Breaking

အီလက်ထရောနစ် ငွေပေးချေမှုစနစ်ကို အသုံးပြု၍ အွန်လိုင်းမှ အခွန်ဆောင်နိုင်ပြီဟု ပြည်တွင်းအခွန် အသိပေးကြေညာ

ရန်ကုန်၊ စက်တင်ဘာ ၂၅
    IRD's Tax Payment Hub Portal တွင် အီလက်ထရောနစ် ငွေပေးချေမှုစနစ်ကို အသုံးပြု၍ အခွန်ရုံးများသို့ အခွန်ပေးဆောင်နိုင်ပြီဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်ဦးစီး ဌာနမှ အသိပေးကြေညာထားသည်။
    အခွန်ထမ်းပြည်သူများ အခွန်ပေးဆောင်ရာတွင် လွယ်ကူမြန်ဆန်စေရန်အတွက် အီလက်ထ ရောနစ်နည်းဖြင့် အခွန်ငွေ ပေးဆောင်နိုင်မည့်နည်းလမ်းများကို ပြည်တွင်းအခွန်များဦးစီးဌာနမှ အဆင့်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ပြီး  ပုဂ္ဂလိကဘဏ်များ၏ အီလက်ထရောနစ် ငွေပေး ချေမှုစနစ်များဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ငွေပေးချေမှု ကွန်ရက်စနစ် (CBM-NET)မှတစ်ဆင့် လည်းကောင်း၊ MPU E-Commerce ကို အသုံးပြု၍ Online မှလည်းကောင်း ပေးဆောင်နိုင်ရန် ဆောင် ရွက်ထားရှိပြီးဖြစ်ကြောင်း အသိပေးထားသည်။ 
    အခွန်ငွေ ပေးဆောင်ရာတွင် ပထမအဆင့်အနေဖြင့် UAB Bank  ၏ UAB Pay  နှင့် UAB Ban-king ဖြင့် လည်းကောင်း၊ e-Commerce ဖွင့်လှစ်ထားသော MPU Debit Card အသုံးပြု၍လည်းကောင်း အခွန်ငွေပေးသွင်းနိုင်ကြောင်း သိရပြီး အခြားသော ဘဏ်များနှင့်မိုဘိုင်းငွေရေး ကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ၏ အီလက်ထရောနစ် ငွေပေးချေမှုစနစ်များဖြင့် ပေးသွင်းနိုင်ရန် စနစ်ပိုင်းချိတ်ဆက်ပြီးချိန် တွင်လည်း အချိန်နှင့်တစ်ပြေးညီအသိပေး သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
    ထို့ကြောင့် ကုမ္ပဏီအဖွဲ့အစည်း အခွန်ထမ်းများသည် အခွန်ထမ်းမှတ်ပုံတင် အမှတ်(TIN)ကို အသုံးပြု၍ လည်းကောင်း၊ တစ်ဦးချင်း ပုဂ္ဂိုလ်အခွန်ထမ်းများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ် (သို့မဟုတ်) အခွန်ထမ်းမှတ်ပုံတင်အမှတ်(TIN) ကို အသုံးပြု၍လည်းကောင်း၊ မြန်မာနိုင်ငံအတွင်းရှိ အင်တာနက်ရရှိသော မည်သည့် နေရာမှမဆို ပြည်တွင်းအခွန်များဦးစီးဌာန၏ Website ဖြစ်သော ird.gov.mm  ၏ Home-page ရှိ e-Payment Menu Link မှတစ်ဆင့် (သို့မဟုတ်) onlinepayment.ird.gov.mm Link မှတစ်ဆင့် IRD's Tax Payment Hub Portal သို့ ဝင်ရောက်အသုံးပြုနိုင်ကြရန် ပြည်တွင်းအခွန်ဦးစီးဌာနမှ မေတ္တာရပ်ခံထားသည်။ နဒီ

Total Views ~ 397

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59703

© 2022 - 2026 News. All Rights Reserved.