အာဆီယံ +၃ အရေးပေါ် ဆန်အရန်ရိက္ခာ အစီအစဉ်ဖြင့် ရေဘေးသင့်ဒေသများသို့ အရန်ဆန် တန် ၁၀၀၀ ကျော် ဖြန့်ဝေမည်

ရန်ကုန်၊ စက်တင်ဘာ ၂၅

    အာဆီယံအပေါင်းသုံး အရေး ပေါ်ဆန်အရန်ရိက္ခာ(APTERR) အစီအစဉ်ဖြင့် အရန်ဆန် ၁၀၀၂ ဒသမ ၇၁ တန်ကို ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သော တိုင်းဒေသ ကြီးနှင့် ပြည်နယ်များသို့ ထောက်ပံ့ဖြန့်ဖြူး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
    စက်တင်ဘာလ ၂၂ ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ အာဆီယံအပေါင်းသုံး အရန်ဆန်သိုလှောင်ရုံအတွင်း အရန်ဆန်များ စနစ်တကျသို လှောင်ထားရှိမှုနှင့် သိုလှောင်ရုံများ ကြံ့ ခိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
    APTERR အစီအစဉ်ဖြင့် အရန်ဆန် ၁၀၀၂ ဒသမ ၇၁ တန်ကို ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သော တိုင်းဒေသကြီး/ပြည်နယ်များသို့ ထောက်ပံ့ဖြန့်ဖြူးပေးရေးအတွက် ဆက်စပ်ဌာနအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်၍ သက်ဆိုင်ရာဒေသများသို့ အမြန်ဆုံး တင်ပို့ဖြန့်ဖြူးပေးနိုင်ရေး ဆောင် ရွက်နေကြောင်း သိရသည်။
    ရေကြီးရေလျှံမှုများနှင့်ပတ်သက်၍ မိမိတို့နိုင်ငံရှိ မြစ်ချောင်းများတွင်ကြမ်းခင်း(Bed Level) များမှာ မြင့်တက်လျက်ရှိသည်ကို တွေ့ရှိရပြီး သဲနုန်းများ အနည်ချမှု များပြားလာခြင်းကြောင့်ဖြစ်ကြောင်း၊ အချို့နေရာများတွင် တရားမဝင်သစ်ထုတ်လုပ်မှုများရှိခြင်းနှင့် သစ်လုပ်ငန်းများမှ ထုတ်လုပ်သည့်သစ်များကို အချိန်မီသယ်ယူနိုင်ခြင်းမရှိခြင်းတို့ကြောင့် ရုတ်တရက်မိုးအဆက်မပြတ် ရွာသွန်းပြီး ရေများကျဆင်းလာချိန်၌ ပျက်စီးမှုများကို ပိုမိုများပြားစေခဲ့ကြောင်း၊ ရေကြီးရေလျှံမှုများကြောင့် စိုက်ပျိုးဧက ခုနစ်သိန်းခန့်ပျက်စီးခဲ့ပြီး ပြန်လည်စိုက်ပျိုးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အချို့ လယ်ယာများမှာ ပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် ပြုပြင်မှုများ များစွာဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စပါးစိုက်ပျိုးရန် အဆင်မပြေတော့သည့် စိုက်ဧကများ၌ နွေသီးနှံများကို စိုက်ပျိုးသွားရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားထားသည်။ ထူးမြတ်

Total Views ~ 489

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60614

© 2022 - 2026 News. All Rights Reserved.