Breaking

မန္တလေးတွင်ရှိသည့် အထည်ချုပ်လုပ်ငန်းများအနေဖြင့် လုပ်သားအင်အားနှင့် နည်းပညာများပံ့ပိုးပေးရန် လိုအပ်

ရန်ကုန်၊  ဒီဇင်ဘာ ၁၁
    မန္တလေးတွင်ရှိသည့် အထည်ချုပ်လုပ်ငန်းများအနေဖြင့် အထည်ချုပ်ဝန်ထမ်းနှင့် နည်းပညာပံ့ပိုးမှုများ လိုအပ်နေကြောင်း မန္တလေးအထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဒေါ်လေးလေးမွန်က ဒီဇင်ဘာ ၆ ရက်က YCC တွင်ကျင်းပသည့် မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲတွင် ပြောကြားခဲ့သည်။
    "အစ်မတို့ အသင်းမှာဆိုရင် အထည်ချုပ်ဝန်ထမ်းနဲ့ နည်းပညာပံ့ပိုးမှုတွေ လိုအပ်ပါတယ်။ နည်းပညာသင်တန်းလေးတွေ ပံ့ပိုးပေးမယ်ဆိုရင် အစ်မတို့က အများကြီး တိုးတက်လာမှာပါ။ အခု လက်ရှိကတော့ စက်ချုပ်သင်တန်းလေးတွေ လုပ်ပေးနေပါတယ်။ အသင်းအနေနဲ့လည်း သက်ဆိုင်ရာ ဌာနတွေက ပံ့ပိုးပေးရင် မန္တလေးအထည်ချုပ် လုပ်ငန်းရှင်များအသင်းက ရှေ့ကို ပိုရောက်ပြီးတော့ တိုးတက်လာမှာ ဖြစ်တဲ့အတွက် ပိုပြီး တိုးတက်လာမယ်လို့ ပြောချင်ပါတယ်"ဟု ပြောကြားခဲ့သည်။
    တရုတ်နိုင်ငံ Zhejiang ပြည်နယ်မှ ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၏ ကူညီပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း ရှင်များအသင်း (MGMA) နှင့် Chinese Textile & Garment Association in My-anmar (CTGA) တို့ ပူးပေါင်းကာ တရုတ်-မြန်မာ နှစ်နိုင်ငံ အထည်အလိပ်နှင့်အထည် ချုပ်လုပ်ငန်းများ၊ မြန်မာနိုင်ငံနှင့် အာဆီယံ နိုင်ငံများအကြား စီးပွားရေးဆိုင်ရာ ဆက်ဆံရေးများ၊ အလားအလာရှိသည့် စီးပွားရေး ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများ ရေရှည်ပြုလုပ်နိုင်ရန်နှင့် မြန်မာနိုင်ငံအထည်ချုပ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း၊ အဆိုပါပြပွဲတွင် မန္တလေးအထည်ချုပ်လုပ်ငန်းမှ ပြခန်းခြောက်ခန်းဖွင့်လှစ်၍ အသေးစား၊ အလတ်စားလုပ်ငန်းများ ဖြစ်သည့် ချည်ထည်များ၊ ကလေးကျောင်း ဝတ်စုံများ၊ မြန်မာရိုးရာ အင်္ကျီများ၊ အိတ်များနှင့် CMP စနစ်ဖြင့် ချုပ်သည့် စက်ရုံများ ပါဝင်ပြသခဲ့ကြောင်း သိရသည်။
    ပြပွဲတွင် MGMA နှင့် CTGA ၊ ကိုရီးယား (KOGAM)၊ ဟောင်ကောင် (HK-MMA) တို့မှ အသင်းဝင် စက်ရုံများ၏ Pavilion များ၊ အခြားသော အာဆီယံနိုင်ငံများ၏ Pavilion များကိုလည်း သက်ဆိုင်ရာ အသင်းများနှင့်အတူ ဆိုင်ခန်းပေါင်း ၁၂၀ ကျော် ခင်းကျင်း ပြသခဲ့ကြောင်း သိရသည်။ သက်မှူး

Total Views ~ 450

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59703

© 2022 - 2026 News. All Rights Reserved.