ဆယ်စုနှစ်တစ်ခုစာ မျှော်မှန်းချက်၊ စီးပွားရေးစင်္ကြံနှင့် စောင့်ကြည့်ရမည့် မြန်မာ့စွမ်းအင် အလှည့်အပြောင်း

၂၀၂၆ ၊ ဇူလိုင် ၇

    နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အဆုံးအဖြတ်ပေးနိုင်တဲ့ အဓိကအခြေခံအင်အားစုတွေအကြောင်း ပြောကြတဲ့အခါ နိုင်ငံရေးတည်ငြိမ်မှု၊ စွမ်းအင်၊ အခြေခံအဆောက်အအုံနဲ့ ပထဝီနိုင်ငံရေး (Geopolitics) အားသာချက်ဆိုတဲ့ အချက်လေးချက်ကို ချန်ထားခဲ့လို့ မဖြစ်နိုင်ဘူး။ ဒီကနေ့ မြန်မာနိုင်ငံ ကြုံတွေ့နေရတဲ့ စီးပွားရေးအခက်အခဲဆိုင်ရာ စိန်ခေါ်မှုတွေ၊ MSME လုပ်ငန်းတွေအပေါ် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာစေဖို့၊ EV စနစ် ကျယ်ပြန့်နိုင်စေဖို့ဆိုတဲ့ မျှော်မှန်းချက်တွေရဲ့ နောက်ကွယ်မှာ ဒီအချက်လေးချက်က အဓိက အကြောင်းရင်းအဖြစ်နဲ့ ရှိနေတာ မြင်ရလိမ့်မယ်။ 
    ကမ္ဘာ့နိုင်ငံရေးစနစ် ပြောင်းလဲဖို့ တာစူနေချိန်မှာ ပထဝီနိုင်ငံရေး အားသာချက်ရှိနေတဲ့ မြန်မာနိုင်ငံရဲ့ အခင်းအကျင်းကလည်း နှစ်ပေါင်းများစွာကြာမှ တစ်ကြိမ်သာရမယ့် အခွင့်အလမ်းမျိုးကိုလည်း ပိုင်ဆိုင်ထားတာ မြင်ရတယ်။ ဘာလို့ဒီလိုပြောရသလဲဆိုတော့ မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေး အားသာချက်က နဂိုကတည်းက အင်အားကြီးနှစ်နိုင်ငံကြားမှာ ရှိနေတာမှန်ပေမယ့် အီရန်-အမေရိကန်တို့ရဲ့ စစ်ပွဲ၊ ရုရှား-ယူကရိန်းတို့ရဲ့ အလှည့်အပြောင်း၊ တရုတ်နိုင်ငံရဲ့ စွမ်းအင်လုံခြုံရေး မျှော်မှန်းချက်၊ အိန္ဒိယရဲ့ Look East  ကနေ Act East Policy ပြောင်းလဲမှု၊ မလက္ကာ ရေလက်ကြားထောက်ပံ့ရေးကွင်းဆက်၊ တရုတ်(တိုင်ပေ)-တရုတ်အရေးနဲ့ တရုတ်-ဖိလစ်ပိုင်တို့ရဲ့ တောင်တရုတ်ပင်လယ်အငြင်းပွားမှုဆိုတဲ့ ဒီလို အကြောင်းအရာတွေ ကြုံဆုံနေချိန်မျိုးမှာမှ တိုက်တိုက်ဆိုင်ဆိုင် ပေါ်ထွက်လာတဲ့ နိုင်ငံရေး အခင်းအကျင်းတစ်ခုလို့လည်း ပြောလို့ရတယ်။
    ပြီးခဲ့တဲ့ လွှတ်တော်မှာ စက်သုံးဆီတင်သွင်းမှုနဲ့ပတ်သက်ပြီး စင်ကာပူနိုင်ငံတစ်ခုတည်းကသာ ကုန်သွယ်ရေး ဗဟိုချက်အဖြစ်နဲ့ မှီခိုနေရတယ် ဆိုတာမျိုး အစိုးရဘက်က ပြောသွားတာ တွေ့ရတယ်။ မြန်မာ့စွမ်းအင်လုံခြုံရေးနဲ့ပတ်သက်ပြီး စင်ကာပူနိုင်ငံကနေ အဓိက တင်သွင်းအားထားနေရတာ ရှင်းရှင်းလင်းလင်း မြင်နေရတယ်။ အစိုးရဘက်ကတော့ စွမ်းအင်ရင်းမြစ်နဲ့ တင်သွင်းတဲ့လမ်းကြောင်းတွေကို မတူညီတဲ့ နည်းလမ်းတွေကနေ တိုးချဲ့ရှာဖွေဖို့ ကြိုးစားနေတယ်ဆိုတာမျိုးလည်း ပြောသွားတယ်။ မကြာသေးခင်က ကျင်းပသွားတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာလည်း နိုင်ငံတော် သမ္မတကြီးကိုယ်တိုင် ပြည်တွင်းလျှပ်စစ်ဓာတ်အား လုံလောက်စေဖို့အတွက် ကျောက်မီးသွေးဓာတ်အားပေး စက်ရုံတွေနဲ့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ ဆောက်လုပ်ဖို့ တိုက်တွန်းထားတာလည်း တွေ့ရတယ်။ တကယ်တော့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆယ်စုနှစ်များစွာ နှောင့်နှေးစေခဲ့တဲ့အကြောင်းရင်းတွေထဲမှာ လျှပ်စစ် မလုံလောက်ခြင်းကလည်း အဓိကအကြောင်းရင်း တစ်ခုလို့ ပြောလို့ရတယ်။ လျှပ်စစ်မလုံလောက်တဲ့အခါ စက်ရုံတွေ မလည်နိုင်ဘူး၊ MSME လုပ်ငန်းတွေမှာ အကန့်အသတ်ရှိသလို EV စနစ်ကိုလည်း အရှိန်မတင်နိုင်ခဲ့ဘူး။ ဒါ့အပြင် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကလည်း လျှပ်စစ်အခက်အခဲကို သတိထားပြီး ဆောင်ရွက်နေခဲ့ကြရတယ်။ 
    ဒီမူဝါဒနဲ့ပတ်သက်ပြီး တိုက်တိုက်ဆိုင်ဆိုင် လှမ်းမျှော်ကြည့်မိတာက ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနယ်မြေပေါ်က ရုရှားနဲ့ MoU ထိုးထားတဲ့ ကျောက်မီးသွေးစက်ရုံစီမံကိန်းက စီးပွားရေးအတွက်သာမက စွမ်းအင်လုံခြုံရေးအတွက်ပါ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာနိုင်တယ်။ လက်ရှိထွက်ပေါ်နေတဲ့ သတင်းအချက်အလက်တွေအရဆိုရင် ကျောက်မီးသွေးစီမံကိန်း စက်ရုံတစ်ခုမှာ မဂ္ဂါဝပ် ၂၂၀ လျှပ်စစ်ထုတ်မှာဖြစ်သလို ဒီလိုမျိုး စက်ရုံသုံးရုံ၊ စုစုပေါင်း မဂ္ဂါဝပ် ၆၆၀ အထိ တည်ဆောက်ဖို့ လျာထားတယ် ဆိုတာမျိုး ကြားနေရတယ်။ ဒီတော့ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် မဂ္ဂါဝပ် ၂၂၀ ကို အပြည့်အဝသုံး၊ ပိုလျှံတဲ့ လျှပ်စစ်တွေက တနင်္သာရီတိုင်း တစ်တိုင်းလုံးအပြင် မော်လ မြိုင်၊ ဘားအံ၊ ပဲခူးနဲ့ ရန်ကုန်လမ်းပိုင်းတစ်လျှောက်က မြို့တွေအထိပါ ပို့လွှတ်နိုင်မလားဆိုတဲ့ ခန့်မှန်းချက်တွေ ရှိလာတယ်။ အသေချာဆုံး ဖြစ်လာနိုင်တာက ဒီကျောက်မီးသွေး စီမံကိန်းတွေပြီးရင် တနင်္သာရီတိုင်းတစ်ခုလုံး လျှပ်စစ်အပြည့်အဝရဖို့ မျှော်လင့်လို့ရသွားပြီလို့ ပြောလို့ရပြီ။ ဒီလို လျှပ်စစ်အပြည့်အဝရရင် သက်ရောက်မှုက ဘာဖြစ်လာနိုင်မလဲဆိုတော့ အလုပ်အကိုင်တွေ တိုးလာနိုင်တဲ့ အခွင့်အလမ်းတွေ ရလာတော့မယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းပေါ်က စီမံကိန်းတွေမှာ၊ လမ်းတံတားဆောက်လုပ်ရေး စသဖြင့် အခြေခံအဆောက်အအုံတွေ သေချာပေါက် ဖွံ့ဖြိုးတိုးတက်လာဖို့ များသွားပြီ။ တကယ်လို့များ ထားဝယ်ရေနက် ဆိပ်ကမ်း စီးပွားရေးဇုန် ပေါ်ပေါက်လာခဲ့ရင် စီးပွားရေးရှုထောင့်အရ အချက်အချာဖြစ်လာမယ့်မြို့က မော်လမြိုင် ဖြစ်လာနိုင်တယ်။ 
    မော်လမြိုင်ဆိုတာက ဒီမြို့ရဲ့အနောက်ဘက်မှာ ရန်ကုန်၊ တောင်ဘက်မှာ ထားဝယ်၊ အရှေ့ဘက် မှာ မြဝတီနဲ့ ထိုင်းနိုင်ငံကို ချိတ်ဆက်ထားတဲ့ ဒေသစီးပွားရေး ဗဟိုချက်တစ်ခု ပုံစံမျိုး ပေါ်ပေါက်လာဖို့ ရှိနေတယ်။ မကြာသေးခင်က ဖွင့်လှစ်ခဲ့တဲ့ ဂျိုင်း-အတ္ထရံတံတားကို ပထဝီနိုင်ငံရေးနဲ့ ဒေသတွင်းစီးပွားရေး အမြင်နဲ့ကြည့်ရင် ဒီတံတားဟာ မော်လမြိုင်ကို အရှေ့တောင်အာရှရဲ့ ကုန်သွယ်ရေးကွန်ရက်ထဲ ပိုပြီးနက်ရှိုင်းစွာ ချိတ်ဆက်ပေးနိုင်မယ့် အခြေခံအဆောက်အအုံတစ်ခုလို့ ယူဆနိုင်စရာရှိတယ်။ မော်လ မြိုင်ကနေ အရှေ့ဘက်ကို ဆက်သွားရင် ဘားအံ၊ ကော့ကရိတ်နဲ့ မြဝတီကို ရောက်တယ်။ မြဝတီကို ကျော်လိုက်တာနဲ့ ထိုင်းနိုင်ငံ မဲဆောက်၊ တာ့ခ်ပြည် နယ်ကနေ ဘန်ကောက်အထိ ဆက်သွယ်နိုင်တယ်။ ဒီ လမ်းကြောင်းက East-West Economic Corridor (EWEC) ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သလို ဗီယက် နမ်၊ လာအို၊ ထိုင်း၊ မြန်မာကို ချိတ်ဆက်ထားတဲ့ဒေသတွင်း စီးပွားရေးလမ်းမကြီးအတွက်လည်း အရေးပါလာတော့မယ်။ တောင်ဘက်ကို ကြည့်ပြန်ရင်လည်း ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းက နောက်ထပ် အရေးကြီးတဲ့ အချက်အချာနယ်မြေ ဖြစ်နေပြန်တယ်။ ထားဝယ်ကနေ ထွက်လာတဲ့ ကုန်စည်တွေဟာ ရေးနဲ့ မော်လမြိုင်ကိုဖြတ်ပြီး မြဝတီကနေ ထိုင်းနဲ့ အာဆီယံဈေးကွက်တွေကို သွားနိုင်သလို ထိုင်းဘက်က ကုန်စည်တွေလည်း မော်လမြိုင်ကိုဖြတ်ပြီး ထားဝယ်ဆိပ်ကမ်းကနေ အိန္ဒိယ သမုဒ္ဒရာဘက်ကို ထွက်နိုင်တဲ့ လမ်းကြောင်းသစ်တစ်ခု ပေါ်လာနိုင်တယ်။ ဆိုတော့ မော်လမြိုင်က အနာဂတ်မှာ " Transit City" တစ်ခု သာမကဘဲ Logistics Hub  တစ်ခုအဖြစ်ပါ ရပ်တည်နိုင်တဲ့ အလားအလာမျိုးတွေ့နေ ရပြီ။ 
    အမျိုးသားအဆင့် လျှပ်စစ်လိုအပ်ချက်ဖြစ်တဲ့ မဂ္ဂါဝပ် ၆၀၀၀ ကို ဖြည့်ဆည်းပေးနိုင်မယ့် မြစ်ဆုံစီမံကိန်းအကြောင်းအရာတွေကလည်း ဒီရက်ပိုင်း ပိုပြီး လှုပ်လှုပ်ခတ်ခတ် ဖြစ်လာနေတယ်။ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်ရဲ့ အဆိုအရ တရုတ်နိုင်ငံနဲ့ ရှစ်နှစ်ခွဲအတွင်း အပြီးသတ်မယ်ဆိုတဲ့ သဘောတူ ညီချက်မျိုး ရထားတယ်လို့ဆိုတယ်။ ဒီလိုစံနှုန်းနဲ့သာ ပြီးစီးခဲ့ရင် မြန်မာနိုင်ငံရဲ့ လျှပ်စစ်လိုအပ်ချက်က ၂၀၃၅ မှာ တော်တော်လေး အဆင်ပြေသွားမယ့်သဘောရှိတယ်။ ပထမဆုံးအားသာချက်ကတော့ စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာမယ်။ ရေအားလျှပ်စစ်ဖြစ်တာမို့ ထုတ်လုပ်မှု ကုန်ကျစရိတ်တွေ လျော့ကျ သွားနိုင်သလို ပြည်ပရင်းနှီးမြှုပ်နှံမှုတွေအတွက်လည်း အကောင်းဆုံး ဆွဲဆောင်မှုတစ်ခု ဖြစ်သွားလိမ့်မယ်။ ဒုတိယအချက်ကတော့ MSME တွေ အားကောင်းလာနိုင်တယ်။ လျှပ်စစ်လုံလောက်မှုရှိရင် အချိန် ပြည့် လည်ပတ်နိုင်မယ့် လုပ်ငန်းတွေ ဖြစ်လာနိုင်သလို အလုပ်အကိုင်၊ အခွင့်အလမ်းနဲ့ဝင်ငွေတွေမှာ အတော်လေး တိုးတက်လာဖို့ ရာခိုင်နှုန်းများတယ်။ နောက် တတိယအချက်ကတော့ EV စနစ်တွေတွင် ကျယ်လာနိုင်တယ်။ Charging Station တွေကို လုံလုံလောက်လောက် တည် ဆောက်လာနိုင်မှာဖြစ်သလို မြို့ ပြသယ်ယူပို့ဆောင်ရေးအတွက် လျှပ်စစ်ရထား၊ စက်မှုဇုန်နဲ့ ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံတွေ တိုးချဲ့ဖို့ အခွင့်အလမ်း ပိုများလာနိုင်လိမ့်မယ်။ 
    မြန်မာ့ပထဝီနိုင်ငံရေး အလှည့်အပြောင်းကြားမှာ ဒေသတွင်းပထဝီနိုင်ငံရေးရဲ့ အရေးပါမှုတွေကိုလည်း မဖြစ်မနေ ထည့်သွင်းတွက်ချက်ရလိမ့်မယ်။ ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်မှာ တရုတ်သမ္မတနဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်တာရစ်ရာမန်တို့ တွေ့ဆုံခဲ့ချိန်မှာ တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေးစင်္ကြံ (China-Myanmar-Bangl-adesh Economic Corridor) တည်ဆောက်ဖို့ဆိုတဲ့ အဆိုပြုချက်ကို ဆွေးနွေးခဲ့တာလည်း တွေ့ လိုက်ရတယ်။ တစ်ဖက်မှာ အိန္ဒိယရဲ့ Act East Policy အရ စစ်တွေ-ကုလားတန်စီမံကိန်းကနေ သူ့ရဲ့ အရှေ့မြောက်ပြည်နယ်တွေကို အာဆီယံနဲ့ ချိတ်ဆက်လိုတဲ့ ရည်ရွယ်ချက်တွေ၊ တရုတ်နိုင်ငံရဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ ဃနြဃ စီမံကိန်းတွေကို အရှိန်မြှင့်တင်ဖို့ ဆန္ဒရှိတဲ့ မျှော်မှန်းချက်တွေ 'ဒါတွေကို ချိတ်ဆက်ကြည့်လိုက်ရင်'တောင် အာရှနဲ့ အရှေ့တောင်အာရှကြား၊ တရုတ်၊ အိန္ဒိယနဲ့ အာဆီယံ ရပ်ဝန်းကြားမှာ မြန်မာပထဝီနိုင်ငံရေး အရေးပါမှုအခြေအနေက အထွတ်အထိပ်ကိုရောက်နေတာမျိုး မြင်ရတယ်။ ဒါ့အပြင် ကမ္ဘောဒီးယားနဲ့ တရုတ်ကြားက မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု တိုးလာတဲ့အချက်ကလည်း တရုတ်နဲ့ နီးစပ်တဲ့ အရှေ့တောင်အာရှနိုင်ငံတွေ၊ အထူးသဖြင့် မဲခေါင်-လန်ချန်းထဲက အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အာဆီယံမှာ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး ခိုင်မာတဲ့ သဘောထားတွေ၊ ဒါမှမဟုတ် မှန်ကန်တဲ့ ရပ်တည်ချက်တွေနဲ့ ထောက်ခံအားပေးတာမျိုး  ရှိလာနိုင်ခြေများတယ်။
    ဒီလိုအချိန်မျိုးမှာပဲ အာဆီယံရဲ့မူဝါနဲ့ ရပ်တည်ချက်ကို တရားဝင်မေးခွန်းထုတ်နိုင်မယ့် လွှတ်တော် ရဲ့ လုပ်ဆောင်ချက်ကိုလည်း ဇွန် ၂၆ ရက်မှာ မြင်တွေ့ ခွင့်ရလိုက်တယ်။ ကလောမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်က အာဆီယံရဲ့ ဘုံသဘောတူညီချက်ငါးရပ်ဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ တန်းတူရည်တူရှိမှုတွေကို ထိခိုက်စေတာမို့ ပြန်လည်သုံးသပ်ဖို့ဆိုတဲ့ အဆိုကို တင်သွင်း လာခဲ့တယ်။ သာမန် ကြည့်ရင်တော့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အဆိုတစ်ခုလို့ မြင်ပေးလို့ရနိုင်ပေမယ့် သူ့ရဲ အဆိုပြုချက်ထဲမှာပါသလို အာဆီယံရဲ့ ဘုံသဘောထားငါးချက်က မြန်မာ့နိုင်ငံရေးနဲ့လည်း ကိုက်ညီမှု မရှိဘူး။ ပြည်တွင်းရေးကိုလည်း ဝင်ရောက်စွက်ဖက်ထားတဲ့အပေါ် လွှတ်တော်လမ်းကြောင်းကနေ တရားဝင် ကန့်ကွက်ကြောင်း ထုတ်ပြန်မယ့် တစ်နည်းအားဖြင့် အာဆီယံရဲ့ဖိအားပေးမှုအပေါ်မှာ မြန်မာနိုင်ငံ အနေနဲ့ မိမိနိုင်ငံရဲ့ချမှတ်ထားတဲ့ နိုင်ငံရေးလမ်းစဉ်အတိုင်း မိမိလမ်းကို မိမိလျှောက်မယ်ဆိုတဲ့ ပြတ်သားတဲ့ နိုင်ငံရေးသတင်းစကားပါးမှုလို့လည်း သုံးသပ်လို့ရတယ်။ 
ခြုံသုံးသပ်ရရင်တော့ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ရှေ့လုပ်ငန်းစဉ်တွေတိုင်းမှာ စိန်ခေါ်မှုတွေ ရှိနေသေးတယ်ဆိုပေမယ့် ပထဝီနိုင်ငံရေး အားသာချက်ကို အသုံးချနိုင်ရင် အခွင့်အလမ်းကြီးကြီးမားမား ရနိုင်တာမျိုး မြင်နေရတယ်။ ဆိုပါစို့ ထားဝယ်ရေနက်ဆိပ်ကမ်းက ၂၀၃၀ ပတ်ဝန်းကျင်လောက်မှာ အောင်မြင်ပြီးစီးနိုင်ခဲ့ရင်၊ နောက် 'မြစ်ဆုံလိုမျိုး အကြီးစားလျှပ်စစ်စီမံကိန်းတွေက မျှော်မှန်းထားသလို ၁၀ စုနှစ်တစ်ခုအတွင်း ပြီးဆုံးအောင် လုပ်နိုင်ခဲ့ရင်'မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဆိုတဲ့ ပြဿနာကြီးကို အကောင်းဆုံးဖြေရှင်းပေး နိုင်လိမ့်လို့ ယူဆရမယ်။ လျှပ်စစ်လုံလောက်မှု ရှိလာတာ နဲ့အမျှ MSME လုပ်ငန်းတွေ၊ EV စနစ်၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ စက်မှုလုပ်ငန်းနဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုအပိုင်းမှာ ကဏ္ဍစုံ အားကောင်းလာဖို့ မျှော်လင့်နိုင်သွားပြီလို့ ပြောလို့ရတယ်။ တရုတ်နိုင်ငံရဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်း၊ တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ်ဆိုတဲ့ စီးပွားရေး စင်္ကြံတွေ အကောင်အထည် ဖော်လာနိုင်ရင် ခုလက်ရှိဖြစ်နေတဲ့ စင်ကာပူနိုင်ငံအပေါ် မှီခိုနေရတဲ့ စွမ်းအင်ကဏ္ဍကိုလည်း လျှော့ချပေး နိုင်သလို ဒေသတွင်း စီးပွားရေးမှာလည်း တခြားဒေသတွင်း နိုင်ငံတွေထက် ဝင်ငွေပိုကောင်းတဲ့ အခင်း အကျင်းမျိုး ဖြစ်လာနိုင်လိမ့်မယ်။ ဆိုတော့ လာမယ့်ဆယ်စုနှစ်တစ်ခုက မြန်မာနိုင်ငံအတွက် ကဏ္ဍစုံကို စမ်းသပ်မယ့် အချိုးအကွေ့ကာလတစ်ခုလို့ ပြောလို့ရတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ ချိတ်ဆက်နိုင်မယ့် စီးပွားရေးလမ်းကြောင်းတွေ၊ စွမ်းအင်စီမံကိန်းနဲ့ ဒေသတွင်း ပထဝီနိုင်ငံရေး အားသာချက်တွေကို အခွင့်အလမ်းအဖြစ်နဲ့ ထိထိရောက်ရောက် အသုံးချနိုင်ဖို့ဆိုတာက လက်ရှိဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခ တွေကို ဘယ်လိုကိုင်တွယ်ထိန်းကျောင်းမလဲဆိုတာက အဓိကမေးခွန်း ဖြစ်နေလိမ့်မယ်။။ သေချာတာက တော့ 'လက်နက်ကိုင် ပဋိပက္ခတွေ ဆက်ရှိနေသမျှ ဒီစီမံကိန်းတွေ အောင်မြင်ဖို့ဆိုတာ' ဖြစ်လာနိုင်ဖို့ အခွင့်အရေးနည်းတယ်လို့ ပြောလို့ရတယ်။ လာမယ့်ဆယ်စုနှစ်ကာလအ တွင်းပေါ်ပေါက်လာမယ့် ထား ဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း၊ EWEC လမ်းကြောင်း၊ CMEC ၊ ကုလားတန်စီမံကိန်းနဲ့ လျှပ်စစ်စွမ်းအင် စီမံကိန်းတွေက အဆင့်ဆင့် အကောင်အထည် ပေါ်လာနိုင်ခဲ့မယ်ဆိုရင်တော့ ဒေသတွင်းအရှေ့တောင် အာရှနိုင်ငံတွေကြားမှာ မြန်မာနိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက်အလှည့်အပြောင်းနဲ့ ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို စောင့် ကြည့်ရမယ့်အချိန်ကာလတစ်ခုကို ရောက်လာဖို့ သိပ်မ ဝေးတော့ဘူးလို့ဘဲ သုံးသပ်ရမှာဖြစ်တယ်။
နရီမိုး
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 50

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63563

© 2022 - 2026 News. All Rights Reserved.