၂၀၂၆ ၊ ဇူလိုင် ၁၃
မာစတာကြီးတို့ရေ ကျေးဇူးတရား နားလည်နိုင်ပါစေ
ဒုတိယကမ္ဘာစစ်အပြီး မြန်မာနိုင်ငံ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များတွင် ဂျပန်နိုင်ငံ၏ အခန်းကဏ္ဍသည် အရေးပါသော သမိုင်းမှတ် တိုင်တစ်ခုအဖြစ် တည်ရှိခဲ့ပါသည်။ ဂျပန်သည် စစ်လျော်ကြေးပေးအပ်ခြင်းမှသည် စီမံကိန်းအကူအညီများအထိ နှစ်ပေါင်းများစွာ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက ကျောထောက်နောက်ခံပြုခဲ့သည်။
ဂျပန်တွေ မြန်မာနိုင်ငံသို့ ဝင်ရောက်လာပြီး မြန်မာပြည်သူတွေအပေါ် နှိပ်စက်ညှဉ်းပန်းခဲ့သည့် ဖြစ်စဉ်များအပေါ် မြန်မာလူမျိုးတို့သည် သင်ပုန်းချေခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း စစ်ရှုံးနေသည့် ဂျပန်စစ်သားများကို မြန်မာလူမျိုးများက အကူအညီပေးခဲ့ကြသည်။ထို့နောက် မြန်မာ-ဂျပန် ဆက်ဆံ ရေးသည် နှစ်ပေါင်းများစွာ ကောင်းမွန်ခဲ့သည်။ ဂျပန်တွေ ဘောလုံးကန်တတ်အောင် မြန်မာလူမျိုး ဦးကျော်ဒင်က သင်ပေးခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း၊ မကြာသေးမီက မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲနှင့် အာဏာထိန်းမှု နောက်ပိုင်းတွင် ဂျပန်၏ ရပ်တည်ချက်နှင့် အကူ အညီပေးမှုများ လျော့နည်း ရပ်တန့်သွားခြင်းက မြန်မာပြည်သူများအကြား 'ကျေးဇူးကို နားမလည်သောဂျပန်'ဟူသော ဝေဖန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။
၁၉၅၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော 'မြန်မာ-ဂျပန် ငြိမ်းချမ်းရေးစာချုပ်'နှင့် 'စစ်လျော်ကြေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်'အရ ဂျပန်သည် မြန်မာနိုင်ငံသို့ အမေရိကန် ဒေါ်လာသန်း ၂၀၀ တန်ဖိုးရှိ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို ၁၀ နှစ်အတွင်း ပေးအပ်ခဲ့သည်။ ဤအကူအညီများသည် ထိုစဉ်က မြန်မာနိုင်ငံ၏ စက်မှုလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့် အခြေခံအဆောက်အအုံများတွင် အဓိကမဏ္ဍိုင် ဖြစ်ခဲ့သည်။
၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့သော်လည်း ဂျပန်သည် လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးရေးကဏ္ဍများတွင် အကူအညီအချို့ကို ဆက်လက်ပေးခဲ့သည်။ ၂၀၁၁ ခုနှစ်နောက်ပိုင်း ပြုပြင်ပြောင်းလဲ ရေးကာလတွင်လည်း အေကြွေးလျှော် ပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ခြင်းနှင့် အခြေခံအဆောက်အအုံများ ဖွံ့ ဖြိုးရေးကို အားပေးခဲ့သည်။ ထို့နောက်ပိုင်းတွင်လည်း ဂျပန်သည် မြန်မာနိုင်ငံ၏ အကြီးဆုံးသော ဖွံ့ဖြိုးမှုအကူ အညီပေးသည့်နိုင်ငံအဖြစ် ဆက်လက်တည်ရှိခဲ့သည်။ ရန်ကုန်မြို့ရှိ တံတားများ၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံများ၊ သီလဝါအထူးစီးပွားရေးဇုန်နှင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အထောက်အပံ့များစွာသည် ဂျပန်၏ မိတ်ဖက် ဆက်ဆံရေးကို သက်သေပြနေသည်။
ဂျပန်တို့၏ အကူအညီဖြင့် အဆင့်မြှင့်တင်ခဲ့သော ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းသည် မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးတွင် အသက် သွေးကြောတစ်ခု ဖြစ်သည်။ ဂျပန်နည်းပညာနှင့် အကူအညီကြောင့် ရန်ကုန်မှ တောင်ငူအထိ ရထားလမ်းပိုင်းသည် အလွန်ကောင်းမွန်သော အခြေအနေသို့ ရောက် ရှိလာခဲ့ပြီး ခရီးသည်များနှင့် ကုန်စည်စီးဆင်းမှုအတွက်များစွာအဆင် ပြေချောမွေ့စေခဲ့သည်။
သို့သော်လည်း တောင်ငူမှ မန္တလေးအထိ ဆက်လက်မဆောင်ရွက်နိုင်ခဲ့ခြင်းမှာ များစွာအားမလို အားမရ ဖြစ်စရာကောင်းလှသည်။
၂၀၂၁ ခုနှစ် အာဏာထိန်းမှုဖြစ်စဉ်နှင့်အတူ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေသည် လုံး၀ပြောင်းလဲသွားခဲ့သည်။ အနောက်နိုင်ငံများနှင့် ဂျပန်တို့ကဲ့သို့သော ဒီမိုကရေစီစံနှုန်းများကို တန်ဖိုးထားသည့် နိုင်ငံများအနေဖြင့် မြန်မာအစိုးရအပေါ် ဖိအားပေးသည့် အနေဖြင့် စီမံကိန်းအသစ်များကို ရပ်ဆိုင်းခြင်း သို့မဟုတ် ပြန်လည်သုံးသပ်ခြင်းများ ပြုလုပ်လာခဲ့သည်။ အာဏာထိန်းပြီးနောက်ပိုင်း ဂျပန်သည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကိုသာ ဦးစားပေးပြီး အစိုးရနှင့်ပူးပေါင်းဆောင်ရွက်သော ဖွံ့ဖြိုးရေးစီမံကိန်းများကို ဆိုင်းငံ့ခြင်း သို့မဟုတ် လျှော့ချလိုက်သည်။
ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအတွက် ကာလရှည်ကြာ စေတနာထား ကူညီပေးခဲ့သည့် မိတ်ဆွေကောင်းတစ်ဦး ဖြစ်ခဲ့သည်မှာ ငြင်းမရသော အမှန်တရား ဖြစ်သည်။ သို့သော် နိုင်ငံရေး အပြောင်းအလဲများကြောင့် ၎င်းတို့၏ ရပ်တည်ချက်ပြောင်းလဲသွားခြင်းသည် မြန်မာပြည်သူများအတွက်များစွာ နစ်နာလှသည်။
'ကျေးဇူးကို နားမလည်သူ'ဟူသော စွပ်စွဲချက်များထက် 'ပြည်သူကို တကယ်ချစ်သော မိတ်ဆွေ' ဟူသည့် ဂုဏ်ပုဒ်ကို ရရှိရန်အတွက် ဂျပန်နိုင်ငံအနေဖြင့် မကြာမီကာလအတွင်း လက်တွေ့ကျသော အကူအညီများဖြင့် ခြေလှမ်းသစ်တစ်ခု စတင်နိုင်လိမ့်မည်ဟု ယုံ ကြည်မိပါသည်။
စေတနာမှန်စွာ ငြိမ်းချမ်းရေးအတွက် အဖြေရှာ
မတည်ငြိမ်၊ မငြိမ်းချမ်းသောဒေသများတွင် ဘဝပေးအခြေအနေအရ နေထိုင်ကြရသူတို့မှာ လူမှုစီးပွားဘဝများ နိမ့်ကျကြရသည်။ လူသားတစ်ယောက်၏ အခွင့်အရေးတို့လည်း ဆုံးရှုံးကြရသည်။
'ဒေါသဟိတ်လွန်၊ ပြန့်ပွားဝှန်သော်၊ သတ္ထန္တရ၊ ကပ်ကြီးကျ၍}ဟု မဃဒေဝလင်္ကာ၌ ပြဆိုသည်နှင့်အညီ ဒေါသစိတ်တို့ လွန်ကဲပျံ့နှံ့ရာမှ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးစသည့် မကျေနပ်မှုများသည် ဒေါသအဖြစ်သို့ ပြောင်းလဲကာ မိမိသာမက အခြားသူများတွင်လည်း ဒေါသတို့ ဖြစ်ပေါ်လာကြရသည်။
တစ်ဖက်နှင့်တစ်ဖက် သွေးထိုးလှုံ့ဆော်မှုများ၊ စည်းရုံးမြှောက်ပင့်မှုများကြောင့် လက်နက်စွဲကိုင်မှုများ ပေါ်ပေါက်လာကာ 'သတ္ထန္တရကပ်'သို့မဟုတ် လက်နက်ဘေးသင့်သည့် ကပ်ဆိုးကို ဆိုက်ရောက်စေသည်။ ဤ ပဋိပက္ခများ၏ အဆိုးရွားဆုံးမှာ တိုက်ပွဲတွင် ပါဝင်သူများသာမက မဆိုင်သူများ၊ အထူးသဖြင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများပါ ထိခိုက်နစ်နာနေရခြင်း ဖြစ်သည်။
ဒေသများ မဖွံ့ဖြိုးမတိုးတက်သည့်အခါ နိုင်ငံသည်လည်း မဖွံ့ဖြိုး၊ မတိုးတက်။ ဖွံ့ဖြိုးတိုးတက် အောင်လည်း ဆောင်ရွက်၍မရ။ ယင်းသို့သောအခြေအနေသည် နှစ်ပေါင်း ၈၀ ခန့်အထိ ဖြစ်နေပြီဆိုလျှင် နည်းလမ်းရှာကြရန်၊ နည်းလမ်းပြောင်းကြရန် သင့်ပြီဖြစ်သည်။ ထိခိုက်နာကျင် ပျက်စီးစေသည့် နည်းလမ်းအစား ငြိမ်းချမ်းစွာ ဆွေးနွေးသည့်နည်းလမ်းဖြင့် အားလုံးအတွက် အကောင်းဆုံး ဖြစ်စေမည့် ဆုံမှတ်တစ်ခုကို ရှာဖွေကြရန် ဖြစ်သည်။ အကယ်၍သာ ဤနည်းလမ်းကို အသုံးပြု၍ နောက်ထပ် ဆယ်စုနှစ်ပေါင်းများစွာ သွားကြစေကာမူ နိုင်ငံရော ပြည်သူပါ အထိခိုက်နည်းပါးမည်သာဖြစ်သည်။
ယခုလည်း နိုင်ငံတော်အစိုးရက ငြိမ်းချမ်းရေးအတွက် မည်သည့် ကြိုတင်သတ်မှတ်ချက်မှမထားဘဲ ဖိတ်ခေါ်ထားသည်။ သည်အပေါ်မှာ တုံ့ပြန်မှုတို့ အမျိုး မျိုးရှိသည်။ ဆိုရလျှင် လက်နက်စွဲကိုင် ဆက်လက်တိုက် ခိုက်သွားမည်ဆိုသည့် သဘောထားမျိုးကား အပြုသဘောကို ဆန့်ကျင် ခြင်းသာဖြစ်ပြီး အပျက်စိတ်၊ အဖျက်စိတ်တို့ အားသန်ခြင်း ဖြစ်သည်။ ငြိမ်းချမ်းရေးကို နှစ်ပေါင်းများစွာကပင် တောင့်တလာခဲ့ကြသော ပြည်သူများ၏ဆန္ဒကို လျစ်လျူရှုခြင်းဖြစ်သည်။ ဒေသခံပြည် သူလူထု၏ အသက် အိုးအိမ်များ၊ ဘဝများကို တန်ဖိုးမထားခြင်းဖြစ်သည်။
ယနေ့ကမ္ဘာကြီး၏ အပြောင်းအလဲများမှာ မိမိတို့နိုင်ငံအတွက် အခွင့်အလမ်းများရော၊ အန္တရာယ်များပါ ရော>ပမ်းနေသည်။ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်သူများ အချင်းချင်း မျက်နှာချင်းဆိုင် အဖြေမရှာနိုင်ဘဲ ကျောခိုင်း ရန်ပြုနေကြခြင်းက အချိန်အခါမရွေး ပျက်စီးသွား နိုင်သည်။ တိုင်ပြည်နှင့် လူမျိုးအတွက် ကောင်းသောစိတ်ဖြင့် အကျေအလည် ဆွေးနွေးပြီး ကောင်းကျိုးဖြစ်ထွန်းစေရန် ရှေးရှု ကြရမည် ဖြစ်သည်။
နိုင်ငံတော်အစိုးရက စေတနာမှန်စွာ လက်ကမ်းဖိတ်ခေါ်မှုဖြင့် အခွင့်အလမ်းတို့ ပေးထားပြီဖြစ်ရာ နိုင်ငံနှင့်ပြည်သူတို့၏ ပစ္စုပ္ပန်နှင့် အနာ ဂတ်လှပစေရေး မွန်မြတ်သောစိတ်ဖြင့် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းကြရမည်ဖြစ်ပါသည်။
ငြိမ်းချမ်းရေးဆိုသည်မှာ အနိုင်အရှုံးကို အဆုံးအဖြတ်ပေးခြင်း မဟုတ်ဘဲ၊ ပြည်သူတို့၏ ဘဝကို အကာအကွယ်ပေးခြင်းဖြစ်သည်။ ပညာမသင်ရသည့် ကလေးငယ်များ၏ အနာဂတ်အတွက်၊ အလုပ်အကိုင်မရှိဘဲ ဒုက္ခရောက်နေသည့် လူငယ်များအတွက်၊ တည်ငြိမ်မှုမရှိ၍ စိုးရိမ်စိတ်ဖြင့် နေထိုင်နေရသူများအတွက် နိုင်ငံသားအားလုံးတွင် တာဝန်ရှိပါသည်။
ထို့ကြောင့် မွန်မြတ်သောစေတနာ၊ ရိုးသားသော စိတ်ဓာတ်တို့ဖြင့် အကျေအလည် ဆွေးနွေးပြီး နိုင်ငံနှင့် ပြည်သူတို့၏ ပစ္စုပ္ပန်နှင့် အနာဂတ်ကို အတူတကွ တည်ဆောက်ကြပါစို့ဟု တိုက်တွန်းအပ်ပါသည်။
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )