Breaking

တရုတ်နှင့် အာဆီယံရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ပြောကြား

ရန်ကုန်၊ စက်တင်ဘာ ၂၅
    မြန်မာနိုင်ငံအနေဖြင့်လည်း တရုတ်နှင့် အာဆီယံနိုင်ငံများမှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယ်ယူပို့ဆောင်ရေး၊ သတင်းအချက်အလက်နှင့်နည်းပညာ၊ ဆက်သွယ်ရေး၊ စွမ်းအင်၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ထုတ်လုပ်မှုနှင့် စက်မှုကဏ္ဍအသီးသီးတို့တွင်လည်း ရင်းနှီး မြှုပ်နှံမှုရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်လိုပါကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေက ပြောကြားသည်။
    တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်းရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ကျင်းပသည့် (၂၁) ကြိမ်မြောက် အာဆီယံ-တရုတ် ကုန်စည်ပြပွဲ၏ ဆက်စပ် အစည်းအဝေးတစ်ခုအဖြစ်၂၀၂၄ ခုနှစ် ဒုတိယအကြိမ်မြောက် China-ASEAN Industrial Cooperation and “Two Countries and Twin Parks” စီမံကိန်းဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင် ဆွေ တက်ရောက်မိန့်ခွန်းပြောကြားရာတွင် အထက်အတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
    မြန်မာသံအမတ်ကြီးက မိန့်ခွန်းပြောကြားရာ၌ China-ASEAN Industrial Cooperation and “Two Countries and Twin Parks” စီမံကိန်းဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲသည် အာဆီယံနှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် နှစ်နိုင်ငံဆက်ဆံမှု မြှင့်တင်ရေးအတွက် အရေးပါသည့် ဆွေးနွေးပွဲတစ်ခုဖြစ်ကြောင်း၊ အာဆီယံ-တရုတ် ဆက်ဆံရေး ပိုမိုရင့်ကျက်လာသည်နှင့်အမျှ နှစ်ဖက်လုံးအတွက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း အပြန်အလှန် အကျိုးဖြစ်ထွန်းမှုစသည့် ရလဒ်ကောင်းများ ဖြစ်ပေါ် လျက်ရှိကြောင်း၊ ယနေ့ခေတ်တွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင် နေရသော်လည်း အာဆီယံနှင့် တရုတ်နိုင်ငံတို့မှာ အကြီးမားဆုံး ကုန်သွယ်ဘက်နိုင်ငံများအဖြစ် ရပ်တည်လျက်ရှိကြောင်း၊ အာဆီယံသည် ဒေသတွင်းကဏ္ဍအသီးသီး၌ ဆန်းသစ်တီထွင်မှုများ ရှာဖွေဖော်ထုတ်ရန်နှင့် စီးပွားရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် အဓိကကျသည့်ဒေသတွင်း အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများနှင့်စပ်လျဉ်း၍ တိုးတက်မှုလမ်းကြောင်းပေါ်တွင် ဆက် လက်တည်ရှိနေပါကြောင်း ပြောကြား သည်။
    ဆက်လက်၍ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များ အဆင်ပြေလွယ်ကူစေရေးနှင့် အာဆီယံနိုင်ငံများမှကုန်စည်များ တိုးမြှင့်ထုတ်လုပ် ရောင်းချနိုင်မည့် ဈေးကွက်ဆိုင်ရာ အခွင့်အလမ်း များတိုး တက်ရရှိရန် မျှော်လင့်ပါကြောင်း ဖြည့်စွက် ပြောကြားသည်။ ထူးမြတ်

Total Views ~ 316

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59703

© 2022 - 2026 News. All Rights Reserved.