၂၀၂၅ တွင် လာအိုမှ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃၀၀ စတင်ဝယ်ယူမည်

၂၀၂၄  ဖေဖော်ဝါရီ ၂၇
    လာမည့် ၂၀၂၅ ခုနှစ်တွင် လာအိုနိုင်ငံနှင့် ဆွေးနွေးရင်းရှိထားသည့် နိုင်ငံဖြတ်ကျော် လျှပ်စစ်ဓာတ်အားဝယ်ယူရေး ဆောင်ရွက်မှုအရ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃၀၀ အား စတင်ဝယ်ယူရန် သဘောတူထားပြီဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပြောသည်။
    နှစ်နိုင်ငံ လျှပ်စစ်ဓာတ်အားဝယ်ယူရေးတွင် လာအိုနိုင်ငံမှစွမ်းအင်အစုအဖွဲ့ PISASIA Energy and Mine Investment နှင့် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီ Primus Sapphire စွမ်းအင်အုပ်စုအား လုပ်ကိုင်ခွင့် ပြုထားကြောင်း သိရသည်။
    "အရင်ညှိနှိုင်းထားတဲ့အချက်ကတော့ ၂၀၂၅ မှာ မဂ္ဂါဝပ် ၃၀၀ လာအိုဘက်ကနေ စတင်ပို့ လွှတ်ရောင်းချမှာ ဖြစ်ပြီးတော့ ၂၀၃၂ မှာ မဂ္ဂါဝပ် ၆၀၀ အထိ ရောင်းချဖို့အတွက် ကနဦး သဘောတူညီခဲ့ကြပါတယ်"ဟု ဝန်ကြီးဌာနမှ ပြောသည်။
    သဘောတူညီချက်ထားသည့်အတိုင်း ၂၀၂၅ ခုနှစ်တွင် မဂ္ဂါဝပ် ၃၀၀၊ ၂၀၃၂ ခုနှစ်တွင်  မဂ္ဂါဝပ် ၆၀၀ ထိတိုးမြှင့်ပို့လွှတ်မည်ဖြစ်ရာ ကေဗွီ ၂၃၀ဓာတ်အားလိုင်းဖြင့်  လာအိုနယ်စပ် M-Long မှတစ်ဆင့် မြန်မာ နိုင်ငံကျိုင်းလပ်-ကျိုင်းတုံ-နမ့်စန်-ကံကောင်း မြို့များအထိ နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် တိုက်ရိုက်ချိတ်ဆက်ကာ ဓာတ်အားရယူရေး ဆောင်ရွက်သွားမည်ဟု သိရသည်။
    စုစုပေါင်း လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၀၀၀ အထိ လာအိုနိုင်ငံမှ ဝယ်ယူနိုင်ရန် ရည်မှန်းထားပြီး ဆက်လက်ညှိနှိုင်း ဆွေးနွေးနေကာ ဖြစ်မြောက်နိုင်စွမ်း လေ့လာမှု ဆောင်ရွက်နေဆဲအခြေအနေတွင် ရှိနေကြောင်းဆိုသည်။
    "နောက်ပိုင်းမှာ မဂ္ဂါဝပ် ၁၀၀၀ အတွက်ဆိုရင်တော့ ကေဗွီ ၂၃၀ နဲ့ ပို့လွှတ်ဖို့ မလုံလောက်ဘူး ဆိုရင် ကေဗွီ ၅၀၀ ဓာတ်အားလိုင်းနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး ဆောင်ရွက်ဖို့ကိုလည်း ညှိနှိုင်းဆွေးနွေး လျက်ရှိပါတယ်"ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ပြောသည်။
    မြန်မာနိုင်ငံ၏ နှစ်စဉ်လျှပ်စစ် ဓာတ်အားတိုးတက်သုံးစွဲနှုန်းသည် ၁၃ ရာ ခိုင်နှုန်းခန့်ရှိပြီး ယခုကဲ့သို့လျှပ်စစ်ဓာတ်အား ဝယ်ယူဖြည့်တင်းနိုင်ပါက ဓာတ်အားလိုအပ်ချက်တစ်စိတ်တစ်ပိုင်းအား ဖြည့်ဆည်းပေး နိုင်မည်ဖြစ်ပြီး ရည်မှန်းထားသည့် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၀၀၀ အထိ ဝယ်ယူ ထုတ်လုပ်မည်ဆိုပါက အနည်းဆုံး အမေရိကန် ဒေါ်လာ တစ်ဘီလီယံကျော် ကုန်ကျမည်ဟု တွက်ချက်ထား ကြောင်းဆိုသည်။
    ယခု လျှပ်စစ်ဓာတ်အားဝယ်ယူ ရေး စီမံချက်သည် ပြည့်ဝစွာ အကောင်အထည်ဖော်ပြီးပါက မြန်မာနိုင်ငံအတွင်း အိမ်ခြေ တစ်သန်းထက်မနည်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးဝေနိုင်မည် ဖြစ်ကြောင်း သိရသည်။

 

Total Views ~ 433

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60614

© 2022 - 2026 News. All Rights Reserved.