ရုရှား-မြန်မာ  ခရီးစဉ်ဒေသများ တိုက်ရိုက်လေကြောင်းလိုင်းပျံသန်းရန် ဆွေးနွေး

၂၀၂၃  နိုဝင်ဘာ ၁၃
    နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းများ မြှင့်တင်ရေးအတွက် နှစ်နိုင်ငံအတွင်းရှိ ခရီးစဉ်ဒေသများ တိုက်ရိုက်လေကြောင်းလိုင်း ပျံသန်းရန် နှစ်နိုင်ငံတာဝန်ရှိသူများ ဆွေးနွေးခဲ့ကြောင်း သိရသည်။
    နိုဝင်ဘာလ ၁၀ ရက်က ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov အား ဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံရာ အထက်ပါကိစ္စရပ်ကို ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
    တွေ့ဆုံရာတွင် ပြည်ထောင်စုဝန် ကြီး ဒေါက်တာသက်သက်ခိုင်က မြန်မာ-ရုရှား ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှု ဆိုင်ရာခရီးစဉ်(Familiarization Trip-FAM Trip) ပြီးဆုံးပြီးနောက် ဆက်လက် ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံခရီးသွားများ အပြန်အလှန် သွားလာလည်ပတ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အစိုးရ-ပုဂ္ဂလိက အားလုံးပါဝင်သော Virtual Tourism Forum ပြုလုပ်နိုင် ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ ခရီးသွား လုပ်ငန်းတိုးမြှင့် ဆောင်ရွက်နိုင်ရေးအတွက် အစိုးရ-ပုဂ္ဂလိက ပါဝင်သော Working Group များ ဖွဲ့စည်းဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံ ခရီးစဉ်ဒေသများသို့ တိုက်ရိုက်လေကြောင်း လိုင်းများ ပျံသန်းပြေးဆွဲ ပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ ခရီးစဉ်ဒေသများ ကြော်ငြာမြှင့်တင် ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းတိုးတက်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက် ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအကြား နှစ်နိုင်ငံ ကူးလူးဆက်ဆံ ရေး Connectivity တွင် မရှိမဖြစ်လိုအပ်သည့် လေကြောင်းသယ်ယူ ပို့ဆောင်ရေးကဏ္ဍအတွက် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI)သည် ရုရှားနိုင်ငံသို့ တိုက်ရိုက်ပျံသန်းသည့် ရန်ကုန်-မန္တလေး-နိုဗိုဆီဘရစ်-မန္တလေး- ရန်ကုန်ခရီးစဉ်သစ်ကို စက်တင်ဘာ ၅ ရက်တွင် စတင်ပျံသန်း ပြေး ဆွဲခဲ့ပြီးဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI)သည် ရုရှားနိုင်ငံသို့ တိုက်ရိုက်ပျံသန်းသည့် ရန်ကုန်-မန္တလေး-နိုဗိုဆီဘရစ်-မန္တလေး-ရန်ကုန်ခရီးစဉ်ကို အပတ်စဉ်အင်္ဂါနေ့နှင့် စနေနေ့တို့တွင် တစ်ပတ် နှစ်ကြိမ် ပျံသန်းပြေးဆွဲနေသည်။

Total Views ~ 432

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60614

© 2022 - 2026 News. All Rights Reserved.