတင်ပေးတာတွေဟာ မလိုလားအပ်တဲ့ ဆိုးကျိုးတွေကို ခံစားစေနိုင်ပါတယ်။ ကိုယ်တိုင်လည်း ခံစားရသလို နိုင်ငံသားတွေလည်း ခံစားရတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး ဖြတ်သန်းမှုကိုကြည့်ရင် တိုင်းပြည်အတွက် လောက်လောက်လားလား လုပ်ခဲ့တာမရှိဘူး။ တည်ဆောက်ရေးထက် ထိပ်တိုက်ရေးကိုသာ ဦးစားပေးခဲ့တာတွေ့ရမယ်။ ၁၉၈၈ လောက်ကတည်းက နိုင်ငံရေးကိစ္စတွေကို ထဲထဲဝင်ဝင် သိလာတဲ့သူ တစ်ယောက်အနေနဲ့ ကိစ္စအတော်များများမှာ ဘယ်ဟာအမှား၊ ဘယ်ဟာအမှန်ဆိုတာ သိတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လူတော်တစ်ယောက်ဆိုတာ လက်ခံလို့ရပါတယ်။ ဒါပေမဲ့ လူအတော်များများ မြင်နေကြတဲ့ တိုင်းပြည်ကိုကယ်တင်မယ့် ပါရမီရှင်တစ်ယောက်တော့ မဟုတ်ဘူး။ အဲဒီလောက်လည်း မတော်ဘူး။ ခေါင်းမာပြီး ဇွဲကောင်းတာတော့ သာမန်လူထက်သာတယ်။ အဲဒါကသူ့ရဲ့ကောင်းကွက်လို့ ပြောလို့ရနိုင်သလို သူ့ရဲ့အားနည်းချက်နဲ့ တိုင်း ပြည်ရဲ့ ကံကြမ္မာဆိုးလည်း ဖြစ်ပါတယ်။ လိုတာထက်ပိုပြီး နာမည်ကြီးစေတာ ဒီသဘာဝကြောင့်လို့ဆိုရမှာ ဖြစ်သလို သူအကြိမ်ကြိမ် အဖမ်းခံရတာ၊ တိုင်းပြည်မှာ ဖြစ်တဲ့နိုင်ငံရေး၊ တည်ငြိမ်ရေးပြဿနာ အတော်များများ ဖြစ်ပျက်ခဲ့တာ၊ တပ်မတော်အပေါ် ပြည်သူတွေ အမုန်းတရား ကြီးလာတာတွေဟာ လည်း သူ့ရဲ့ဒီစရိုက်ကြောင့်လို့ မြင်တယ်။ သူ့ကိုတည်ပြီး လိုတာထက်ပိုတဲ့ သိဒ္ဓိတင်ပေးမှုတွေ များလာတဲ့ အခါမှာ ဒီပြဿနာတွေ ဆင့်ကဲဆင့်ကဲ ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။
အခုလည်း ဦးဝင်းမြင့်နဲ့ပတ်သက်ပြီး သိဒ္ဓိတင်ပေးနေကြတာက လိုတာထက် ပိုနေတယ်။ ကျင့်ထုံးဥပဒေ ၄၀၁ (၁) လက်မှတ်မထိုးတာကိုဘဲ သူရဲကောင်းကြီးသဖွယ် ဝါဒဖြန့်နေကြတာ အတော်လွဲနေတယ်လို့ ဆိုရမယ်။ ပြန်လွှတ်ပေးတာကို နှစ်ဖက် ပြေလည်စေရေးရှေးရှုပေးရမယ့်အစား ရန်တိုက်ပေးသလို လုပ်နေကြတာတွေက ပြဿနာကို ပိုကြီးစေမှာ ဖြစ်ပါတယ်။ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁(၁) ဆိုတာ ပြစ်ဒဏ်လျှော့ပေါ့ပြန် လွှတ်ပေးတာ မဟုတ်ဘူး။ အကျဉ်းသားရဲ့ ထောင်တွင်းနေထိုင်မှုစည်းကမ်း ကောင်းလို့ ကျန်ရှိပြစ်ဒဏ်ကို ထောင်ပြင်ပမှာ ကျခံစေတဲ့သဘောပဲ။ သဘောကတော့ ထောင်ဝိတ်လျှော့တာ။ နိုင်ငံရေးသမားတွေကို ၄၀၁(၁) နဲ့ လွှတ်ပေးတာကတော့ နိုင်ငံရေးအရ ပါချင်ပါပါလိမ့်မယ်။
လက်မှတ်ထိုးတယ်ဆိုတာက သိရှိကြောင်းနဲ့ ပြင်ပမှာ နောက်ထပ်အမှု ထပ်မဖြစ်ရလေအောင် သတိပေးတဲ့သဘောသာ ဖြစ်တယ်။ ထိုးထိုး၊ မထိုးထိုး လွှတ်လို့ရတယ်။ လွှတ်လည်း လွှတ်တာပါပဲ။ ဒီနေရာမှာ ဒါနဲ့ဆက်စပ်ပြီး နိုင်ငံရေးသမားတွေကို သိဒ္ဓိတင်ဝါဒဖြန့်တာတွေ့ရသေးတယ်။ စစ်အစိုးရလက် ထက်က လက်မှတ်မထိုးလို့ လွှတ်မပေးဘဲ ပြန်ချုပ်ထားတဲ့သူတွေ အများကြီးရှိတယ်ဆိုပြီး ပြောနေ ကြတာ။ အမှန်က လက်မှတ်မထိုးတာက အဓိက မဟုတ်ဘူး။ အချိုးမပြေတာက အဓိက။ အဲဒီလို မလွှတ်ပေးတဲ့ဖြစ်စဉ် အရမ်းနည်းပါတယ်။ သိရသမျှ ဆယ်ဂဏန်းတောင် မရှိဘူး။ ခုဂဏန်းနည်းနည်းပဲ ရှိပါလိမ့်မယ်။
အမှန်တကယ် နိုင်ငံရေးသိက္ခာ မကျစေချင်ရင်၊ သိဒ္ဓိတက်ချင်ရင် လုပ်လို့ရတာက လက်မှတ်ထိုးခြင်း၊ မထိုးခြင်းမဟုတ်ဘူး။ ၄၀၁(၁) ကတော့ ပြစ်ဒဏ်ရက်စေ့မှသာ ယတိပြတ် လွတ်သွားတာ ဖြစ်တဲ့အတွက် ထောင်ေ<ကးကျန်ကတော့ ပြစ်ဒဏ်ကျရက်စေ့တဲ့အထိ ရှိနေဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် လုပ်ရ မှာက ၄၀၁ (၁)အရ လွှတ်ပေးမယ်ဆိုရင် လုံး၀မထွက်ဘူးလို့ တင်းရမှာ။ အခုဟာက ထွက်လည်း ထွက်ချင်၊ သိက္ခာကလည်း ကျမှာစိုးတော့ တစ်ဖက်ကို အပြစ်ဖို့ရာ ရောက်တယ်။ ၄၀၁ (၁) အရ ထွက်လာရင် လက်မှတ်ထိုးထိုး၊ မထိုးထိုး ကြွေးကျန်က ရှိနေမှာဖြစ်တဲ့အတွက် ရက်မစေ့မချင်း ၄၀၁(၂)နဲ့ အချိန်မရွေး ပြန်ရုပ်သိမ်းပြီး အထဲပြန်ထည့် လို့ရတယ်။ ဒါကြောင့် သိက္ခာအရ လုပ်သင့်တာက အပြတ် လွှတ်ချင်လွှတ်၊ မလွှတ်ချင်ရင် မထွက်ဘူးဆိုပြီး အပြတ်တင်းရမှာ။ သိသလောက်ကတော့ အဲဒီလိုတင်းပြီး မထွက်တဲ့သူ ခုချိန်ထိ မရှိသေးဘူးဆိုတာပါပဲ။
ဒီနေ့လည်း သတင်းတစ်ခုမှာ ဖော်ပြတာ သတိထားမိတယ်။ ဦးဝင်းမြင့် အိမ်ရှေ့မှာ စစ်ထောက်လှမ်းရေးတွေ စောင့်ကြည့်နေကြပြီး သူ့ကိုသွားတွေ့တဲ့ ဒေါက်တာမျိုးအောင်ကို ခေါ်စစ်တယ်ဆိုတဲ့ သတင်း။ သတင်း မှန်သလား၊ မှားသလားတော့ မသိ။ ဒီလောက် ယွထပြီး သိဒ္ဓိတင်နေကြတာ။ နည်း တောင်နည်းသေး တယ်လို့ဆိုရမယ်။ ၄၀၁(၁)အရ အပြင်မှာလွတ်လပ်စွာ သွားလို့ရနေတဲ့ အကျဉ်းသား အဆင့်မှာပဲ ရှိနေသေးတာ မမေ့ဖို့လိုပါတယ်။ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုးပေးထားတာ ဆေးကြောင့် လေးအောင်တော့ မလုပ်ကြဖို့လိုတယ်။ ၄၀၁(၁)က အချိန်မရွေး ၄၀၁(၂)နဲ့ ပြန်ရုပ်သိမ်းလို့ ရတဲ့အတွက် သတိထားနေလို့သာ သတိပေးပါရစေ။ ကြည့်ရတာ သူ့လူတွေ ကိုယ်တိုင်ကပင်ဦးဝင်းမြင့် အပြင်မှာ မိသားစုနဲ့ အေးအေးဆေးဆေးနေရမှာကို ကြည့်မရကြဘူးထင်တယ်။ ဇော်နိုင်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )