၂၀၂၆ ၊ ဇွန် ၂၉
၂၀၂၆ ခုနှစ်ရဲ့ ဒုတိယနှစ်ဝက်ကို ရောက်လာပြီဆိုတော့ မြန်မာ့နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်အပိုင်းမှာ ပိုပြီး အရေးကြီးတဲ့ အလှည့်အပြောင်းတစ်ခုကို ရောက်လာပြီလားဆိုတဲ့ မေးခွန်းတွေ ရှိနေခဲ့ပြီလို့ ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ အထူးသဖြင့် NSPNC ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်း ဆောင်ရွက်ချက်တွေ၊ သမ္မတကြီးရဲ့ တရုတ်နိုင်ငံ ပေကျင်းခရီးစဉ်အပါအဝင် တရုတ် ဗဟိုဌာန ရုပ်မြင်သံကြား CCTV သတင်းဌာနနဲ့ Phoenix TV သတင်းဌာနတွေနဲ့ တွေ့ဆုံခဲ့ချိန် 'သမ္မတကြီးအနေနဲ့ ပြောကြားခဲ့တဲ့ ငြိမ်းချမ်း ရေးဆိုင်ရာ မျှော်လင့်ချက်နဲ့ တုံ့ပြန်မှုတွေကိုကြည့်ရင်' မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု လမ်းကြောင်းတွေ ပြန်ပြီး အားကောင်းလာစေတော့မလားဆိုတဲ့ မျှော်လင့်ချက်တွေလည်း ရှိလာခဲ့တယ်။
NSPNC ရဲ့ ငြိမ်းချမ်းရေး ဦးဆောင်မှု အခန်းကဏ္ဍကို သုံးသပ်ရရင် အနာဂတ်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေသာမက အရင် NCA ကနေ နုတ်ထွက်ထားတဲ့ အဖွဲ့တွေ အပါအဝင် FPNCC ထဲက အထူးသဖြင့် UWSA ၊ NDAA နဲ့ SSPP တို့ကိုပါ NCA လုပ်ငန်းစဉ်ထဲ ပါဝင်စေလိုတဲ့ ပုံရိပ်တွေ၊ တစ်နည်းအားဖြင့် ကြိုးပမ်းမှုတွေ မြင်လာရတာက နိုင်ငံရေးအရ ကြည့်ရင် အကျယ်ပြန့်ဆုံးသော အားလုံးပါဝင်တဲ့ “Inclusive Dialogue” ဆွေးနွေးမှု မူဘောင်တစ်ခုကို ဖန်တီးဖို့ ရည်ရွယ်ထားတယ် ဆိုတာမျိုး တွေ့လာရတယ်။
ဆိုတော့ NSPNC နဲ့ ငြိမ်းချမ်းရေးအလားအလာအကြောင်း ပြောကြတဲ့အခါ မဖြစ်မနေ ပြန်ပြီးသုံးသပ်ရမှာက အစိုးရရဲ့ ကြိုတင်ကန့်သတ် ချက်မထားတဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်က ရက် ၁၀၀ ကာလ အတွင်း အကောင်အထည်ဖော်ဖို့ သတ်မှတ်ထားတဲ့ အခြေအနေဖြစ်နေပြန်တယ်။ တကယ်တမ်းပြော ရရင် ဒီကာလက NSPNC အတွက် အရေးကြီးတဲ့ နိုင်ငံရေးမျက်နှာစာဖွင့်နိုင်ဖို့ အခွင့်အလမ်း “Political Window of Opportunity” ရှာဖွေရတဲ့ ပေးထားချက်လိုမျိုး ဖြစ်လာတယ်။ ဒါကြောင့်လည်း ဒီရက်ပိုင်းတွေမှာ NSPNC အနေနဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ရိုက်၊ အလွတ်သဘော ဆက်သွယ်မှု တွေလုပ်နေတာမျိုး၊ ဒေသတွင်း အင်အားကြီးအဖွဲ့တွေနဲ့ ယုံကြည်မှုတည်ဆောက်ဖို့ ဆောင် ရွက်နေတာမျိုး၊ တစ်ဖက်မှာလည်း တရုတ်နိုင်ငံရဲ့ သံတမန်ရေးထောက်ခံမှုအောက်ကနေ ငြိမ်းချမ်းရေး လမ်းကြောင်းသစ်ကိုရဖို့ ရှာဖွေနေ တာမျိုး တစ်ပြိုင်နက်တည်း ဆောင်ရွက်နေတာမျိုး တွေ့နိုင်တယ်။
ဒီနေရာမှာ NSPNC ဘက်ကနေ အဓိကထားတဲ့ ဦးတည်ချက်က အချက်သုံးချက်လောက် ရှိတာမျိုး တွေ့မိတယ်။ ပထမအချက် ဖြစ်နိုင်ခြေက နိုင်ငံရေးဆွေးနွေးမှုဆိုတဲ့ ကွန်ရက်ကို အစိုးရသစ်လက်ထက် မှာ ပြန် တည်ဆောက်တာမျိုး ဖြစ်နိုင်တယ်။ ဒါကြောင့်လည်း NSPNC ဘက်က NCA လက်မှတ်ရေးထိုးထား တဲ့ အဖွဲ့တွေနည်းတူ အရင် NCA ကနေ နုတ်ထွက်ထားတဲ့ အဖွဲ့တွေကိုပါ ပြန်ပြီးပါဝင်လာနိုင်စေဖို့ ရည်ရွယ်ဟန်လည်း ရှိတယ်။ သဘောကတော့ အပိုင်းပိုင်းဖြစ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (Fragmented Peace Process) ကို အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးမူဘောင် (Inclusive Negotiation Framework) ဘက်ကို ပြောင်းလဲနိုင်ဖို့ ကြိုးပမ်းနေတာ တွေ့ရတယ်။ ဒုတိယအချက်အနေနဲ့ ဒီရည်ရွယ်ချက်အောင်မြင်စေဖို့ အလွတ်သဘော တွေ့ဆုံမှုတွေ ခပ်စိတ်စိတ် လုပ်နေတာ မြင်ရတယ်။ ပထမဆုံး ရှမ်းနီအဖွဲ့နဲ့ နေပြည် တော်မှာ တွေ့ဆုံပြီး နှစ်ဖက်လိုလားချက်တွေ ညှိနှိုင်းကြတယ်။ ဒုတိယ SSPP နဲ့ တွေ့တယ်။ ခုနောက်ဆုံး ဇွန် ၁၇၊ ၁၈ ရက်တွေမှာ NDAA မိုင်းလားအဖွဲ့၊ 'ဝ'ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)ဒု-ဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေကို ပန်ဆန်းမြို့မှာ သွား ရောက်တွေ့ဆုံတာ မျိုး လုပ်ခဲ့တာရှိတယ်။ တတိယအချက်ကတော့ အစိုးရရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ရက် ၁၀၀ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်အရ ယုံကြည်မှုအပိုင်းကို အဓိက တည်ဆောက်နေတယ်လို့လည်း သုံးသပ်တယ်။ ဆိုလိုတာက ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးအဖြေရှာရေးဆိုတာ ရက် ၁၀၀ ဆိုတဲ့ အချိန်ပိုင်းအတွင်း ပြီးပြတ်မယ့်အရာတွေ မဟုတ်ဘူး။ ဒီတော့ ဒီကာလမှာ တိုက်ပွဲအရှိန်တွေလျှော့ချဖို့ဆိုတဲ့ ရည်မှန်းချက် တွေ၊ နယ်စပ်ကုန်သွယ်ရေးကိစ္စ ပွင့်နိုင်ဖို့အရေးတွေနဲ့ နိုင်ငံရေးကို အခြေခံတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပေါ်ပေါက်လာစေဖို့ ရည်ရွယ်ချက်ထားပုံလည်း ရတယ်။
တစ်ဖက်မှာ NSPNC အတွက် စိန်ခေါ်ချက်တွေလည်းရှိတယ်။ ဆိုပါစို့ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေအပြင် FPNCC ထဲက UWSA ၊ NDAA ၊ SSPP တို့နဲ့ တွေ့ဆုံဆွေးနွေးတယ်ဆိုတာက အား လုံးပါဝင်တဲ့ ငြိမ်းချမ်းရေးအခင်းအကျင်းလို့ ယေဘုယျ သုံးသပ်လို့ရနိုင်ပေမယ့် အကျိုးစီးပွားနဲ့ နောက်ခံသမိုင်းမတူကြတဲ့ လက်နက်ကိုင်အုပ်စုတွေကို တစ်ပြိုင်နက်တည်း ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ် တင်နိုင်ဖို့ ကြိုးစားတာက သိပ်များ အရဲကိုးလွန်းသလား တွေးမိချင်စရာဖြစ်တယ်။ ဒါပေမဲ့ NSPNC မှာလည်း သီးခြား မျှော်မှန်းချက်တွေရှိနိုင်သလားပဲ။ တကယ်တော့ NCA Framework ရဲ့ အဓိကပြဿနာက အဖွဲ့စုံ မပါသေးတဲ့ “Completeness Gap”လို့ ပြောလို့ရတယ်။ အချို့အဖွဲ့တွေ ပါဝင်ထားတယ်ဆိုပေမယ့် လက်နက်ကိုင်အင်အားစုထဲက အင်အားကြီးတဲ့ Actor တွေ အပြင်မှာ ကျန်နေသေးတယ်။ ဆိုတော့ NCA ကို ပြီးပြည့်စုံဖို့အတွက် NCA အပြင်ဘက်မှာရှိနေတဲ့ UWSA ၊ NDAA နဲ့ SSPP တို့လို “Defacto Authorities”ကို ငြိမ်းချမ်းရေးစားပွဲပေါ် တင်ချင်ပုံရတယ်။ အဓိက ရည်ရွယ်ချက်အပိုင်းမှာ NCA ကို အားကောင်းစေချင်တယ်။ တကယ်အားကောင်းတဲ့ Ethnic တွေနဲ့ စကားပြောမယ်။ ဒီလိုရည်ရွယ်ပုံရတယ်။ NSPNC ရဲ့ ခရီးစဉ်မှာ UWSA နဲ့ NDAA မှာ သီးခြား ရည်မှန်းချက်မျိုးနဲ့ မက်ဆေ့ချ်ပေးတာလည်း တွေ့ရတယ်။ ပြည်ထောင်စုက ခွဲမထွက်ဘူး၊ တပ်မတော်၊ အစိုးရနဲ့ ထိပ်တိုက်ဖြစ်မယ့်အရေးထက် ဒေသအကျိုးစီးပွားကို ပိုပြီး လိုလားတယ်။ SSPP နဲ့ တွေ့ဆုံ ချိန်မှာ နိုင်ငံရေးပဋိပက္ခတွေကို နိုင်ငံရေးစားပွဲဝိုင်းကနေ အဖြေရှာကြမယ်ဆိုတဲ့ ဆန္ဒအဆိုပြုချက်တွေ မြင်ရတယ်။ သဘောကတော့ လက်ရှိအစိုးရနဲ့ကြားက အပစ်ရပ်ရေးဆိုတဲ့ ဆက်ဆံရေးကောင်းတစ်ခု ဆက်ထိန်းထားမယ်။ တစ်ဖက်မှာလည်း ဒေသအုပ်ချုပ်ရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအရေးမှာ 'အဆင့်မြင့်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး' အဆင့်အတန်းမျိုး လိုလားတာလည်း တွေ့ရတယ်။ ယေဘုယျသုံးသပ်ရင် တော့ 'ဒီအဖွဲ့သုံးခုရဲ့ အဓိက လိုလားချက်ထဲမှာ ပဋိပက္ခ ဖြစ်တာကို ရှောင်ရှားလိုတယ်။ ပြည်ထောင်စုက ခွဲထွက်ရေးဆိုတဲ့ စကားလုံးထက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရနယ် မြေပေါ်မှာ ဒေသတည်ငြိမ်ရေးအကျိုးစီး ပွားကို ပိုလိုလားတာမျိုး မြင်ရတယ်။ ဒါက မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ KIA ၊ အနောက်ဘက် ရခိုင်ပြည်နယ်အခြေစိုက် AA လက်နက်ကိုင်အဖွဲ့နဲ့ UWSA / NDAA / SSPP အဖွဲ့ကြားမှာ အဓိကမြင်တွေ့ရတဲ့ ကွာဟချက်ဖြစ်တယ်။
အစိုးရအတွက် အဓိက စိန်ခေါ်ချက်ဖြစ်နိုင်တဲ့ နောက်ထပ် ပြဿနာတစ်ခုက အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲမျိုး လုပ်ခဲ့ရင် 'တစ်နည်းအားဖြင့် အဖွဲ့စုံ ဖြစ်လာရင်' ကိုယ်စားပြုမှုတွေ သိပ်များလာနိုင်တဲ့ အခြေအနေမျိုး ရှိလာနိုင်တာကိုလည်း မဖြစ်မနေ ထည့်တွက်ရတော့မယ်။ အဖွဲ့များလာရင် 'ဆုံးဖြတ်ချက်တွေ နှောင့်နှေးကုန်မယ်။ ဘုံသဘောတူညီချက်တွေရဖို့ အချိန်အများကြီးပေးပြီး ညှိနှိုင်းရတာမျိုး ရှိလာမယ်။ NCA ကို လက်ခံယုံကြည် သဘောတူလက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးအမြင်နဲ့ NCA မထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ကြားမှာ အမြင်ကွာဟချက်တွေ ရှိနိုင်တယ်။ ဆိုတော့ ဒီလိုဖြစ်လာရင် နားလည်မှုလွဲတဲ့၊ ညှိမရတဲ့ ပြဿနာတွေအဖြစ်နဲ့ ပေါ်ပေါက်လာတတ်တယ်။ ဒါပေမဲ့ NSPNC ဘက်မှာလည်း လက်ရှိအခင်းအကျင်းအရ တည်ငြိမ်ရေးကို ဦးစားပေးလိုဟန် ရှိတယ်။ ပထမအဆင့် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းတွေ ဖွင့်ထားမယ်။ ဒုတိယအဆင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေကို အဖွဲ့စုံဖြစ်လာအောင် တဖြည်းဖြည်း ချဲ့ထွင်သွားမယ်။ နောက်ဆုံး ဖွဲ့စည်းပုံပြင်နိုင်ဖို့ လွှတ်တော် လမ်းကြောင်းတွေကနေ သွားနိုင်တယ်။
ဒီနေရာမှာ မဖြစ်မနေ သတိထားပြီး သုံးသပ်ရမှာက သမ္မတကြီးရဲ့ ပေကျင်းခရီးစဉ်မှာ အင်တာဗျူးလုပ်ခဲ့တဲ့ အမေး၊ အဖြေ မေးခွန်းတွေထဲက ငြိမ်းချမ်းရေးဆိုင်ရာ မျှော်မှန်းချက်နဲ့ အသိပေးချက်တွေက လည်း NSPNC ရဲ့ ငြိမ်းချမ်းရေးဆောင်ရွက်ချက်နဲ့ ပေါင်းစပ်ထည့်သွင်း သုံးသပ်ရမယ့် အရေးကြီး အကြောင်းအရာတွေ ဖြစ်နေခဲ့တယ်။ ဥပမာ- CCTV နဲ့ Phoenix TV တွေရဲ့ အင်တာဗျူးမှာ ဘက်မလိုက်နိုင်ငံ ခြားရေးမူဝါဒကို ထည့်သွင်းပြောကြားခဲ့ပြီး နိုင်ငံတကာအပေါ် သံတမန် ရေးရာပုံရိပ် တည်ဆောက်ပြခဲ့ တာမျိုး၊ ပြည်တွင်းငြိမ်း ချမ်းရေးလုပ်ငန်းစဉ်အပိုင်းမှာ 'နိုင်ငံတော်ကသာ ဦးဆောင်အဖြေရှာမယ့် ငြိမ်း ချမ်းရေး'ပုံစံနဲ့ ချဉ်းကပ်တဲ့ အသွင်သဏ္ဌာန်မျိုး အပါအဝင် ပြည်တွင်းနိုင်ငံရေးတည် ငြိမ်မှုကို ပထဝီနိုင်ငံရေးနဲ့ ချိတ်ဆက်အဖြေရှာလိုတာမျိုး ပြသခဲ့တာတွေ့နိုင်တယ်။ ပထဝီအနေအထားအရ ကြည့်ရင်လည်း မြန်မာနိုင်ငံက တရုတ်-အိန္ဒိယနဲ့ကြားမှာ မဟာဗျူဟာမြောက်ယှဉ်ပြိုင်မှုရဲ့ အဓိကဆုံချက်အဖြစ် ရှိနေတယ်။ တရုတ်လိုလားတဲ့ BRI စီမံကိန်းအောက်က နှစ်နိုင်ငံ CMEC ကိစ္စတွေ၊ အိန္ဒိယလိုလားတဲ့ Act East Policy အရေးတွေမှာ ပထဝီနိုင်ငံရေးဖိအားကြား မျှခြေ နိုင်ငံရေးမူဝါဒ မဖြစ်မနေ တည်ဆောက်ဖို့လည်း လိုအပ်နေခဲ့တယ်။ နိုင်ငံတကာဆက်ဆံရေးမှာတော့ စစ်ရေး အာမခံချက်နဲ့ အကျိုးစီးပွားတွေက ခွဲခြားမရနိုင် အောင် ဆက်နွှယ်နေတာမျိုးရှိတယ်။ သဘောကတော့ နိုင်ငံတစ် ရဲ့ လုံခြုံရေးကွန်ရက်ကို အခြားနိုင်ငံတွေရဲ့ စီးပွားရေး အကျိုးစီးပွားနဲ့ ကာကွယ်တည်ဆောက်ထားမျိုးဖြစ်တယ်။ မြန်မာမှာလည်း အိန္ဒိယနဲ့ တရုတ်တို့ရဲ့ အကျိုးစီးပွားတွေ ရှိနေခဲ့ရင် နိုင်ငံတကာ ဆက်ဆံရေးမှာ လက်ရှိ ကမ္ဘာ့နိုင်ငံရေးထဲက အီရန်လိုမျိုး မဟာမိတ်ဆက်ဆံရေးထဲကနေ လုံခြုံရေးနဲ့ နိုင်ငံရေးအကာအကွယ်မျိုး ရနိုင်တယ်လို့ ယူဆချင်စရာဖြစ်လာတယ်။ အကျိုးစီးပွားနဲ့ပတ်သက်ရင် တရုတ်နိုင်ငံကိုယ်တိုင်ကလည်း 'တည်ငြိမ်ရေးကို ဦးစားပေးလိုတဲ့ မူဝါဒမျိုးနဲ့ ချဉ်းကပ်တာဖြစ်လို့' NSPNC ရဲ့ ငြိမ်းချမ်းရေးကို သွယ်ဝိုက် ပံ့ပိုးကူညီတာမျိုး လည်း ရှိကောင်းရှိလာနိုင်တယ်။ သဘောက မြောက်ပိုင်းအဖွဲ့တွေအပေါ် တရုတ်ဘက်က ဖိအားပေးတာနဲ့ အမျှ နိုင်ငံရေးဆွေးနွေးမှုဘက်ကို ကူးပြောင်းဖို့ ပိုပြီး ဖြစ်လာနိုင်တယ်လို့ သုံးသပ်ရတယ်။
ခြုံသုံးသပ်ရမယ်ဆိုရင်တော့ လက်ရှိ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ သာမန်အပစ်ရပ်ရေးဆိုတဲ့ ဆွေးနွေးညှိနှိုင်း အဖြေရှာမှုကနေ ပိုအဆင့်မြင့်တဲ့ နိုင်ငံရေးအဖြေရှာမှု ပုံစံမျိုးအထိ ပြောင်းလဲနေတဲ့ လက္ခဏာမျိုး မြင်လာရတယ်။ NSPNC ရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်ချက်၊ အစိုးရရဲ့ ရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းချက်၊ ရည်မှန်းချက်နဲ့ သမ္မတကြီးရဲ့ ပေကျင်းခရီးစဉ်ကနေ ထွက်ပေါ်လာတဲ့ သံတမန်ရေး အချက်ပြမှုတွေကို တစုတစည်းတည်း သုံးသပ်ကြည့်ရင် မြန်မာ့ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ရဲ့ သက်ရောက်မှုက ပြည်တွင်းနိုင်ငံရေးပဋိပက္ခ အဆင့်ကနေ ပထဝီ နိုင်ငံရေးအဆင့်ထိပါ ချိတ်ဆက်နေတာမျိုးလည်း တွေ့နိုင်တယ်။ ပထမဆုံးအရေးကြီးတဲ့ အချက်ကတော့ NSPNC ရဲ့ လက်ရှိ သွားနေတဲ့ ငြိမ်းချမ်းရေးချဉ်းကပ်မှု လမ်းကြောင်းပုံစံက NCA ကို ပိုပြီး ခိုင်မာဖို့၊ NCA ကို အဖွဲ့ဝင်တွေ ပိုပြီး ပါဝင်လာနိုင်ဖို့ ကြိုးပမ်းနေတဲ့ပုံစံလို့လည်း ပြောလို့ရတယ်။ တစ်ဖက်မှာလည်း UWSA ? NDAA နဲ့ SSPP တို့ကို ဆွေးနွေးတဲ့နေရာမှာ နောက်ကွယ်က နိုင်ငံရေးလိုလားချက်တွေကို ဘယ်လိုအဖြေ ရှာနိုင်မလဲဆိုတဲ့ မေးခွန်းတွေကလည်း အရေးကြီးတယ်။ ဒုတိယအချက်ကတော့ ရက် ၁၀၀ မူဘောင်ဆိုတာက အဖြေတစ်ခုရဖို့ ဆိုတာထက် ယုံကြည်မှုအဆင့်တည်ဆောက်တာမျိုး၊ ဒေသအခြေပြု ညှိနှိုင်းမှုတွေလုပ်ပြီး တည်ငြိမ်မှုကို ရှေးရှုချင်တာမျိုးလောက်ပဲ အမြင့်ဆုံးမျှော်မှန်းလို့ ရနိုင်တယ်။ ဒီအဆင့်မှာ အဓိက အောင်မြင်မှုကို တိုင်းတာတဲ့နေရာမှာ နှစ်ဖက်ယုံကြည်မှုတွေ ဘယ်လောက်ရသွားသလဲဆိုတာမျိုးနဲ့ နှစ်ဖက်ပဋိပက္ခတွေ ဘယ်လောက် လျော့သွားသလဲ ဆိုတာမျိုးနဲ့ပဲ ဆုံးဖြတ်လို့ ရနိုင်လိမ့်မယ်။ တတိယအချက်ကတော့ သမ္မတကြီးရဲ့ ပေကျင်းခရီးစဉ်ကနေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် သက်ရောက်မှုလို့ပဲ ပြောရမယ်။ အနာဂတ်မှာ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စစ်ရေးသက်သက် အဖြေရှာတာထက် နိုင်ငံရေးအရ ပြန်လည်ချိန်ညှိမှုဆိုတဲ့ လမ်းကြောင်းတစ်ခုကို ကူးပြောင်းလာနိုင်ခြေလည်း ရှိနေတယ်။ စတုတ္ထအချက်က မြန်မာ့ငြိမ်းချမ်းရေး အောင်မြင်မှုဆိုတဲ့အပိုင်းမှာ ပြည်တွင်းရေးပြဿနာလို့ဆိုနိုင်ပေ မယ့် ပထဝီနိုင်ငံရေးသက်ရောက်မှု ရှိနေတာကိုလည်း မဖြစ်မနေ ထည့်သွင်းတွက်ချက်ရလိမ့်မယ်။ ဆိုလို တာက မြန်မာ့ငြိမ်းချမ်းရေးအောင်မြင်မှ တရုတ်-အိန္ဒိယတို့ရဲ့ ဘီလီယံချီတဲ့ စီမံကိန်းတွေအောင်မြင်ဖို့ ရာခိုင်နှုန်းများမယ်။ ဒီစီမံကိန်းတွေ ဘေးကင်းလုံခြုံဖို့ဆိုတာကလည်း မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေ ကင်းဝေးနေဖို့၊ တစ်နည်းအားဖြင့် စစ်မီးငြိမ်းနေဖို့ မဖြစ်မနေ လိုအပ်တယ်။ ပထဝီနိုင်ငံရေး အရ အခွင့်အလမ်းတွေရှိနေတဲ့ မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကို ဘယ်လိုဖြေရှင်းမလဲ၊ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး အောင်မြင်မှုရဖို့ ဘယ်လိုဆောင်ရွက်ကြမလဲ။ လက်နက်ကိုင် ပဋိပက္ခကို ဖြေရှင်းနိုင်မှ အခွင့်အလမ်းတွေကို ဆုပ်ကိုင်နိုင်မယ့် မြန်မာနိုင်ငံအတွက် ကိုယ်ပိုင်ငြိမ်းချမ်း ရေး အမြော်အမြင်နဲ့ ပထဝီနိုင်ငံရေးကို ဟန်ချက်ညီအောင် ဘယ်လို ကစားကြမလဲ။ သမ္မတကြီးပြော သလို ဖြစ်သင့်ဖြစ်ထိုက်တာတွေကို တောင်းဆိုတဲ့ ဖက်ဒရယ်နိုင်ငံရေးစနစ်ကို ဦးတည်နိုင်မှပဲ မြန်မာ့ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်က အောင်မြင်လာနိုင်ခြေ ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရေးကွဲလွဲချက်တွေကို စစ်ပွဲတွေမှာ အဖြေရှာတာထက် စစ်ပွဲထဲက EAO တွေကို နိုင်ငံရေးစနစ်ထဲကို ထည့်သွင်းဆွေးနွေးနိုင် မယ်ဆိုရင်တော့ ပိုနီးစပ်တဲ့ ငြိမ်းချမ်းရေး အလှည့်အပြောင်းကာလတစ်ခုကို ရောက်လာဖို့ ရာခိုင်နှုန်း ပိုများတယ်လို့ပဲ သုံးသပ်ရတော့မှာပါ။ နရီမိုး
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )