Breaking

မဲမပေးနဲ့လို့ ဘယ်လိုပဲ ဆန့်ကျင်မှုရှိနေပါစေ ရခိုင်၊ စစ်တွေ ရွေးကောက်ပွဲမြင်ကွင်းအရ လူတိုင်းလာပြီး မဲပေးကြတာ အံ့သြမိတယ် . . . . ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင် နှင့် ဆက်သွယ်မေးမြန်းခြင်း . . .

၂၀၂၆ ၊ ဇန်နဝါရီ ၁

    ၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲရက် နီးကပ်လာသည့်အချိန် ရက်ပိုင်းက တိုက်တိုင်ဆိုင်ဆိုင် ရခိုင်ပြည်နယ်မှာ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေသည့်  ရှေးဟောင်း ယတြာခေါင်းလောင်းကို AA တူးဖော်တွေ့ရှိဆိုသည့် သတင်းထွက်လာခဲ့သည်။ ယတြာခေါင်းလောင်းကြီး တူးဖော်တွေ့ရှိမှုကိစ္စ အပါအဝင် ရခိုင်ပြည်နယ် ရွေးကောက်ပွဲအခင်းအကျင်းတို့နှင့်ပတ်သက်၍ ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌလည်းဖြစ်၊ စစ်တွေခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူ ဒေါက်တာအေးမောင် ကို ဆက်သွယ်မေးမြန်းထားပါသည်။

 

ဒေါက်တာအေးမောင် ကိုယ်ရေးအကျဉ်း 
    ဒေါက်တာအေးမောင်ကို ၁၉၅၇ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် ရသေ့တောင်မြို့နယ်တွင် မွေးဖွားခဲ့သည်။ စစ်တွေ အထက (၂) မှ ၁၀ တန်းအောင်ခဲ့ပြီး ရန်ကုန်၊ အင်းစိန်ရှိ တိရစ္ဆာန်မွေးမြူရေးနှင့် ဆေးကုသရေး တက္ကသိုလ်မှ ၁၉၈၁ ခုနှစ်တွင် ဘွဲ့ရရှိခဲ့သည်။ ဘွဲ့ရရှိပြီး တိရစ္ဆာန်မွေးမြူရေးနှင့် ဆေးကုသရေးဦးစီးဌာန အပါအဝင် ဌာနပေါင်းစုံတွင် လုပ်ကိုင်ခဲ့သလို အစိုးရဝန်ထမ်း ၂၇ နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၉ တွင် အငြိမ်းစားယူခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)  ကို တည်ထောင်ပြီး ဥက္ကဋ္ဌအဖြစ် ၂၀၁၄ တွင် တာဝန်ယူခဲ့သည်။ ၂၀၁၄ တွင်
 RNDP ပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (RNDP( ပါတီတို့ကို ဖျက်သိမ်းခဲ့ပြီး ရခိုင်အမျိုးသားပါတီကို ဖွဲ့စည်းခဲ့သည်။ ANP ပါတီတွင်လည်း ပါတီဥက္ကဋ္ဌ တာဝန်ယူခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် စစ်တွေမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် လည်းကောင်း၊ ၂၀၁၅ ရွေးကောက်ပွဲတွင် အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် လည်းကောင်း ဝင်အရွေးချယ်ခံခဲ့သည်။ ၂၀၁၇ တွင်  ANP ပါတီမှ နုတ်ထွက်ခဲ့ပြီး ၂၀၁၈ တွင် ၎င်းင်း၏ လုပ်ဖော်ကိုင်ဖက်များက ရခိုင့်ဦးဆောင်ပါတီ ( (AFP) တည်ထောင်ခဲ့ရာ AFP ပါတီတွင် ပြန်လည် ပါဝင်ခဲ့သည်။ ၂၀၁၈ ခုနှစ်အတွင်းက ပြုလုပ်ခဲ့သည့် စာပေဟောပြောပွဲ၌ ဟောပြောချက်များကြောင့် နိုင်ငံတော်အား အကြည်ညိုပျက်စေမှုနှင့် နိုင်ငံတော်ပုန်ကန်မှုတို့ဖြင့် NLD  အစိုးရက ဖမ်းဆီးတရားစွဲဆိုပြီး ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခြင်းခံခဲ့ရကာ နစက အစိုးရလက်ထက် ၂၀၂၁ ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ပြီးနောက် AFP ပါတီဥက္ကဋ္ဌအဖြစ်
လက်ရှိအချိန်အထိ တာဝန်ယူထားသည်။

TREND ။        ။ ရခိုင်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်မှု အခြေအနေ၊ ကြိုတင်မဲ အခြေအနေတွေနဲ့ ပတ်သက်ပြီး သိရသလောက် ပြောပေးပါဦး။
Dr.AM  ။        ။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နောက်ဆုံး အပိုင်း(၃) ကြေညာချက်အရ ရခိုင်ပြည်နယ်က သံတွဲ‌၊ တောင်ကုတ်၊ ဂွ၊ အမ်းပေါ့။ အဲဒီလေးမြို့နယ် ပါမလာတော့ဘူး။ အမတ်လောင်းတွေ ငွေသွင်းတာတို့၊ သက်ဆိုင်ရာ ကော်မရှင်တွေ‌ဆီကို အမည်စာရင်းတင် သွင်းတာတို့ အကုန်ပြင်ဆင်ထားပြီးပြီ။ ကြိုတင်မဲတွေကလည်း ပုံစံ-၁၅ နဲ့ ပေးပြီးသားတွေတောင် ရေတွက်ပြီးပြီ။ အဲဒီမြို့နယ်တွေ တတိယ အပိုင်း ရွေးကောက်ပွဲမှာပါမယ်လို့ ကြေညာထားတော့ ကျွန်တော်တို့က သတ်မှတ်တဲ့ကာလတွေမှာ စည်းမျဉ်းစည်းကမ်းနဲ့အညီ ကိုယ်စားလှယ်လောင်းတွေ ရွေးပြီး သူတို့တစ်တွေကလည်း အသီးသီး သက်ဆိုင်ရာကော်မရှင်တွေဆီကို အမည်စာရင်းတင် ထားပြီးပြီ။ အဲဒီလို ရွေးကောက် ပွဲကာလကို ဖြတ်ခဲ့ကြ ရတာပေါ့။ အောက်တိုဘာလ ၂၅ ကနေ ၂၉ ရက်အတွင်းမှာ ကြိုတင်မဲ‌တွေ ပေးရတာပေါ့။ တချို့က အဝေးရောက်ပေါ့။ မဲဆန္ဒနယ် ပြင်ပရောက် မဲတွေပေါ့။ နောက်နိုင်ငံ ခြားကိုရောက်တဲ့ ပြည်ပရောက်မဲ‌တွေလည်း ရေတွက်ပြီးပြီ။ အဲဒီအထိတော့ ဒီမြို့နယ်တွေဟာ အပိုင်း(၃)မှာ ပါမယ်လို့ပဲ သိခဲ့တာပေါ့။ အမ်းဆိုရင် သီးခြား အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်း တင်ရတာပေါ့။ ပြည်နယ်လွှတ် တော်၊ ပြည်သူ့လွှတ်တော် စသည်ဖြင့် သုံးဦးတင်တယ်။ သံတွဲ‌၊ တောင်ကုတ်၊ ဂွတို့ကျတော့ မာန်အောင်နဲ့ ပေါင်းတဲ့အခါမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က မာန်အောင်က ရွေးပြီးပြီဆိုတော့ ရွေးစရာမလိုတော့ ဘူး။ အဲဒီသုံးမြို့နယ်မှာတော့ ပြည်နယ်လွှတ်တော်၊ ပြည်သူ့လွှတ်တော် တစ်ဦး၊ တစ်ဦးစီ ရှာပြီးတော့ တင်ခဲ့ရတယ်။ အဲဒီမှာ သုံးမြို့နယ် ခြောက်ဦးရယ်၊ အမ်းမှာ သုံး ဦးရယ်။ ကိုးဦးကတော့ ရွေးကောက်ပွဲ မလုပ်တော့ဘူးဆိုတော့ ဆုံးရှုံးမှု ဖြစ်တာပေါ့။ ငွေကြေးအားဖြင့် ကုန်သလို စိတ်ဓာတ်ပိုင်းအားဖြင့်က လည်း တက်တက်ကြွကြွရှိခဲ့ကြတာကိုး။ ပုံစံ ၁၅၊ မဲဆန္ဒနယ်ပြင်ပနဲ့ပတ်သက်လို့ ဧရာဝတီတိုင်းတစ်တိုင်းလုံး သွားကြတာပေါ့။ သံတွဲ၊ တောင်ကုတ်၊ အမ်းဘက်က ဧရာဝတီ၊ လေးမျက်နှာ၊ ငါးသိုင်းချောင်း၊ ပုသိမ်အထိ အကုန်လုံးမှာ ရောက်နေတဲ့ မဲဆန္ဒရှင်တွေ ပုံစံ-၁၅ မဲပေးနိုင်အောင် ဆောင် ရွက်ပြီးပြီ။ အဲဒီ ကြိုတင်မဲတွေလည်း ရေတွက်ပြီးပြီ။ မဲမရေခင်က အဲဒီလေးမြို့နယ်ကို ပယ်ဖျက်လိုက်ပြီဆိုတာ ကြေညာ ခဲ့တာပေါ့။ အဲဒီလိုဆိုတော့ သို့‌လော သို့လောလို့ ဖြစ်နေကြတာပေါ့။ ပယ်ဖျက်တယ်ဆိုတာက အဲဒီလေး မြို့နယ်မှာ မလုပ်မှာကို ပြောတာလား၊ လေးမြို့နယ်ကနေ ဧရာဝတီတိုင်းနဲ့ တခြားမြို့နယ်တွေ၊ မဲဆန္ဒ နယ်ပြင်ပ ရောက်နေကြသူတွေ ကြိုတင်မဲပေးပြီးပြီ ဆိုတော့ အဲဒီလေးမြို့နယ်က မဲဆန္ဒနယ်ပြင်ပမဲနဲ့ အတည်ယူမှာလား သို့လော သို့လော ဖြစ်နေတာပေါ့။ ရွေးကောက်ပွဲကော်မရှင်ဘက်က တိတိကျကျ အဖြေကတော့ မသိရသေးဘူး။

TREND ။        ။ လေးမြို့နယ် ပယ်ဖျက်လိုက်လို့ ဆုံးရှုံးမှုဖြစ်တာက ရခိုင်မှာ ဘယ်နှပါတီလောက် ဖြစ်နိုင်လဲ။
Dr.AM  ။        ။
ပြည်ခိုင်ဖြိုးအပါအဝင် ရခိုင်ပြည်နယ်မှာ ယှဉ်ပြိုင်မယ့်ပါတီတွေပေါ့။ ရခိုင့်ဦးဆောင် ပါတီ၊ RNP ပါတီပါမယ်။ သံတွဲဘက်မှာ ရခိုင်ပြည်နယ်အမျိုးသား အင်အားစုပါတီလည်း ပါနိုင်တယ်။ အတိအကျ မသိရဘူး။ ပြည်သူ့ရှေ့ဆောင်ပါတီလည်း သံတွဲဘက်မှာ ရှိကောင်း ရှိနိုင်တယ်။ အကုန်လုံး အဲဒီသဘောပဲ ဖြစ်ပါတယ်။ 

TREND ။        ။ ရခိုင်ပြည်နယ်မှာ ၁၇ မြို့နယ်ရှိတော့ အခုအခြေအနေအရ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် သုံးမြို့နယ်ပဲ ကျင်းပနိုင်တယ်ဆိုရမလား၊ ဒီအခင်းအကျင်းအပေါ် ဘယ်လိုသုံးသပ်မိလဲ။
Dr.AM  ။        ။
အခုလုပ်တာက ရေပေါ် ရှိမယ်၊ ရေအောက် ရှိမယ်ပေါ့။ ရေခဲတုံးကြီး မျောနေသလိုပေါ့။ FPTP  စနစ်နဲ့သွားရင် အပေါ်မှာ မြင်ရတာက သုံးမြို့နယ်မြင်ရမှာပေါ့။ ကျွန်တော်တို့က ရခိုင်ပြည်နယ်ကို နှစ်ခြမ်းခြမ်းတာပေါ့။ နှစ်ခြမ်း ခြမ်းတယ်ဆိုတာက ပြည်နယ်လွှတ်တော်နဲ့ပတ်သက်ရင် အမှတ် (၁)၊ (၂) ထားတယ်။ အမှတ်(၁)က မြောက်ပိုင်း ၁၀ မြို့နယ်၊ အမှတ် (၂)က တောင်ပိုင်း ခုနစ်မြို့နယ်ပေါ့။ အဲဒီအတွက် PR နဲ့ပတ်သက်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) မှာ ၁၀ယောက်၊ အမှတ် (၂)မှာ ခုနစ်ယောက်ဆိုပြီး သွားနေတဲ့ PR စနစ်ပေါ့။ အဲဒီလိုပဲ အမျိုးသား လွှတ်တော်မှာလည်း မြို့ငယ်လေးတွေ၊ ခရိုင်တွေကို ကိုယ်စားပြုတဲ့ မဲဆန္ဒနယ် အမှတ် ၁၊ ၂၊ ၃၊ ၄ ဆိုပြီး ရှိမှာပေါ့။ အဲဒီလိုသွားတဲ့အခါမှာလည်း PR နဲ့ ပတ်သက်ရင် အမှတ်( ၁) PR အမှတ်( ၂) PR ပေါ့။ အမှတ် (၁) PR သည် မြောက်ပိုင်း ၁၀ မြို့နယ်၊ အဲဒီမှာ မြောက် ဦး၊ မောင်တော၊ စစ်တွေ သုံးခရိုင်ပေါ့။ အဲဒီသုံးခရိုင်မှာ အမျိုးသားလွှတ်တော် PR သုံးဦးရှိတယ်။ ပြောရရင် ဒါက ရေထဲမှာ မြုပ်နေတဲ့အပိုင်းပေါ့။ အမှတ်(၂) PR က တောင်ပိုင်း ခုနစ်မြို့နယ်ပေါ့။ အဲဒီအမှတ် (၂) PR မှာလည်း ထပ်ပြီးတော့ သုံးယောက်ရှိတာပေါ့။ အဲဒီတော့ ရေပေါ်မှာကျတော့  ကျောက်ဖြူရှိမယ်၊ မာန်အောင်ရှိမှာပေါ့။ မာန်အောင်ကျတော့ ခရိုင်လုပ်တဲ့အခါ တောင်ကုတ်ခရိုင်၊ သံတွဲ ခရိုင်ဖြစ်တဲ့အခါ မာန်အောင်မြို့နယ်၊ ဂွမြို့နယ်၊ သံတွဲမြို့နယ်၊ တောင်ကုတ်မြို့နယ်တွေပါသွားတာပေါ့။ အဲဒီလေးမြို့နယ်က တစ်ခရိုင် ဖြစ်သွားတာပေါ့။ အဲဒီမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ် ဦး (FPTP) ယှဉ်ပြိုင်တယ်။ သူ့‌နောက်မှာ PR နယ်မြေက အမှတ်(၂)မှာ ပါတယ်။ နောက်ရေပေါ်မှာရှိတဲ့ ကျောက် ဖြူဆိုတာရှိမှာပေါ့။ ကျောက်ဖြူမှာလည်း အမျိုးသားလွှတ် တော်ကိုယ်စားလှယ်တစ်ဦး (FPTP) ယှဉ်ပြိုင်တယ်။ လို ရင်းပြောရရင်တော့ FPTP နဲ သုံးမြို့နယ်ပဲ ယှဉ်ပြိုင်ရ တယ်ဆိုပေမယ့် သုံးမြို့နယ်နဲ့ ပတ်သက်တဲ့ အမျိုးသား လွှတ်တော်သည် ခရိုင်အနေနဲ့ သွားတဲ့အခါမှာ စစ်‌တွေ ခရိုင်ဆိုတဲ့ စစ်တွေမြို့ကို ကိုယ်စားပြုပြိုင်တဲ့ တစ်ဦးပါမယ်၊ သူ့နောက်မှာ PR သုံးဦးပါလာမယ်။ ပါတီတစ်ခုက စစ်တွေခရိုင်မှာ အမျိုးသားလွှတ်တော် လေးဦးယှဉ် ပြိုင်တဲ့သဘောပဲ။ တစ်ဦးက ရှေ့ထွက်တယ်၊ နောက်က သုံးဦးက PR နဲ့လာတယ်။ ကျောက်ဖြူမှာလည်း အဲဒီအတိုင်းပဲ အမျိုးသားလွှတ်တော် FPTP တစ်ဦးရှိမယ်၊ ကျောက်ဖြူ ကိုယ်စားပြုမှာပေါ့။ ကျောက်ဖြူခရိုင်ဆိုတော့ ရမ်းဗြဲလည်းပါတယ်။ ဒါပေမဲ့ အမ်းခရိုင်ပျက်တော့ အမ်းမှာ ရွေးကောက်ပွဲ သီးသန့် မလုပ်တော့ဘူး။ မာန်အောင်၊ တောင်ကုတ်၊ ဂွ ဆိုတဲ့နေရာမှာ မာန်အောင်ကို မဏ္ဍိုင်ပြုပြီးမှ တစ်ဦးလာတာပေါ့။
    တောင်ပိုင်းမှာ အမျိုးသားလွှတ်‌တော်(FPTP) က ကျောက်ဖြူတစ်ဦး၊ မာန်အောင်တစ်ဦး ပေါင်း နှစ်ဦးရှိမယ်။ သူ့နောက်မှာ အဲဒီခရိုင်နှစ်ခုမှာ PR နဲ့ သုံးဦးရှိလာမယ်။ လေးမြို့နယ်ကို ပယ်ဖျက်ခဲ့ပေမယ့် အမျိုးသားလွှတ်တော်စုစုပေါင်း ရခိုင်ပြည်နယ်က FPTP နဲ့ သုံးဦးလာမယ်။ PR နဲ့ ခြောက်ဦး လာမယ်။ ကိုးဦးက ရခိုင်ကိုယ်စားပြုပြီးမှ လာမယ့်လွှတ်တော်မှာ ပေါ်ထွန်းလာမှာပါ။ FPTP နဲ့ ယှဉ်ပြိုင်ရတဲ့ ပြည်သူ့လွှတ်တော်မှာ ကျတော့စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် တစ်မြို့နယ်တစ်ဦးစီ၊ သုံးဦးလာမှာပါ။ ပြည်နယ်လွှတ်တော်ကျ ပြန်ရင်လည်း သုံးမြို့နယ်မှာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးစီ FPTP နဲ့ လာမယ်။ နောက် PR နဲ့ ပြည်နယ် အမှတ်(၁) PR က ၁၀ ဦး၊ အမှတ်(၂) PR က ခုနစ်ဦး၊ အားလုံး ၁၇ ဦးပေါ့။ တကယ်ယှဉ်ပြိုင်မယ့် FPTP နဲ့ ပေါင်းရင် ၂၀ ၊ အဲဒီ ၂၀ ရဲ့ သုံးပုံတစ်ပုံဖြစ်တဲ့ ခုနစ် ဦးကလည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တွေအဖြစ် ပြည်နယ်ကို ရောက်လာမယ်။ ရခိုင်မှာ သုံး မြို့နယ်ကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်ပေမယ့်လို့ ရွေးကောက်ခံ ၂၀၊ တပ်မ‌တော်သားကိုယ်စားလှယ် ခုနစ်ဦး၊ ချင်းတိုင်းရင်းသားရေးရာတစ်ဦး အားလုံး ၂၈ ဦး၊ လာမယ့်ရခိုင် ပြည်နယ်လွှတ်တော်ထဲကို ရောက်လာကြမယ်လို့ သုံးသပ်မိပါတယ်။

TREND ။        ။ စစ်တွေမြို့ရဲ့ ရွေးကောက်ပွဲ အပိုင်း(၁) အခင်းအကျင်း အခြေအနေလေး ပြောပြပေး ပါဦး။
Dr.AM  ။        ။
ရွေးကောက်ပွဲ အခင်းအကျင်းက လုံခြုံရေးတွေလည်း လိုအပ်တဲ့နေရာတွေမှာ အပြည့်လုပ်ထားတယ်။ မဲရုံပရဝဏ်ရဲ့ ကိုက် ၁၀၀ ပတ်ဝန်းကျင် လုံခြုံရေးတွေ ယူထားတယ်။ အဲဒါကြောင့် လုံလုံခြုံခြုံ မဲလာပေးနိုင်တဲ့ အခြေအနေပါ။ ၆ နာရီမှာ မဲပေးလို့ရတော့ ၆ နာရီအတိ လာကြတယ်။ ထူးခြားတာက ဆရာ ဆရာမတွေက တစ်ညကြိုတင်ပြီးတော့ အိပ်‌စောင့်ကြတယ်လို့ သိရတယ်။ ပညာရေးဌာနက လမ်းညွှန်မှုနဲ့ပေါ့။ မဲရုံမှာ ညအိပ်စောင့်ပြီးမှ မနက် ၆ နာရီ မဲရုံဖွင့်နိုင်အောင် ကြိုးစား ခဲ့ကြတာ။ အဲဒါ ချီးကျူးဖို့ သိပ်ကောင်းတယ်။ နောက် လုံခြုံရေးအဖွဲ့တွေရော၊ ကြိုဆိုတဲ့သူတွေရော ရှိတယ်။ တချို့မဲရုံတွေမှာ မဲပေးသူများတော့ စက်နှစ်လုံးထားပေးတာ တွေ့ရတယ်။ မနက် ၆ နာရီကနေ ညနေ ၄ နာရီအထိ မဲရုံမှာ ပရိသတ်က မဲလာပေးနိုင်အောင် ကြိုတင် ပြင်ဆင်ထားတယ်။ မဲရုံမှူးတွေ၊ မဲရုံ ကိုယ်စားလှယ်တွေ၊ ဝန်ထမ်းတွေကအစ အားကြိုးမာန် တက်ရှိကြတယ်။ မဲပေးတဲ့သူတွေ တစ်စုံတစ်ရာ အနှောင့်အယှက်မရှိအောင် ဆောင်ရွက်ကြတယ်။ အဲဒါ တွေအားလုံးဟာ ရွေးကောက်ပွဲကြီး အောင်မြင်ပြီး မြောက်အောင် မဲပေးတဲ့ပြည်သူတွေအပါအဝင် အားလုံးက တက်တက်ကြွကြွ ဆောက် ရွက်ခဲ့ကြတယ် ဆိုတဲ့ အခင်းအကျင်းလို့ သုံးသပ်မိပါတယ်။

TREND ။        ။ ရခိုင်ပြည်သူတွေရဲ့ မဲပေးမှုအခြေအနေ ဘယ်လိုရှိလဲ၊ တွေ့ကြုံနေရသလောက် ပြောပြပါဦး။
Dr.AM      ။    ။
မနက် ၆ နာရီ မဲ‌ပေးပြီးတဲ့နောက်  ရပ်ကွက်ကြီးတစ်ခု ရောက်ခဲ့တယ်။ အဲဒီရပ်ကွက်မှာ လက်လုပ်လက်စားလည်းများပါတယ်။ အဲဒီမှာ မဲရုံတိုင်းပါပဲ၊ တိုးဝှေ့ပြီးမှ မဲပေးကြတာတွေ့တော့ တော်တော် ဝမ်းသာမိပါတယ်။ မဲပေးတာ တော်တော်များတယ်ဗျ။ ထူးခြားတယ်။ မဲရုံတိုင်းမှာ မနက် ၆ နာရီဖွင့်တာနဲ့ တန်းစီကြသူတွေများတယ်။ မနက်စောစောစီးစီး မဲပေးချင်ကြတာလည်းပါမယ်။ နေမပူခင် ပေါ့။ မဲပေးခွင့်ရှိတဲ့ လူတိုင်း နီးပါးလောက် မဲပေးဖြစ်ကြလိမ့်မယ်လို့ သုံးသပ်မိပါတယ်။ ကြိုးစားပန်းစား လာကြတယ်။ အသက်ကြီးကြီး အဘွားကြီးတစ်ဦးနဲ့ အမျိုးသားကြီးနှစ်ဦး တွေ့ခဲ့တယ်၊ အသက်(၇၀) ကျော်တွေဆိုရင် သူတို့က ကျန်းမာရေးမကောင်းဘူး။ ကြိုတင်မဲ မပေးဘူး။ စက်ခလုတ် ခုံမှာ ကိုယ်တိုင်နှိပ်ပြီး မဲပေးမယ်‌ဆိုပြီး မဲရုံကို ရောက်လာ ကြတယ်။ အဲဒါကို အထက (၁) မဲရုံမှာ တစ်ဦးတွေ့ခဲ့တယ်။ နောက်ရပ် ကွက်တစ်ခုမှာလည်း အမျိုးသားကြီး နှစ်ဦးတွေ့ခဲ့တယ်။ တစ်ဦးက လမ်းလျှောက်တဲ့အခါ နည်းနည်းလေဖြန်းနေတယ်။ တစ်ဦးကတော့ အသက်ကြီးကြီးဖြစ်နေပြီ။ ဘုန်းကြီးတစ်ပါးက လာတွဲ ပေးတယ်။ ကိုယ်တိုင် မဲပေးချင်လို့ အဲဒီလို ကိုယ်တိုင်လာမဲပေးတာလို့ သိရတယ်။ 

TREND ။        ။ ရခိုင်၊ စစ်တွေမှာ မဲပေးမှုများပြားခဲ့တဲ့အပေါ် ဘယ်လိုမှတ်ချက်ပြုချင်လဲ။
Dr.AM    ။    ။
ဒါနဲ့ပတ်သက်ပြီး ရခိုင်လူထုက ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို သွားချင်တယ်၊ အခုလို ဒုက္ခသုက္ခကြားမှာ ဆက်ပြီးမနေချင်တော့ဘူး။ အဖြေတစ်ခုကို ရချင်တယ်။ ငြိမ်းချမ်းချင်တယ်ဆိုတဲ့ သဘောအများကြီးတွေ့ရတယ်။ တည်ငြိမ်အေးချမ်းချင်တယ်။ မဲပေးပြီးတဲ့နောက် ရွေးကောက်ပွဲအလွန်မှာ  အားလုံးအတွက် မျှော်လင့်ချက်လေး ပေါ်စေချင်တာပေါ့။ အခုလို စစ်ဖြစ်တာမျိုးတွေ၊ ဒုက္ခသု က္ခတွေ ထူပြောတာမျိုးတွေကို သူတို့က ငြီးငွေ့နေကြပါပြီ။ အဲဒါကြောင့် တခြားနေရာမှာ  မဲမပေးနဲ့လို့ ဘယ်လိုပဲ ဆန့်ကျင်မှုရှိနေပါစေ၊ ပဋိပက္ခဖြစ် တဲ့ဒေသ၊ အထူးသဖြင့် ရခိုင်၊ စစ်တွေ ရွေးကောက်ပွဲမြင်ကွင်းအရ လူတိုင်းလာပြီးမဲပေးကြတာ အံ့သြမိတယ်။ ကျွန်‌တော်အံ့သြပါတယ်။ သူတို့ကို ကျေးဇူးတင်မိ တယ်။ ဘယ်ပါတီပဲ မဲပေးပေး၊ လက်ရှိ အခက်အခဲတွေကို ကျော်ဖြတ်ချင်တဲ့ သူတို့ရဲ့ဆန္ဒကို အသိအမှတ် ပြုမိပါတယ်။

TREND ။        ။ ရွေးကောက်ပွဲကာလနဲ့ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ရခိုင်လူမျိုးတွေရဲ့ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေတဲ့ ရှေးဟောင်း ယတြာခေါင်းလောင်းကို AA တူးဖော်တွေ့ရှိဆိုတဲ့ သတင်းကြားရပါတယ်။ ဒီအပေါ်ဘယ်လိုမြင်လဲ။ 
Dr.AM      ။    ။
ကျွန်တော်လည်း သတင်းမှာ ဖတ်လိုက်ရတယ်။ ထူးခြားချက်တစ်ခု ရခိုင်မှာ ယတြာခေါင်းလောင်းကို ဇူလိုင်လမှာ တွေ့တယ်လို့ ပြောတယ်။ အခုမှ ဘာလို့ အသိပေးကြေညာတာလဲ၊ ဒါက ထူးခြားချက်ပေါ့။ ယတြာခေါင်းလောင်းဖြစ်နိုင်ဖို့ ရာခိုင်နှုန်းတော့များတယ်။ တွေ့တဲ့နေရာကလည်း မဟာမုနိကုန်းတော်ပေါ်ကတွေ့တာ။ ကျောင်းဆောက်ဖို့ ပန္နက်တူးတဲ့သူတွေက တွေ့တာကနေ ဘယ်တုန်းက မြှုပ်ထားတယ်ဆိုတာ ဖြစ်တည်တာပေါ့။ ဒီခေါင်းလောင်းကြီး မြှုပ်နှံစဉ်က အသက် (၂၅) နှစ်လောက်ရှိတဲ့ ပုဂ္ဂိုလ်က သူ့ရဲ့ဆွေမျိုးတွေနဲ့အတူ မြှုပ်နှံခဲ့တာပေါ့။
    အခုက အသက်  (၈၅) လောက်ရှိပြီဆိုတော့ လွန်ခဲ့တဲ့ နှစ် ၆၀ လောက်က မြှုပ်နှံခဲ့တာပေါ့။ အဲဒီတော့ ဖြတ်သန်းခဲ့ရတဲ့ ဖဆပလခေတ်၊ တော်လှန်ရေးကောင်စီတို့၊ မဆလတို့ ခေတ်တို့ ဖြတ်တယ်၊ နဝတ၊ နယကခေတ်တို့ကို ဖြတ်ခဲ့တယ်။ အခုထိ ရေငုံနှုတ်ပိတ်နေခဲ့တယ်။ ဒါပေမဲ့လို့ မဟာမုနိ ဝိဟာရကျောင်း ဖြစ်မှာပေါ့။ အဲဒီကျောင်းကြီး ဆောက်တဲ့အခါမှာ ပန္နက်တူးတယ်၊ တူးတဲ့အခါမှာ အဲဒီခေါင်းလောင်းကို တွေ့လိုက်တယ်ဆိုတဲ့ သတင်း လူတွေသိသွားကြတော့ စပြီးတော့ မြှုပ်နှံခဲ့တဲ့ပုဂ္ဂိုလ်က ဒီနေရာမှာ သူတို့ ဒီလိုမြှုပ်နှံခဲ့တယ်ဆိုတာကို ULA/AA  ဆီမှာ တင်ပြပြီးမှ တူးကြတယ်ပေါ့ဗျာ။ဇာတ်လမ်းအရ ပြောပြတာပါ။ ထူးခြားတာက အခုမှ ဘာလို့ ကြေညာတာလဲပေါ့။ ဇူလိုင်လမှာ တွေ့တယ်၊ သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ အခုမှပဲကြေညာတယ်၊ ဘာကြောင့်လဲတော့ မပြောတတ်ဘူး။ ကျွန်တော်တို့က တော့ အသေးစိတ်မသိဘူး၊ ကြားဖူးနားဝတော့ရှိတယ်။ ယတြာခေါင်းလောင်းရှိတယ်၊ အဲဒါကို ဦးနေဝင်း လက်ထက်ကလည်း ရှာနေတယ်။ ဦးခင်ညွန့်တို့ လက်ထက်ကလည်း ရှာခဲ့တဲ့ပုံပေါက်တယ်။ အဲဒီလိုမျိုး ကောလာဟလတွေကတော့ ရခိုင်လူထုကြားမှာ၊ ကျောင်းသားထုကြားမှာ ပျံ့နှံ့ခဲ့တယ်။ ယတြာခေါင်း လောင်းဆိုတာ ၁၆၃၈၊ ၁၆၄၅ လောက်က သွန်းလုပ်ခဲ့တဲ့ ခေါင်းလောင်းကြီး၊ ခုနှစ်သက္ကရာဇ်ကတော့ အတိအကျ ကျွန်တော် မသိဘူး။ ယတြာခေါင်းလောင်းကြီးမှာက ရေအင်း၊ မြေအင်း၊ မီးအင်း စသည်ဖြင့် အင်းတွေချထားတယ်ပေါ့။ ရန်သူနိုင်ငံတွေဖြစ်တဲ့ အရှေ့ဘက်က ဘယ်တိုင်းပြည်၊ ဘယ်တိုင်း ပြည်ပေါ့။ ပဲခူး၊ ဟံသာဝတီ တို့ပါတယ်။ ယိုးဒယားတို့ပါတယ်။ အဲဒီလိုမြို့တွေ၊ အဲဒီဘုရင်တွေနဲ့ပတ် သက်တဲ့ နိုင်ငံတွေရဲ့အင်းတွေ မြှုပ်ထားတာပေါ့။ ယုတ္တဗေဒအားဖြင့် မပြောတတ်ဘူး။ ဒါပေမဲ့ ရှေးဟောင်း ဖြစ်တယ်လို့ ကြားဖူးတယ်။ ပြီးတော့ ယတြာ ခေါင်းလောင်းကြီး အစစ်အမှန် ဟုတ်၊ မဟုတ်လည်း မ‌ပြောတတ်ဘူး။ ဒါပေမဲ့ အစစ်အမှန်လို့တော့ ကြေညာတာ တွေ့တယ်။ နှစ်ပေါင်း ဘယ်လောက်ရှိပြီဆိုတာလည်း ကြေညာတာပေါ့။ အဲဒီတော့ ပြောချင်တာက ထူးခြားတာ အဲဒါပါပဲ။ ဇူလိုင်လမှာ တွေ့တယ်၊ အခုမှပဲ ဒီသတင်းကို ဘာကြောင့် ဖော်ပြတာလဲပေါ့။

TREND ။        ။ ခေါင်းလောင်းကြီး တွေ့ရှိတယ်ဆိုတဲ့ သတင်း အခုမှထုတ်ပြန်လာရတဲ့ အကြောင်းအရင်းကို ဘယ်လိုသုံးသပ်ချင်လဲ။
Dr.AM  ။        ။
သူ့ရဲ့ရေးသားထားပုံအရ ယတြာခေါင်းလောင်းကြီးက စစ်နဲ့ပတ်သက်တဲ့ ဥစ္စာဗျ။ ယတြာ ခေါင်းလောင်းကြီးကို မူလက ဥဿလင်းစေတီမှာ စပြီး တော့ပေါ့၊ ကုလားတန်မြစ်ကြီးရဲ့ အရှေ့ ဘက်ကို မူပြီးမှ ဆိုတာလည်း တွေ့တယ်။ ဥဿလင်းဆိုတာက ပထမ ဓညဝတီတို့၊ ဘာတို့ တည်ခဲ့တဲ့နေရာ။ အဲဒါက အခုဆိုရင် ပလက်ဝဒေသဘက်ကို ရောက်နေတာ။ အဲဒီနောက် ပိုင်းမှာ‌တော့ မဟာမုနိဘက်ကို ပြောင်းလာတာ ဖြစ်မှာပေါ့။ အဲဒီခေါင်းလောင်းကို တီးမယ်၊ သုံးခါတီးရင် တီးတဲ့နိုင်ငံက ဖိန့်ဖိန့်တုန်အောင် ကြောက်ရတယ်ပေါ့ဗျာ။ ပျက်စီးတယ်၊ ကြံစည်တာတွေ ပျက်စီးသွားတယ်ပေါ့။ ဒါကြောင့် ဒီခေါင်းလောင်းကြီး သုံးချက်တီးမှာကို စိုးရိမ်ခဲ့ကြရတယ်ပေါ့။ အဲဒီလိုမျိုး ဖွင့်ဆိုထားတယ်လို့ သိရတယ်။ ဒီယတြာခေါင်းလောင်းကိုတီးရင် သူတို့ကိုလာပြီး တခြားနိုင်ငံတွေရဲ့ ကျူးကျော်တိုက် ခိုက်လာတဲ့ စစ်ရေးကို ပြိုပျက်စေတဲ့ သဘောဖြစ်မှာပေါ့။ မီးတို့၊ ရေတို့၊ လေတို့၊ မြေတို့ အင်း‌တွေ ချထားတာပေါ့။ ရေဆိုရင် ရေအင်းနဲ့ တိုက်တာပေါ့။ ရေဆိုရင် ရေနဲ့တိုက်တာပေါ့။ သူတို့ ဒီဘက်ကို လာတိုက်ရင် ရေနဲ့ခံတယ်၊ ယတြာတစ်ခု ချေလိုက်တယ် ဥပမာ တစ်ဖက်က ရန်သူသင်္ဘောကြီး တွေနဲ့လာရင် မုန်တိုင်းဆင်ပြီး ပျက်စီးသွားနိုင်တာပေါ့။ မီးကြောင့် ပျက်စီးသွားစေနိုင်တာပေါ့။ အဲဒီလိုမျိုး မီး၊ ရေ၊ လေ၊ မြေကြီး အင်းဆိုတာ ဖြစ်လာတာပေါ့။ မြေကြီးဆိုတာ ငလျင်တို့၊ ဘာတို့ ဖြစ်လာနိုင်တာပေါ့။ အဲဒီလို အင်းကြီးလေးခုရှိတယ် ဆိုထားပါတယ်။ အဲဒီတော့ အခုမှ ဘာလို့ကြေညာရသလဲ။ ဒီဟာကြီးကို ရထား ပြီးပြီဆိုတာ ပြောချင်၊ ပြချင်တဲ့ သဘောပေါ့။ ခေတ်အဆက်ဆက်က ရှာလာခဲ့တဲ့ တန်ဖိုးရှိတဲ့ ယတြာ ခေါင်း လောင်းကြီးက တို့လက်ထဲမှာ ရထားပြီးပြီဆိုတာ ရခိုင်ပြည်သူတွေကိုလည်း သိစေချင်တဲ့ သဘောပေါ့။ ဒါက တိုင်းပြည်ကိုလည်း ကာကွယ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုလည်း ရှိသွားစေနိုင်တာပေါ့။ ဟိုတုန်းက ကြားဖူးတယ်၊ 'ဝ'တပ်ဖွဲ့တွေက သူတို့မှာ ကျည်ဆန်ကွင်းတယ်ဆိုလား၊ အသေခံတိုက်ကြတယ်ဆိုတာမျိုး ရှိတယ်။ အဲဒီကာလက ကျည်ဆန်မပေါက်ဆိုတာမျိုး သတ္တိ‌မွေးပြီးတော့ ရှေ့တန်းမှာ တိုက်ခိုင်းတာပေါ့။ အဲဒီတော့ ဒီယတြာခေါင်းလောင်းရဲ့ တန်ခိုးတို့၊ အာနိသင်က ခေတ်အဆက်ဆက် ဒီလိုပဲ သတ်မှတ်ခဲ့ကြတာတွေ ရှိခဲ့မှာပါ၊ အခုအချိန်အထိပေါ့။ ယတြာခေါင်းလောင်းသည် ရခိုင်‌ဒေသကို ကာကွယ်တယ်၊ ရခိုင်ဒေသကို အကာအကွယ်ပေးနိုင်တဲ့ သဘောလည်း သက်ဝင်နိုင်တဲ့ သဘောပေါ့။ အဓိက ဒီယတြာ ခေါင်းလောင်းကြီးက စစ်နဲ့ ပတ်သက်တယ်၊ ဘာသာတရားနဲ့ မပတ်သက်ဘူး။ ဘုရားမှာ ခေါင်းလောင်းသုံး ကြိမ်ထိုးတာတို့၊ ကုသိုလ်ဒါနပြုတဲ့သဘောမျိုး သက်ဝင်တဲ့ ခေါင်းလောင်းမဖြစ်နိုင်ဘူး။ တစ်ဖက်နဲ့တစ်ဖက် စစ်လက်နက်ပြိုင်ကြတဲ့ ကာလတွေမှာ ယတြာခေါင်းလောင်းကို ဟိုးရှေးခေတ်တွေ ကတည်းက အသုံးပြုခဲ့ကြပုံပေါက်ပါတယ်။ ဒီခေါင်းလောင်းကြီးကို အသုံးပြုခဲ့ကြတာကလည်း မိမိနိုင်ငံ ကို သူတစ်ပါးနိုင်ငံတွေက စစ်လာပြုတဲ့ အခါမှာ အတားအဆီး  အဟန့်အတားဖြစ်‌စေဖို့ မီး၊ ရေ၊ လေ၊ မြေ ကာကွယ်မှုပြုအောင် ဒီယတြာခေါင်းလောင်းက တန်ခိုးရှိတယ်ပေါ့။ အဲဒီသဘောလို့ပဲ နားလည်တယ်။ 

TREND ။        ။ ခေါင်းလောင်းကြီးက စစ်နဲ့ပတ်သက်တယ်ဆိုတော့ လက်ရှိ ပဋိပက္ခအခြေအနေမှာ ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်လဲ။
Dr.AM     ။    ။
ဒီအချိန်မှာ ထုတ်ပြလာတဲ့ အခြေအနေက Timing ကို စဉ်းစားတာပါ။ ဘာကြောင့် ဇူလိုင်လမှာ မကြေညာတာလဲ။ ဥပမာ သုတေသနပြုနေ လို့လား။ ရှေးဟောင်းပစ္စည်း မှန်ခြင်း၊ မမှန်ခြင်း သု‌တေသနလုပ်နေတာကြောင့် ကြာနေတာလား၊ အခုကာလမှာ ဘာကြောင့်ထုတ်ပြသလဲ၊ အဲဒီနှစ်ခုရဲ့ စစ်ရေး၊ နိုင်ငံရေးအပေါ်မှာလည်း တွက်ချက်ပြီးမှ ဝေဖန်တဲ့သူက ဝေဖန်ကြမှာပဲ။ စောစောကပြောသလို ဒီယတြာခေါင်းလောင်းရဲ့ အသုံးဝင်ပုံက စစ်နဲ့ပတ်သက်တယ်။ စစ်ချီတာ၊ ကာကွယ်တာ အဲဒီနှစ်ခုနဲ့ပတ် သက်ပြီး ယတြာချေတာ ဆိုတာမျိုးပေါ့။ ဒီခေါင်းလောင်းကြီးတီးရင် ရှေးခေတ်က ရန်ပြုလာမယ့် တစ်ဖက် နိုင်ငံတွေ ဖိန့်ဖိန့်တုန်အောင် ကြောက်ကြရတာ။  ခေါင်းလောင်းတော်ရဲ့ လက်တွေ့စွမ်းခြင်း၊ မစွမ်းခြင်း ကတော့ မပြောတတ်ဘူး။ ဒီကာလကြီးမှာ သက်ရောက်မှု သိပ်မရှိနိုင်ဘူး။ သိပ္ပံပညာ အလွန်ထွန်းကားတဲ့ ခေတ်ကြီးကိုးဗျ။
    ဟိုတုန်းက  သိပ္ပံပညာမထွန်းကားတဲ့ အချိန်မှာ အင်းအိုင်လက်ဖွဲ့တွေဆိုတာ အဓိက လူထုအတွက် စိတ်ဓာတ်မြှင့်တင်တဲ့အခါမှာပဲဖြစ်ဖြစ် သုံးခဲ့ကြတာများတာပေါ့။ အဓိက,ကတော့ ယတြာခေါင်း လောင်းကြီးက အကာအကွယ်ပေးနိုင်မယ်ပေါ့။ အကာအကွယ်ပြုနိုင်တဲ့ ပစ္စည်းတစ်ခု သူတို့ဆီမှာ ရှိတယ်ဆိုတဲ့သဘောမျိုး စိတ်အားတက်သွားတာမျိုးပေါ့။ ဒါက နှစ်ပေါင်းများစွာ အကာအကွယ်ပေးနိုင်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ကွယ်ပေးမယ့်သူရောက်လာရင် စိတ်ဓာတ်တက်ကြွလုံခြုံသွားတဲ့ သဘောမျိုးပေါ့။ ဒါပေမဲ့ ဒါလေးတွေက ယူဆတာပါ။ သို့သော်လည်း မပြောတတ်ဘူး။ စွမ်းအားသတ္တိ ဘယ်လောက်ရှိလဲဆိုတာ သမိုင်းအရ မပြောတတ်ဘူး။ ဒီလိုပဲ ယုံကြည်လာခဲ့ကြပုံပေါက်ပါတယ်။ တစ်ခုရှိတာကခေါင်း လောင်းကြီးက ၁၆၃၀ ကျော်မှာ သွန်းလုပ်ခဲ့တယ်။ မြောက်ဦးနန်းက ၁၄၃၀ မှာ စပြီး နန်းမြို့ရိုးအဖြစ် စတည်တာပေါ့။ အဲဒီတော့ ခေါင်းလောင်းသွန်းလုပ်တဲ့ကာလနဲ့ မြောက်ဦးနန်းပျက် တဲ့ကာလ ရှိတာကိုး။ မြောက် ဦးနန်းက ၁၇၈၄ မှာ ကျတာ။ တကယ်လို ဒီခေါင်းလောင်းကြီးတာ ယတြာတို့သာရှိရင် အဲဒီကာ လတုန်းကအောင် မြင်ခဲ့ရမှာပေါ့။ အဲဒီတုန်းက ယတြာခေါင်းလောင်းကြီး မရှိလို့လား မပြောတတ်ပါဘူး။ ခေါင်းလောင်းကြီး သွန်းခဲ့တာက သူတို့ရေးသားပုံအတိုင်းဆိုရင် ကျွန်တော်က ရှေးဟောင်းသမိုင်း ပညာရှင်မဟုတ်တော့၊ သိပ်မသိတော့ ဒီလောက်ပဲ ပြောနိုင်တယ်။


TREND    ။    ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။     
(ညီသစ်
)

(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၅၀ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

TREND News Journal PDF FIle Download Link

Total Views ~ 22

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59703

© 2022 - 2026 News. All Rights Reserved.