ဒဂုံဆိပ်ကမ်း အမျိုးသားကင်ဆာကုသရေးဌာနတွင် ဓာတ်ရောင်ခြည်ကင်ဆာကုသစက် အသုံးပြုကုသမှု စတင်

ရန်ကုန်၊ ဇန်နဝါရီ ၂၉
    ရန်ကုန်တိုင်းဒေသကြီး ကုသရေး ဦးစီးဌာနသည် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရှိ အမျိုးသားကင်ဆာရောဂါကုသရေးဌာနတွင် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသစက်များ (Linear Accelerators - LA) အား ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၁ ရက်တွင် စတင်အသုံးပြုပြီး ကင်ဆာရောဂါကုသပေးလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ 
    အထက်ပါ ဓာတ်ရောင်ခြည်ဖြင့် ကုသသည့် စက်များတွင် Radixact စက်အမျိုးအစားသည် ဦးနှောက်နှင့် ကျောရိုးကင်ဆာများ၊ ကလေးကင်ဆာရောဂါများ၊ အရွယ်အစားကြီးမားသည့် ကင်ဆာများကို ကုသချိန် မြန်ဆန်စွာဖြင့်ကုသနိုင်ခြင်း၊ Halcyon စက်အမျိုးအစားသည် ကင်ဆာအမျိုးအစားမျိုးစုံကို ကုသချိန်မြန်ဆန်စွာဖြင့် လူနာများစွာကို ကုသနိုင်ခြင်း၊ Vital beam စက်သည် ရောင်ခြည်စွမ်းအားမျိုးစုံ၊ ပြင်းအားမျိုးစုံ ပါဝင်သောကြောင့် လိုအပ်သလိုပြောင်းလဲ အသုံးပြုနိုင်ပြီး အရေပြား ကင်ဆာအပါအဝင် ကင်ဆာမျိုးစုံကို ကုသနိုင်မည် ဖြစ်ကြောင်း သိရသည်။ 
    ဓာတ်ရောင်ခြည်ဖြင့် ကုသမှုခံယူနေသည့် ကင်ဆာရောဂါ လူနာများနှင့် မိသားစုဝင်များ၊ ဝန်ဆောင်မှုပေးနေသည့်ကျန်းမာရေးဝန်ထမ်းများ သွားလာရေး အဆင်ပြေစေရန်အတွက် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးနှင့် အမျိုးသားကင်ဆာရောဂါ ကုသရေးဌာနခရီးစဉ်တွင် ခရီးသည်ကားသုံးစီး၊ လူနာ တင်ယာဉ်တစ်စီး စီစဉ်ပေးထားကြောင်း သိရသည်။
    ထို့အပြင် ခရီးသည်တင် YBS ယာဉ်အမှတ်(၈၉)နှင့် (၁၃၃)ကို ပုံမှန်ပြေးဆွဲပေးနေပြီး လူနာများ လာရောက်ဆေးကုသမှု ခံယူနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ ထူးမြတ်

Total Views ~ 627

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60614

© 2022 - 2026 News. All Rights Reserved.