Breaking

သီတင်းကျွတ်ကာလ ပုဂံဒေသခရီးသွားဝင်ရောက်မှု များပြားခဲ့ပြီး တည်းခိုရေး အခက်ကြုံခဲ့ရ

ရန်ကုန်၊ အောက်တိုဘာ ၂၃
    ၂၀၂၄ ခုနှစ် သီတင်းကျွတ်ကာလတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ခရီးသွားဝင်ရောက်မှုများပြားခဲ့ပြီး ခရီးသည် အချို့တည်းခိုရေး အခက်တွေ့ခဲ့ကြောင်း ပုဂံဒေသခံ ဟိုတယ်လုပ်ငန်း ရှင်တစ်ဦးက ပြောသည်။
    ပုဂံ ရှေးဟောင်းယဉ်ကျေးမှုဒေသသို့ ၂၀၂၃ ခုနှစ်ထက် ၂၀၂၄ ခုနှစ် နှစ် ဆန်းပိုင်းတွင် ခရီးသွားမပြတ်ဝင်ရောက်ခဲ့ပြီး သင်္ကြန်ကာလဧပြီလ၌ အများဆုံး ဝင်ရောက်ခဲ့ကာ မေလအပူချိန်ပြင်းထန်ချိန်တွင် တစ်ရက်လျှင် ခရီးသွား ၇၀၀ မှ ၈၀၀ ခန့်နှင့် ရုံးပိတ်ရက်တို့တွင် ၁၀၀၀ ခန့်အထိ ခရီး သွားပြတ်လပ်မှုမရှိဘဲ ဝင်ရောက်ခဲ့ပြီး သီတင်းကျွတ်ကာလတွင် ပြန်လည်ဝင်ရောက်မှု မြင့်တက်ခဲ့ကြောင်း သိရသသည်။
    "ဒီနှစ်ဟိုတယ် ၁၂၀ ကျော်မှာ ၉၀ ကျော်ဖွင့်တယ်။ ကျန်တဲ့ မိုတယ်တို့၊ တည်းခိုခန်းတို့၊ ဘုန်းကြီးကျောင်းတို့ မပါသေးဘူး။ ခရီးသွားတွေ မထင်မှတ်လောက်အောင် အများကြီးလာကြတော့ တချို့တွေ ဟိုတယ်မရဘဲ တည်းစရာခက်ခဲပြီး လမ်းဘေး ကားထိုးအိပ်ရတဲ့အထိပဲ။ အများဆုံးကတော့ ရန်ကုန်ကလာတဲ့ ခရီးသွားတွေပဲ။ သူတို့လည်း မထင်ထားတော့ ကြိုတင်ဘိုကင်မယူဘဲလာကြတော့ တည်းစရာခက်ခဲသွား ကြတယ်။ ဒီဇင်ဘာမှာလည်း ခရီးသွား ပြည့်နိုင်မယ်။ အကြံပေးချင်တာကတော့ ဒီဇင်ဘာလမှာ တည်းခိုသွားလာရေးကအစ ကြိုတင်စီစဉ်စေချင်တယ်"ဟု ဟိုတယ်လုပ် ငန်းရှင်တစ်ဦးက ပြောသည်။
    ပုဂံယဉ်ကျေးမှုနယ်မြေသို့ ၂၀၂၄ ခုနှစ် ဧပြီလတွင် ဟိုတယ်နှင့် တည်းခိုခန်းများ၌ တည်းခိုခဲ့သည့် ပြည်တွင်းခရီးသွား ၅၄၈၅၃ ဦး၊ ပြည်ပခရီးသွား ၉၉၃ ဦးဖြင့် ထိုလတွင် ခရီးသွား ၅၅၈၄၆ ဦး ဝင်ရောက် တည်းခိုခဲ့ပြီး နေ့ချင်းပြန်ပြည်တွင်း၊ ပြည်ပခရီးသွားများလည်း ဝင်ရောက်ခဲ့သည်။ အဆိုပါ ဧပြီလတွင် ရွှေစည်းခုံစေတီတော်သို့ ပြည်တွင်းခရီးသွား ၃၅၂၇၁၂ ဦး၊ ဗူးဘုရား သို့ ၁၉၈၉၀၀၊ လောကနန္ဒာဘုရားသို့ ၃၉၄၈၃ ဦးနှင့် ပုပ္ပါးတောင်သို့ ပြည်တွင်း၊ ပြည်ပခရီးသွား ၃၂၀၃၁ ဦး ဝင် ရောက်ခဲ့သည်။ 
    ခရီးသွားအများဆုံး ဝင်ရောက်ရာ ရွှေစည်းခုံစေတီတော်သို့ ၂၀၂၂ ခုနှစ်တွင် ပြည်တွင်း၊ ပြည်ပခရီးသွား ၁ ဒသမ ၀၈ သန်း ဝင်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ၂ ဒသမ ၄၇ သန်းဝင်ရောက်ခဲ့ပြီး ပုဂံဒေသသို့ ထိုင်း၊ တရုတ်၊ ရုရှားနှင့် အမေရိကန်ခရီးသွားများ အများဆုံးဝင်ရောက်ခဲ့ကြောင်း သိရသည်။ ထူးမြတ်

Total Views ~ 396

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59704

© 2022 - 2026 News. All Rights Reserved.