၂၀၂၅ ၊ နိုဝင်ဘာ ၂၉
မိမိတို့နိုင်ငံအတွက် အဓိကထား ရှင်းလင်းရမယ့်ကိစ္စဟာ မူးယစ်ဆေးဝါးနဲ့ ကျားဖျန့်လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကျားဖျန့်ကတော့ အဓိက ဦးစားပေးဖြစ်နေတာပဲ ဖြစ်ပါတယ်။ ကျားဖျန့်ကြောင့်လည်း မဖြစ်သင့်တဲ့ အခြေအနေမျိုးတွေအထိ ဖြစ်လာခဲ့ရတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ အရင်က ကျားဖျန့်ဆိုတာ မိမိတို့အနေနဲ့ ကြားတောင်မကြား ဖူးကြပါဘူး။ အွန်လိုင်းက လိမ်လည်တယ် ဆိုတာကလည်းများ မကြာမီကမှလို့ ဆိုရမှာ ဖြစ်ပါတယ်။ ခေတ်အဆက် ဆက်မှာ သိက္ခာကျစေခဲ့တဲ့ လုပ်ရပ်ကတော့ ဘိန်းစိုက်ပျိုးခြင်း၊ ဘိန်းရောင်းဝယ်ခြင်းနဲ့ ဘိန်းကတစ်ဆင့်ထွက်ရှိ တဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချခြင်းတွေပဲ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေဟာ အမှန်တကယ် ရှိခဲ့တယ်ဆိုတာဝန်ခံရမှာ အမှန်ပါ။ လိမ်ညာလို့ မရပါဘူး။ အရေးကြီးတာက ပပျောက်ရေးနဲ့ ထပ်မံ မဖြစ်စေရေးပါ။
ဒီလုပ်ရပ်တွေ၊ ဒီလုပ်ငန်းတွေ ဘယ်လိုပေါ်ပေါက်လာသလဲ၊ ဘာကြောင့်ကြီးထွားလာသလဲဆိုတာကို ပြန်လည်သုံးသပ်ကြည့်ရင် လက် နက်ကိုင်လမ်းစဉ်ကို အခြေခံပြီး လက်နက်ကိုင်အာဏာ တည်ဆောက်လိုတဲ့သူတွေနဲ့ အိမ်နီးချင်းနိုင်ငံတချို့က ငွေရရင်ပြီးရောဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ပယောဂက အဓိကဆိုတာတွေ့ရမှာဖြစ်ပါတယ်။ လက်နက်ကိုင်လမ်းစဉ် အစပျိုးပြီးနောက်မှာ လက်နက်ကိုင်အဖွဲ့တွေဟာ ကင်ဆာဆဲလ်လို လျင်မြန်စွာ ကူးစက်မှုတွေ ဖြစ်လာပြီး မလိုအပ်ဘဲများ ပြားလာခဲ့တာ ကို တွေ့ရမှာဖြစ်ပါတယ်။ ဒီအဖွဲ့တွေအနေနဲ့ ရေရှည်ရပ် တည်ရေးနဲ့ လက်နက်ခဲယမ်းရရှိရေးဆိုတာ တွေဟာ မလွဲမသွေ လိုအပ်လာတာပဲ ဖြစ်ပါတယ်။ အဲဒီအတွက်လည်း အစပိုင်းမှာ ပြည်သူတွေဆီက ဆက်ကြေးကောက်တာ၊ ရိက္ခာရယူတာတွေနဲ့ စခဲ့ကြတာဖြစ်ပါတယ်။ စားရေရိက္ခာအတွက် အတန်အသင့် အဆင်ပြေ ကောင်းမွန်နိုင်မှာ မှန်ပေမယ့် ရေရှည်အတွက် မဖြစ်နိုင်ဘူးဆိုတာ ရှင်းပါတယ်။ အထူးသဖြင့် လုံလောက်တဲ့ လက်နက်ခဲယမ်း ရရှိဖို့ဆိုတာ ဆက်ကြေးကောက်ခံရုံနဲ့ မဖြစ်တော့တဲ့အတွက် ငွေဝင်မယ့်နည်းလမ်းတွေကို စဉ်းစားလာကြတာပဲ ဖြစ်ပါတယ်။
လက်ဝဲလက်ယာ အားပြိုင်မှုအရ မိမိတို့ ပြည်တွင်းက လက်နက်ကိုင်တွေကို ပြည်ပကအထောက်အပံ့ ပြုခဲ့တာတွေရှိပါတယ်။ များသော အားဖြင့် ထောက်ပံ့ခဲ့ကြတာက လက်နက်ခဲယမ်းကို ငွေကြေးပမာဏ သတ်မှတ်ပေးတာ ဖြစ်တဲ့အတွက် စားဝတ်နေရေးအတွက် ပြဿနာရှိပါတယ်။ လက်နက်ခဲယမ်းဆို တာကလည်း လုံလုံလောက်လောက် မရနိုင်တဲ့အတွက် ငွေရှာဖို့က ပိုအရေးကြီးလာကြပါတယ်။ ဒါကြောင့်လည်း တရားမဝင် စီးပွားရေးလုပ်ငန်းတွေနဲ့ လက်နက်မှောင်ခို ဈေးကွက်ဆိုတာ ပေါ်လာတာပဲ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်း သူ့နယ်မြေနဲ့ သူ့သဘာဝအရ လက်နက်မှောင်ခိုဈေးတွေရှိပေမယ့် အာရှနဲ့ အရှေ့တောင်အာရှဈေးကွက်မှာတော့ မြန်မာသူပုန်တွေရဲ့ ဝယ်လိုအားက မသေးတဲ့အတွက် ဖောက်သည် ကောင်းလို့ ဆိုရမှာ ဖြစ်ပါတယ်။ မြန်မာသူ ပုန်တွေကြောင့်လည်း တရုတ်နယ်စပ် ယူနန်ပြည်နယ်နဲ့ ထိုင်းနယ်စပ်က လက်နက်မှောင်ခိုသမားတွေ အဆင်ပြေနေကြတာပဲ ဖြစ်ပါတယ်။ လက်နက်မှောင်ခို တွေသာမက ဆက်စပ်စီးပွားရေးသမားတွေလည်း ကြွယ်ဝနေကြ တာတွေ့ရမှာပါ။
ဒီလိုအခြေအနေကစပြီး လက်နက်ကိုင်အင် အားတိုးချဲ့လေ ငွေလိုလေဖြစ်တဲ့အတွက် လက်နက် ကိုင်အဖွဲ့တွေအနေနဲ့ နည်းမျိုးစုံနဲ့ ငွေရှာနေကြ တာပဲဖြစ်ပါတယ်။ နောက်ပိုင်းမှာ အဖွဲ့အတွက်လိုတာ အပြင် ပုဂ္ဂိုလ်ရေးကြွယ်ဝမှုအတွက် ရှာဖွေလာကြတာပဲ ဖြစ်ပါတယ်။ လိုအခြေအနေတွေကစပြီး လက်နက်ကိုင်အဖွဲ့တွေ ကြီးစိုးတဲ့နယ်မြေမှာ ပြည်ပက စီးပွားရေးမသမာတဲ့ တရားမဝင်အဖွဲ့အစည်းတွေ ဝင်လာကြတာ၊ လက်နက်ကိုင်တွေရဲ့ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ လုပ်ငန်းလိုလားချက်ကို ဖြည့်ဆည်းပေးဖို့ နယ်စပ်ဒေသဝန်းကျင်မှာ ကုန်ကြမ်း ပစ္စည်းဆိုင်တွေ ဖွင့်လာကြတာတွေကို တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် မိမိတို့ဆီက သစ်တောနဲ့ သယံဇာတ ထွက်ကုန်တွေကို မှောင်ခိုလုပ်တာတွေ၊ အခ ကြေးငွေပေးပြီး ထုတ်ယူသွားကြတာတွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ တစ်ဖက်နိုင်ငံတွေက မြန်မာနိုင်ငံနယ် စပ်အနီးမှာ နေထိုင်ကြတဲ့သူ အတော်များများဟာ မြန်မာလက်နက်ကိုင်အဖွဲ့တွေကိုမှီပြီး တရားမဝင်စီးပွားရေးလုပ်ရာကနေ ချမ်းသာသွားကြတာတွေကို တွေ့ရမှာဖြစ်ပါတယ်။
၁၉၈၈ ခုနှစ်မတိုင်ခင်က ထိုင်း-မြန်မာ နယ်စပ်ဒေသကို အခြေပြုပြီး လက်နက်ကိုင်ထားကြတဲ့ KNU? KNPP ? NMSP တို့ဆိုရင် သစ်မှောင်ခို၊ ကျွဲ၊ နွားမှောင်ခို လုပ်ငန်းတွေ၊ ထိုင်းနိုင်ငံထုတ်ကုန်တွေ ပြည်တွင်းကိုမှောင်ခိုသွင်းတာတွေနဲ့ ငွေရှာခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံအတွင်းက ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းအတွင်းက နိုင်ငံ့သယံဇာတ အဖိုးတန်ကျွန်းသစ်နဲ့ သစ်မာတွေ ကုန်ဆုံးခဲ့ကြတာပဲ ဖြစ်ပါတယ်။ သစ်ခိုးထုတ်တာနဲ့ ပတ်သက်လို့ လက်နက် ကိုင်တွေက ကိုယ်တိုင်လည်း သစ်ခွဲစက်တည် သစ်ခုတ်ကြသလို တစ်ဖက်နိုင်ငံက သစ်မှောင်ခို ကုန်သည်တွေကို အခွန်ကောက်ပြီး သစ်ထုတ်ခွင့်ပြုခဲ့တာတွေကိုလည်း တွေ့ခဲ့ရပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာလည်း သစ်ခိုးထုတ်တာတွေ လုပ်ဆောင်ခဲ့ကြပေမယ့် တပ်မတော်အစိုးရ တက်လာပြီးနောက်ပိုင်းမှာ ငြိမ်းချမ်းရေးရယူတာတွေ၊ နယ်မြေအလိုက် တိုက်ထုတ်ခဲ့တာတွေကြောင့် ဒီဒေသတွေမှာ တရားမဝင် သစ်ခိုးထုတ်မှုတွေ နည်းပါးသွားခဲ့တာပဲ ဖြစ်ပါတယ်။
အလားတူ ကချင်ပြည်နယ်အတွင်းမှာလည်း KIA အနေနဲ့ တရားမဝင် သစ်မှောင်ခိုလုပ်ငန်းတွေကို လုပ်ခဲ့ကြပါတယ်။ သူကိုယ်တိုင်ထုတ်တာထက် ဝင်ရောက်လုပ်ကိုင်ခွင့်ပြုတာ၊ ရတဲ့သစ်အပေါ် အခကြေး ငွေကောက်ခံပြီး ပြည်ပကို သယ်ဆောင်ခွင့်ပြုတာတွေကို ပိုမိုလုပ်ဆောင်ခဲ့ကြတာ တွေ့ရမှာဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းကာလမှာ ကချင်ပြည်နယ်အတွင်းကို တရုတ်နိုင်ငံက သစ်သမားတွေနဲ့ ငြိမ်းချမ်းရေးရယူထားတဲ့ လက်နက်ကိုင်အဖွဲ့တွေ ဝင်ရောက်ပြီး သစ်ခိုးထုတ်ခဲ့ကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ KIA ကတော့ လာသမျှကို အခကြေးငွေယူပြီး ခွင့်ပြုပေးခဲ့ပါတယ်။ အခုဆိုရင် ကချင်ပြည်နယ် ဗန်းမော်၊ မံစီ၊ မိုးမောက်၊ ရွှေကူ၊ မဘိန်းနယ်တွေမှာ သစ်ကောင်းဝါးကောင်းတွေ မရှိသလောက် ဖြစ်နေပါပြီ။ တရုတ် နိုင်ငံဘက်ခြမ်း ရွှေလီ၊ ရင်ကျန်း နယ်စပ်တစ်လျှောက်မှာ မြန်မာဘက်က ခိုးထုတ်လာတဲ့ သစ်ကားတွေ၊ သစ်တွေ စုပုံထားတာတွေကို မမြင်ချင်အဆုံး တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလက်နက်ကိုင်တွေနဲ့ သစ်ခိုးသမား တွေဟာ သစ်သာခုတ်သွားကြတာ ဖြစ်ပေမယ့် အစားထိုး ပျိုးပင်လေးတစ်ပင်တောင်မှ ပြန်စိုက်ပေး မသွားကြပါဘူး။
သယံဇာတအနေနဲ့ကြည့်မယ်ဆိုရင် ရွှေတူးတာတွေ၊ သတ္တုတူးတာတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ရွှေနဲ့ သတ္တုတူးတာတွေနဲ့ပတ်သက်ပြီး ကရင်ပြည်နယ်အတွင်းမှာ KNU ကို အခကြေးငွေပေးပြီး တူးဖော် တာတွေရှိသလို ကချင်ပြည်နယ်အတွင်းမှာ KIA ကိုပေးပြီး တူးတာတွေလည်းရှိပါတယ်။ ကချင်ပြည်နယ်အတွင်းက ပိုများ၊ ပိုဆိုးပါတယ်။ ကချင်ပြည်နယ်အတွင်းမှာဆိုရင် KIA က ရွှေ၊ ကျောက်စိမ်းနဲ့ သတ္တုအမျိုးမျိုး တူးဖော်ဖို့အတွက် ပြည်တွင်းကပဲဖြစ်ဖြစ်၊ တရုတ်ကပဲဖြစ်ဖြစ် လုပ်ကွက်အလိုက် မြေပိုင်းပြီးရောင်းတာ၊ ယာဉ်ယန္တရားသွင်း ဖို့အတွက် တစ်စီးချင်းအလိုက် ငွေကောက်တာ၊ ထွက်ကုန်တွေ တရုတ်ကိုသယ်ရင် သတ်မှတ်ကောက်ခံတာတွေ လုပ်ပါတယ်။ ငွေရမှန်းသိလာတာနဲ့အမျှ အရင်ကထက် ပိုပိုပြီး ဆိုးလာတာ ပဲဖြစ်ပါတယ်။ အခုဆိုရင် KIA အနေနဲ့ သူစိုးမိုးထားတဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းအတွင်းက သတ္တုတူးဖော်ရေးလုပ်ငန်းတွေအပြင် သာမန်စီးပွားရေးလုပ်ငန်းငယ်တွေ၊ ဈေးဆိုင်ငယ်လေးတွေကအစ အခကြေးငွေ ကောက်ပါတယ်။
မကြာသေးမီကစပြီး အခုချိန်ထိ မိုးကုတ်၊ မိုး မိတ်၊ မတ္တရာ၊ သပိတ်ကျင်းက အခြေအနေတွေကို ပြန်ကြည့်ကြရင် နိုင်ငံတော်ရဲ့သယံဇာတကို ကိုယ်ကျိုးအတွက် ပစ္စလက်ခတ် လုပ်နေကြတာကို တွေ့ရမှာဖြစ်ပါတယ်။ ထို့အတူ စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်တစ်လျှောက်မှာလည်း အလွန် အကျွံ ရွှေတူးဖော်မှု တွေကို လုပ်နေကြတာ တွေ့ရမှာဖြစ်ပါတယ်။ မနေ့တစ်နေ့ကမှ လက်နက်ကိုင်လာတဲ့ NUG နဲ့ PDF တွေပင်လျှင် ဒီအရသာကို တွေ့နေပြီဖြစ်ပါတယ်။ မိုးကုတ်မှာဆိုရင် မြို့ပျက်လုခမန်း ကျောက်တူးနေကြ တာတွေကို တွေ့ရမှာပါ။ ဂေါက်ကွင်းဆိုရင် ပျက်စီးသွားပါပြီ။ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ တူးထားတဲ့ မြေစာတွေကိုပါ ကားကြီးတွေနဲ့ တရုတ်နယ်စပ်အထိ သယ်နေကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ကြည့်ရ တာ မြေစာတွေထဲမှာ ကျောက်မျက်ရ တနာအပြင် တခြားတန်ဖိုးရှိတဲ့ သတ္တုတွေ ရှိနေပုံရပါတယ်။ မကြာသေးမီက မိုးကုတ်ကို ပြန်ပေးရတော့မယ်ဆိုတဲ့အသံ ထွက်လာပြီးနောက်မှာ အခုချိန်ထိ တူးတာ၊ မြေစာသယ်တာတွေကို ပိုတိုးပြီး နေ့ရောညပါလုပ်နေကြတာကိုကြည့်ရင် ဘယ်သူသေသေ ငတေမာရင် ပြီးရော ဆိုတဲ့သဘောပဲ ဖြစ်ပါတယ်။ တိုင်းပြည်အတွက်၊ ပြည် သူအတွက်ဆိုတာ ဝေလာဝေးရောလို့ပဲ ဆိုရပါမယ်။ လက်နက်ကိုင်ဒေသတွေမှာ ထုတ်လုပ်တဲ့ ဒီသယံဇာတ ပစ္စည်းတွေနဲ့ပတ်သက်ပြီး ဘာအကျိုးရှိသလဲကြည့်ရင် လက်လွတ်စပယ် စည်းမရှိကမ်းမရှိ ထုတ်လုပ်တဲ့ သူတွေနဲ့ လက်နက်ကိုင်အဖွဲ့ အကြီးအကဲတွေသာ အကျိုးခံစားရပြီး နိုင်ငံတော်နဲ့ ပြည်သူတွေကတော့ နစ်နာဆုံးရှုံးမှု သာရတယ်လို့ မြင်ရမှာဖြစ်ပါတယ်။
မူးယစ်ဆေးဝါးနဲ့ပတ်သက်ရင် မြန်မာနိုင်ငံမှာ ဘယ်ဒေသကထွက်တယ်၊ ဘယ်သူတွေ ထုတ်လုပ်တယ်ဆိုတာ လူတိုင်းနီးပါး သိကြပါတယ်။ ငြင်းလို့မရတဲ့အခြေအနေတစ်ခုပါ။ မူးယစ်ဆေးဝါး ပြဿနာဟာ နိုင်ငံတစ်ခုရဲ့ပြဿနာမဟုတ်ဘဲ ကမ္ဘာတစ်ဝန်းလုံးနဲ့ဆိုင်တဲ့ လူ့ပြဿနာပါ။ လူသားရင်းမြစ်တွေကို လူညွန့်တုံးစေတဲ့အတွက် လူသားတွေရဲ့ အန္တရာယ်ပါ။ ဒါကို တစ်ကမ္ဘာလုံးက လက်ခံထားကြပါတယ်။ စိတ်ကြွမူးယစ်ဆေးဝါးတွေ မထုတ်ခင်ကတည်းက မြန်မာနိုင်ငံဟာ ဘိန်းစိုက်ပျိုး ထုတ်လုပ်ရေးနဲ့ ပတ်သက်ပြီး ကမ္ဘာမှာ နာမည်ကြီးပါတယ်။ ဘိန်းစိုက်ပျိုးထုတ်လုပ်ရေးနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ အဓိကထားဆောင် ရွက်ခဲ့ကြတာ တွေ့ရပါတယ်။ ဒေသခံပြည်သူတွေက တောင်ယာသဖွယ် စိုက်ပျိုးခဲ့ကြပြီး ဘိန်းမည်းနဲ့ ဘိန်းဖြူချက်လုပ်ကြတာက လက်နက်ကိုင်အဖွဲ့တွေနဲ့ သူတို့နဲ့ပေါင်း စပ်ထားကြတဲ့ ဘိန်းရာဇာတွေပါ။
ဘိန်းမည်းထုတ်လုပ်တာက ဓာတုပစ္စည်း မလိုပေမယ့် ဘိန်းဖြူချက်တာကတော့ ဓာတုပစ္စည်း တွေလိုပါတယ်။ ဓာတုပစ္စည်းတွေ ဘယ်ကရပါသလဲ။ မြန်မာနိုင်ငံထဲမှာ မထွက်ပါဘူး။ လိုအပ်တဲ့ ဓာတုပစ္စည်းတွေ ထုတ်လုပ်ရောင်းချနိုင်လောက်တဲ့ အခြေအနေလည်း မရှိပါဘူး။ ဘိန်းဖြူကို မြန်မာနိုင်ငံအတွင်းမှာ ချက်ပြီး ဘိန်းဖြူရဲ့ အဓိကဈေးကွက်က မြန်မာနိုင်ငံမဟုတ်တဲ့အတွက် ပြည်ပကို ပြန်လည် သယ်ယူခဲ့ကြတာပဲ ဖြစ်ပါတယ်။
အလားတူ အခုချိန်မှာ ထုတ်လုပ်တဲ့ စိတ်ကြွရူးသွပ်ဆေးတွေဟာ ဘိန်းမလိုတဲ့ ဓာတုပစ္စည်း ပေါင်းစပ်မှုတွေဖြစ်ပြီး ပြည်တွင်းမှာ ဓာတုပစ္စည်းကုန်ကြမ်းမရှိသလို စိတ်ကြွမူးယစ်ဆေးဝါးရဲ့ အဓိက ဈေးကွက်လည်း ဟုတ်မနေပြန်ပါဘူး။ မြန်မာနိုင်ငံဟာ မူးယစ်ဆေးဝါး ထုတ်လုပ်ရာဒေသတစ်ခုအဖြစ် ရှိနေတယ်ဆိုတာ ငြင်းလို့မရတဲ့ အခြေအနေမှာ ရှိပါတယ်။ သိလျက်သားနဲ့ အမြစ်ပြတ်အောင် ဆောင်ရွက်ရမှာ မဟုတ်ဘူးလားလို့ မေးစရာရှိပါတယ်။ မှန်ပါတယ်။ အမြစ်ပြတ်အောင်လုပ်ရမှာပါ။ သို့သော် အရမ်းလွယ်တဲ့ အနေအထားတော့ မဟုတ်ဘူး။ ပေးဆပ်ရမှာတွေ အများကြီး ရှိပါတယ်။
အမြစ်ပြတ်အောင်လုပ်ဖို့က မိမိတို့တစ်နိုင်ငံတည်း ဆောင်ရွက်လို့မရပါဘူး။ အနိမ့်ဆုံးအဆင့် ဓာတုပစ္စည်းတွေ မိမိနိုင်ငံထဲဝင်မလာဖို့က အရေးကြီးပါတယ်။ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ ဓာတုပစ္စည်းတွေဟာ မြန်မာနိုင်ငံထဲကို တရားဝင်နည်းလမ်းအရ ကွန်တိန်နာနဲ့ မဝင်ပါဘူး။ နယ်စပ်ကနေ ထုတ်လုပ်ရာဒေသကို တရားမဝင်ဝင်ရောက်တာပါ။ အထူးသဖြင့် ထိုင်းနယ်စပ်နဲ့ မဲခေါင်မြစ်တစ်လျှောက်၊ မိုင်းလား၊ 'ဝ၊ ကိုးကန့်ဒေသနဲ့ ဆက်စပ်နေတဲ့ တရုတ်နယ်စပ်တွေကနေ အဓိက ဝင်ပါတယ်။ ဒီဓာတု ပစ္စည်းတွေဟာ သူတို့နိုင်ငံတွေမှာ တရားဝင် ထုတ်လုပ်ရောင်းချနေကြတာဖြစ်ပြီး မြန်မာပြည် ဘက်ကူးရင်သာ တရားမဝင်တဲ့အတွက် မှောင်ခိုနည်း လမ်းနဲ့သာ ဝယ်ယူရောင်းချ သယ်ဆောင်နေကြ တာပဲ ဖြစ်ပါတယ်။ တားဆီးဖို့အတွက် မိမိတို့ အပါအဝင် သက်ဆိုင်ရာ နိုင်ငံတွေမှာပါ တာဝန်ရှိတယ်လို့ ဆိုရမှာပါ။ မိမိတို့အနေနဲ့ အရင်က အထူးဒေသအဖြစ် သတ်မှတ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ဒေသတွေမှာ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေ လုပ်လို့မရတဲ့အတွက် အဝင်အထွက်ကို စစ်ဆေးဖို့ အင်မတန်ခက်ပါတယ်။ သို့သော် ဓာတုပစ္စည်းရောင်းချတဲ့ နိုင်ငံတွေ၊ အိမ်နီးချင်း နိုင်ငံတွေက တာဝန်ရှိ သူတွေအနေနဲ့ နယ်စပ်အထိ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နိုင်တဲ့အတွက် စစ်ဆေးဖို့၊ တားဆီးဖို့ မိမိတို့ထက် ပိုလုပ်နိုင်ပါတယ်။ မသိလို့မလုပ်တာလား၊ သိသိချည်းနဲ့ သူတို့ အကျိုးစီးပွားရှိလို့ မလုပ်တာ လားဆိုတာကတော့ ပြောရခက်ပါတယ်။ အကျိုးအမြတ်ရတော့ ဒီလက်နက်ကိုင်အုပ်စုတွေ၊ နာမည် ပျက်တော့ မြန်မာတွေ အားလုံးဖြစ်နေတာဟာ သတိထားဖြေရှင်းသင့်တဲ့ ကိစ္စရပ်တစ်ခုပဲ ဖြစ်ပါတယ်။
အခုဖြစ်နေတဲ့ အွန်လိုင်းလောင်းကစားနဲ့ လိမ်လည်မှုကျားဖျန့်ကိစ္စကို စေ့စေ့ပေါက်ပေါက်လေ့လာကြည့်ရင် မြန်မာနိုင်ငံကစခဲ့တဲ့ ဇာတ်လမ်း မဟုတ်ဘူးဆိုတာ အရှင်းကြီး တွေ့ရပါလိမ့်မယ်။ တရား ဥပဒေစိုးမိုးမှု အားနည်းပြီး နယ်စပ်ဒေသအခြေအနေကို အခွင့်ကောင်းယူပြီး အသုံးချသွားခြင်းသာ ဖြစ်ပါ တယ်။ ကျားဖျန့်နဲ့ပတ်သက်ပြီး ဦးဆောင်လုပ်ကိုင်လိမ်လည်နေကြသူတွေက နိုင်ငံခြားသားတွေဖြစ်ပြီး အလိမ်ခံနေရသူတွေကလည်း သူတို့နိုင်ငံသားတွေသာ ဖြစ်နေကြတာပါ။ မြန်မာပိုင်နယ်မြေထဲမှာ လာရောက်အခြေချနိုင်တာကတော့ အမှားအမှန်ကို စဉ်းစားချင့်ချိန်Óဏ်နည်းပြီး တရားဥပဒေစိုးမိုးရေးထက် ငွေရရှိရေးကို တန်ဖိုးထားကြတဲ့ လက်နက်ကိုင်အုပ်စုတွေရဲ့ လောဘကြောင့်လို့ ဆိုရမှာဖြစ်ပါ တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျားဖျန့်ကိစ္စနဲ့ပတ်သက်ပြီး မိမိတို့နိုင်ငံအနေနဲ့ ကိုယ်တိုင်မကျူးလွန်ဘဲ နာမည်ပျက် ခဲ့ပြီးပြီဆိုတော့ ပြန်လည်အဖတ်ဆယ်ဖို့ ပတ်သက်သူ မှန်သမျှကို ညှာနေလို့မရတော့ပါဘူး။ မြေလေးပဲငှားငှား၊ တိုက်ခန်းလေးမှာပဲ လုပ်ခွင့်ပေးပေး၊ သိသိမသိသိ ပြတ်ပြတ်သားသား အရေးယူရမှာပဲ ဖြစ်ပါတယ်။ ပြည်သူတွေ အနေနဲ့လည်း မြေငှား၊ အိမ်ငှားတာကအစ အသိတရားနဲ့ သတိထားဖို့ လိုပါလိမ့်မယ်။ နယ်စပ်မှာ ခိုရာကနေ တရားဥပဒေစိုးမိုးတဲ့ဒေသကို မသိမသာ ဝင်ရောက်လုပ် ကိုင်လာ မှာတွေကို သတိထားရမှာဖြစ်ပါတယ်။
ခေတ်ပြောင်းလာတာနဲ့အမျှ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့စိန်ခေါ်မှုက လက်နက်ကိုင်တွေ စိုးမိုးထားတဲ့ ဥပဒေအားနည်းတဲ့ ကွက်လပ်ဒေသတွေကို ဥပဒေဘောင်ထဲရောက်အောင် ဆောင်ရွက်ဖို့ပဲဖြစ်ပါတယ်။ အထူးသဖြင့် မူးယစ်ဆေးဝါးကိစ္စ ပပျောက်ရေးနဲ့ ပြည်ပက မာဖီးယားတွေ ဝင်မလာစေဖို့ဘဲ ဖြစ်ပါတယ်။ ကိုယ့်လူတွေကိုယ်တိုင်က Warlord နဲ့ မာဖီးယားတွေ ဖြစ်နေကြရင်၊ ဒီလိုဆန္ဒတွေ ရှိနေကြရင်တော့ စတေးသင့်ရင် စတေးရမှာပဲ ဖြစ်ပါတယ်။ အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ် တိကျပြတ်သားတဲ့ မူဝါဒချမှတ်ပြီး အမြစ်ပြတ်သွားစေဖို့ စီမံ ဆောင်ရွက်သွားသင့်တယ်လို့ မြင်ပါတယ်။ (ဇော်နိုင်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၄၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )