Breaking

ပြည်ပရောက် မြန်မာတွေ တိုင်းပြည်အတွက် အားဖြစ်ပါစေ

၂၀၂၆ ၊ ဇွန် ၂၈

    မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် နိုင်ငံရေးစနစ်တည်ငြိမ်ဖို့ အရမ်းအရေးကြီးပါတယ်။ နိုင်ငံရေး မတည်ငြိမ်သမျှ နောက်ဆက်တွဲပြဿနာတွေဟာ တစ်ခုပြီးတစ်ခု လာနေဦးမှာပဲ ဖြစ်ပါတယ်။ အခု မျက်မှောက်ခေတ် ဖြစ်ပျက်နေတဲ့ ပြဿနာအတော်များများဟာ အတိတ်က ဖြစ်ပျက်ခဲ့တဲ့ နိုင်ငံရေးမပြေ လည်မှုပြဿနာတွေက စခဲ့တာလို့ဆိုရင် မှားမယ်မထင်ပါ။ စကတည်းက မပြေလည်ခဲ့တဲ့ နိုင်ငံရေး ပြဿနာတွေက လက်နက်ကိုင်လမ်းစဉ်ကို အစပြုခဲ့သလို လက်နက်ကိုင်လမ်းစဉ်က လည်း ဆင့်ကဲဆင့် ကဲ နိုင်ငံရေးပြဿနာတွေကို မီးထိုးပေးနေတာပဲ ဖြစ်ပါတယ်။ ကြာလာတာနဲ့အမျှ မပြေလည်မှုတွေကတစ်ဆင့် အပြန်အလှန်ယုံကြည်မှု ပျက်သုဉ်းသွားသလို အမုန်းတရားတွေ ပိုမိုတိုးပွားစေတာပဲ ဖြစ်ပါတယ်။ ယုံကြည်မှု ပျက်သုဉ်းနေသမျှ၊ အမုန်းတရားကြီး ထွားနေသမျှ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေး တည်ငြိမ်တိုးတက်မှုက အတော်ခက်ခဲနေဦးမှာပဲ ဖြစ်ပါတယ်။ 
    ဒီလို အစပြုဆင့်ကဲဖြစ်လာတဲ့ ပြဿနာတွေထဲမှာ ပြဿနာပြေလည်ဖို့ထက် ပိုမိုကြီးထွားလာအောင် မီးထိုးပေးနေကြတာက မြန်မာ ပြည်ပြေးတွေပဲ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပ နိုင်ငံတွေကို ထွက်ခွာသွားကြတဲ့ နိုင်ငံအသီးသီးက သက်ဆိုင်ရာ နိုင်ငံသားတွေ၊ လူမျိုးတွေ အများကြီး ရှိကြပါတယ်။ အထူးသဖြင့် မဖွံ့ဖြိုးသေးတဲ့နိုင်ငံနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ပိုများပါတယ်။ ဒီပြည်ပြေးတွေဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေကို ရောက်သွားကြပြီးနောက် လူနေမှုဘ၀ မြင့်မားလာသလို အေးချမ်းစွာရပ်တည်နေနိုင်ခဲ့ကြတာ တွေ့ရမှာဖြစ်ပါ တယ်။ မိမိနိုင်ငံရဲ့ လူနေမှုဘဝထက် မြင့်မားစွာ နေထိုင်လာနိုင်ကြတဲ့ အခါ မိမိတိုင်းပြည်အပေါ် ဘယ်လောက်အထိ ပြန်လည်အကျိုးပြုသလဲ၊ ဘယ်လောက်ထိပြန်လည် စောင့်ရှောက်မှုပေးသလဲ၊ ဘယ်လောက်ထိ ဒုက္ခပေးသလဲဆိုတာတွေ တွေ့ကြရမှာဖြစ်ပါတယ်။ သာမန်အားဖြင့် ဒုက္ခမပေးကြပေမယ့် နိုင်ငံရေးနဲ့နွှယ်တဲ့ မြန်မာပြည်ပြေးတွေကတော့ အတော် ပြဿနာပေးပါ တယ်။ 
    တရုတ်နိုင်ငံအနေနဲ့ အချိန်တိုအတွင်းမှာ ကမ္ဘာ့အဆင့်နိုင်ငံအဖြစ် ရပ်တည်လာနိုင်တာကိုကြည့်ရင် နိုင်ငံရေးတည်ငြိမ်မှု၊ လက်နက်ကိုင်လမ်းစဉ် မရှိမှုနဲ့ ပြည်ပရောက် တရုတ်နိုင်ငံသားတွေရဲ့ အားတွေအများကြီးပါနေတာကို တွေ့ရမှာဖြစ်ပါတယ်။ တိန့်ရှောင်ဖိန် လက်ထက်ကစပြီး ပြည်ပကို ပညာထွက်သင်တဲ့ လူငယ်တွေ အများအပြားရှိလာခဲ့ပြီး နယ်ပယ်စုံက ပညာတွေ သင်ယူနိုင်ခဲ့ကြတာတွေ၊ ပညာသင် ကြားပြီးနောက်ကိုယ့် တိုင်းပြည်အတွက် ပြန်လည်အကျိုးပြုခဲ့ကြတာတွေ၊ ပြည်ပရောက်ပြီး ပြည်ပနိုင်ငံ သားဖြစ်နေတဲ့ တရုတ်လူမျိုးတွေအနေနဲ့လည်း ပြည်တွင်းနဲ့ ပြန်လည်ချိတ်ဆက် အပြန်အလှန် အထောက်အကူပြုခဲ့ကြတာတွေက  တရုတ်ပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အကျိုးပြုခဲ့ကြ တာတွေကို တွေ့ရမှာဖြစ်ပါတယ်။ ၁၉၈၈ ဝန်းကျင်ကာလမှာ  မြန်မာနဲ့တရုတ်ဟာ နိုင်ငံရေး၊ စီးပွားရေး ထူးခြားကွာလှတဲ့ အခြေအနေမှာ မရှိသေးပါ။ အနောက်ကမ္ဘာက တရုတ်နိုင်ငံအစိုးရကို အာဏာရှင် ကွန်မြူနစ်လို့သမုတ်သလို မြန်မာနိုင်ငံကိုလည်း စစ်အာဏာရှင်အ ဖြစ်သမုတ်ခဲ့ကြတာ ဖြစ်ပါတယ်။ 
    အာဏာရှင်ကွန်မြူနစ်နိုင်ငံအဖြစ် သမုတ်ထားတဲ့ တရုတ်နိုင်ငံက နှစ်ပေါင်း ၄၀ အတွင်းမှာ ကမ္ဘာ့အဆင့် ဖွံ့ဖြိုးတိုးတက်လာခဲ့တာတွေ့ရပေမယ့် ဒီမိုကရေစီကို အသက်သွင်းပေးဖို့ ကြိုးစားခဲ့တဲ့ မြန်မာနိုင်ငံက ဘာကြောင့် ခုချိန်ထိ တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံအထိ ဖြစ်မလာခဲ့ရပါသလဲ။ ပြန်လည်သုံးသပ်ကြည့်ရင် နိုင်ငံရေးတည်ငြိမ်အေးချမ်းမှုနဲ့ ပြည်ပလက်ဝေခံ ပုဆိန်ရိုးမွေးမြူမှု အကျိုးဆက်အရဆိုတာက အဓိကဖြစ်နေတာတွေ့ရမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အခြေခံလှုပ်ရှားမှုတွေဟာ ထူးမခြားနားပါ။ ခေတ်ကာလ အရလည်း တိုက်ဆိုင်မှုတွေ အများကြီး ရှိခဲ့ပါ တယ်။ ဒါပေမဲ့ တရုတ်နိုင်ငံရေးဟာ တည်ငြိမ်နေခဲ့ပြီး မြန်မာ့နိုင်ငံရေးဟာ ခုချိန်ထိ မတည်ငြိမ်သေးတာ တွေ့ရမှာ ဖြစ်ပါတယ်။ အကြောင်းရင်းတစ်ခုအနေနဲ့ကြည့်ရင် ပြည်ပအထောက်အပံ့နဲ့ ရပ်တည်နေတဲ့ မီဒီယာ အသိုင်းအဝိုင်းနဲ့ ပြည်ပရောက် နိုင်ငံသားတွေရဲ့ လှုပ်ရှားမှုတွေ မတူကြတာ တွေ့ရမှာဖြစ်ပါတယ်။ 
    ပြည်ပရောက်မြန်မာတွေက အမျိုးသားရေးကို ရှေးရှုပြီး အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နေတဲ့ တပ်မတော်ကို ဆိုးရွားစွာ ဝေဖန်တိုက်ခိုက်မှုအများအပြား ရှိခဲ့တာကို တွေ့ရမှာဖြစ်ပေမယ့် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရောက်ရှိနေကြတဲ့ တရုတ်လူမျိုးတွေက သူတို့နိုင်ငံနဲ့ အစိုးရကို ပြင်း ထန်ဆိုးရွားတဲ့ ဝေဖန်မှုတွေ၊ တိုက်ခိုက်မှုတွေ မလုပ်ခဲ့ကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၁ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုပေးခဲ့သလို တရုတ်နိုင်ငံသား လျူရှောင်ပေါ် (Liu Xiaobo) ကို ၂၀၁၀ မှာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုပေးခဲ့တာ၊ ၂၀၁၀ ပြည့်နှစ် မတိုင်ခင် ၁၉၉၀-၂၀၀၀ ဝန်းကျင်ကာလတွေမှာ ဝေဂျင်ရှန် (Wei Jingsheng)ကို နိုဘယ်လ်ဆု အကြိမ်ကြိမ်တင်ခဲ့ တာတွေ သတိထားကြည့်ရင် တွေ့ရမှာ ဖြစ်ပါတယ်။ 
    ဝေဂျင်ရှန်နဲ့ လျူရှောင်ပေါ်တို့ဟာ ခေတ်အလိုက် ကွာခြားကြပေမယ့် တရုတ်ကွန်မြူနစ်ပါတီကို ဆန့်ကျင်ခဲ့ပြီး ဒီမိုကရေစီစနစ်ကို ပြောင်း လဲလိုသူတွေ ဖြစ်ပါတယ်။ ဝေဂျင်ရှန်က ၁၉၇၉ ခုနှစ်မှာ Fifth Modernization ကို တင်ပြလှုံ့ဆော်ခဲ့သူ ဖြစ်ပါတယ်။ Fifth Modernization ဆိုတာ တိန့်ရှောင်ဖိန်ရဲ့ စိုက်ပျိုးရေး၊ စက်မှု၊ ကာကွယ်ရေးနဲ့ သိပ္ပံနည်းပညာဆိုတဲ့ Modernizations 4 ဟာ မလုံလောက်ဘဲ ဒီမိုကရေစီ မရှိရင် ဖွံ့ဖြိုး တိုးတက်မှု မပြည့်စုံဘူးဆိုတဲ့ လှုံ့ဆော်မှုနဲ့ ဒီမိုကရေစီကို Fifth Modernization အဖြစ် ထည့်သွင်းရမယ်ဆိုပြီး စာ တမ်းရေးသား လှုံ့ဆော်ခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ Fifth Modernization သာ အောင်မြင်ခဲ့ရင် တရုတ်နိုင်ငံ အခုလို ဖွံ့ဖြိုးတိုးတက်လိမ့်မယ်လို့ မထင်ပါ။ အစိတ်စိတ်အမြွှာမြွှာ ကွဲမသွားနိုင်ဘူးလို့ ဘယ်သူ အာမခံနိုင်မှာလဲ။ လက်တွေ့အားဖြင့် ကြည့်ရင် ကွန်မြူနစ်ခေါင်းဆောင် တိန့်ရှောင်ဖိန်ရဲ့ Modernization 4 မူဝါဒက တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးရှိ မှန်ကန်တဲ့ မူဝါဒဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီကိစ္စနဲ့ ဝေဂျင်ရှန်ဟာ ထောင်ဒဏ် ၁၈ နှစ် ပြစ်ဒဏ် ချမှတ်ခံရပါ တယ်။ ၁၉၉၇ ခုနှစ်မှာ ပြန်လည်လွတ်မြောက်လာပြီး ပြည်ပသို့ ထွက်ခွာခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ ဝန်းကျင်မှာ နေထိုင်လျက်ရှိပြီး Fifth Modernization ကို အသေစွဲကိုင် ဝေဖန်လျက်ရှိနေဆဲပါ။ 
    ၂၀၁၀ မှာ ငြိမ်းချမ်းရေးနိုဘယ်ဆုရခဲ့တဲ့ လျူရှောင်ပေါ်ဟာ ၂၀၀၈ ခုနှစ်မှာ Charter 08 စာတမ်းရေး သားပြုစုပြီး လူအင်အား ၃၀၀ ကျော်လက်မှတ်ရေး ထိုးလှုပ်ရှားခဲ့တာပဲ ဖြစ်ပါတယ်။ Charter 08 ဟာ ကွန် မြူနစ်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ဘယ်လိုပြောင်းလဲ တည်ဆောက်မလဲဆိုတဲ့ အသေးစိတ် လမ်းညွှန် ချက်လို့ ဆိုနိုင်ပါတယ်။ တရုတ်ပြည်တွင်းမှာ မအောင်မြင်တဲ့လှုပ် ရှားမှုတစ်ခုလို့ ဆိုနိုင်ပေမယ့် တရုတ် နိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို ပြည်ပက အာရုံစိုက်စေခဲ့တဲ့ လုပ်ရပ်အဖြစ် အနောက်အုပ်စုက လက်ခံခဲ့တာပဲ ဖြစ်ပါတယ်။ ထောင်ဒဏ် ၁၁ နှစ်ကျခံရပြီး ပြစ်ဒဏ်မစေ့မီ ကင်ဆာရောဂါနဲ့ သေဆုံးခဲ့ပါတယ်။ ဝေဂျင်ရှန်နဲ့ လျူရှောင်ပေါ်ကို နိုဘယ်လ်ဆုပေးတာနဲ့ပတ်သက်လို့ သုံးသပ်ကြည့်ရင်  မြန်မာ့နိုင်ငံ ရေးကို ဝင်နှောင့်သလို လက်နက်တပ်ဆင်ပေးတာပဲ ဖြစ်ပါတယ်။ နှစ်ရှည်လများ ဝေဂျင်ရှန်ကို နိုဘယ်လ် ဆုပေးဖို့ ကြိုးစားလာခဲ့ရာက လျူရှောင်ပေါ်ကို ကာလတိုအတွင်း ပြောင်းပေးတာကိုကြည့်ရင် တရုတ် ပြည်သူတွေအနေနဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့ အစိုးရအပေါ် အမုန်းတရား ကြီးထွားဆန့်ကျင်အောင် လက်နက်အဖြစ် တပ်ဆင်ဆောင်ရွက်ပေးခဲ့တယ်ဆိုတာ ထင်ရှားပါတယ်။ အဲဒီအချိန်မှာ ဝေဂျင်ရှန်က ဒီမိုကရေစီအရေး ရပ်တန့်နေတာ မဟုတ်ပေမယ့် အမေရိကားရောက်နေပြီး တရုတ်ပြည်တွင်း ကိစ္စတွေမှာ ထဲထဲဝင်ဝင် မလုပ်နိုင်တော့တဲ့အတွက် တန်ဖိုးလျော့သွားတဲ့အတွက်ပဲ ဖြစ်ပါလိမ့်မယ်။ 
    အလားတူ ပြည်ပထွက်ခွာသွားတဲ့ နိုင်ငံသားတွေကို မီဒီယာလက်နက်အဖြစ် အသုံးချခဲ့ကြတာလည်း အတူတူပါပဲ။ အနောက်အုပ်စု ထောက်ပံ့ကြေးနဲ့ တရုတ်နိုင်ငံကို ပြန်လည်တိုက်ခိုက်နေတဲ့ မီဒီယာတွေရှိပါတယ်။ RFA ? VOA နဲ့ China Digital Times တို့ပဲ ဖြစ်ပါတယ်။ CDT က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ဘာကလေတက္ကသိုလ်မှာ စတင်ထူထောင်ခဲ့တဲ့ အင်္ဂလိပ် - တရုတ်နှစ်ဘာသာထုတ်ပြန်တဲ့ သတင်းသုတေသန ဝက်ဘ်ဆိုက်ပဲဖြစ်ပါတယ်။ အဓိကအားဖြင့် တရုတ်နိုင်ငံရဲ့ သတင်းထိန်းချုပ်မှုနဲ့ ဆင်ဆာပြုလုပ်မှုတွေကို ဖော်ထုတ်နေကြတာပဲ ဖြစ်ပါတယ်။ 
    ပြည်ပအထောက်အပံ့နဲ့  အနောက်အလိုကျ  မူဝါဒအခြေခံမီဒီယာ ထုတ်လွှင့်မှုကိုကြည့်ရင် မြန်မာနဲ့ တရုတ်မှာ မြန်မာက ပိုများပါတယ်။ လူမျိုးအားဖြင့်ကြည့်ရင် ၈၉ အရေးအခင်းအပြီး တရုတ်လူငယ်တွေရဲ့ ရပ်တည်မှုနဲ့ ၈၈ အရေးအခင်းအပြီး မြန်မာလူငယ်တွေရဲ့ ရပ်တည်မှုခြင်း မတူကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရေးသမားတွေက တရုတ်လူငယ်တွေကို လက်နက်ကိုင်လမ်းစဉ်အထိ တွန်းမပို့ခဲ့ ကြဘဲ မြန်မာနိုင်ငံရေးသမားတွေက ခေတ်အဆက်ဆက် အရေးအခင်းတိုင်းမှာ လက်နက်ကိုင်လမ်းစဉ်ထဲ ရောက်တဲ့အထိ  တွန်းပို့ခဲ့ကြတာ တွေ့ရမှာဖြစ်ပါတယ်။ ဆိုလိုတာက လူငယ်တွေ ဘဝပျက်တဲ့အထိ တရုတ်နိုင်ငံရေးသမားတွေက မဖျက်ဆီးခဲ့ကြတာကို တွေ့ရပါတယ်။ လူကြီးမိဘတွေရဲ့ အဆုံးအမလည်း ပါမယ်ထင်ပါတယ်။ 
    ဒီအခြေအနေပေါ်လိုက်ပြီး အကြောင်းအမျိုးမျိုးကြောင့် မြန်မာပြည်က ထွက်ခွာသွားတဲ့ လူငယ်အများစုရဲ့ ဘဝရပ်တည်ချက်ဟာ ပြည်ပအထောက်အပံ့ပေါ်မှာ လုံးလုံးလျားလျား ရပ်တည်ခဲ့ရပြီး လက် ဝေခံသဘာဝကို ရောက်ရှိသွားခဲ့ရတာ ဖြစ်ပါတယ်။ ၈၈ အရေးအခင်းအပြီး တောခိုသွားတဲ့ မြန်မာလူငယ် တွေဟာ လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ ပါဝင်ခဲ့ကြသလို လက်နက်မကိုင်လိုသူတွေက နိုင်ငံရေးနဲ့ မီဒီယာလမ်းကြောင်းမှာ ကျင်လည်ခဲ့ကြရတာ ဖြစ်ပါတယ်။ မီဒီယာပညာသင်ပေးပြီး ရပ်တည်နိုင်တဲ့ မီဒီယာတစ်ခုထူထောင် ပေးတဲ့အထိ ငွေကြေးကုန်ကျမှုဟာ သူတို့အတွက် မပြောပလောက်ပေမယ့် ဝါဒဖြန့်တိုက်ခိုက်မှုမှာတော့ တန်ဖိုးကြီးလှပါတယ်။ ဒီအခြေအနေအရ ပြည်ပလက်ဝေခံများတဲ့ မြန်မာလူ ငယ်တွေကို အသုံးချပြီး တပ်မတော် မုန်းတီးရေးနဲ့ တရုတ်ဆန့်ကျင်ရေးမူဝါဒကို အနောက်အုပ်စုက အကောင်အထည်ဖော်ခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ 
    ပြည်ပရောက် ပြည်ပြေးနိုင်ငံရေးသမားတွေနဲ့ ပြည်ပြေးမီဒီယာတွေကိုကြည့်ရင် ဒီမူဝါဒအတိုင်း ရပ်တည်နေကြတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ တရုတ်အစိုးရနဲ့ မြန်မာ့တပ်မတော် အမာခံအစိုးရကြား ဆက်ဆံရေးကို အမြဲတမ်းလိုလို ပြစ်တင် ပုတ်ခတ်နေတာဟာ ဒီသဘာဝအရဆိုတာ ရှင်းပါတယ်။ မကြာသေးမီက တရုတ်နိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ မင်းဇင်ကိစ္စနဲ့ပတ်သက်ပြီး ပြည်ပြေးနိုင်ငံရေးသမားတွေ၊ ပြည်ပြေးနိုင်ငံရေးသုတေသနသမားတွေ၊ ပြည်ပြေး Think tank တွေ၊ ပြည်ပြေးမီဒီယာတွေရဲ့ သုံးသပ်ပြော ဆိုမှုတွေကို ကြည့်ရင် တရုတ်ကို ပြစ်တင်နေကြသလို တရုတ်-မြန်မာ ဆက်ဆံရေးကို သပ်သျှိုနေကြတာ တွေ့ရမှာဖြစ်ပါတယ်။ မင်းဇင်နဲ့ပတ်သက်လို့ ဝေဖန်စရာမရှိပေမယ့် ဘယ်လိုပဲပြောပြော ဘက်အမြင်နဲ့ ကြည့်ရင် မင်းဇင်ဘယ်ဘက်မှာ ရှိသလဲဆိုတာ အထင်အရှား သိနိုင်တဲ့ကိစ္စပါ။ တရုတ်၊ မြန်မာကိစ္စတွေနဲ့ ပတ်သက်ရင် ISP ရဲ့အရေးအသား သုတေသနပြုချက်တွေဟာ သပ်သျှိုမှုတွေအဖြစ်ယူလို့ ရနိုင်စရာတွေ အများကြီးရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ဧရာဝတီရဲ့ ထုတ်ပြန်ချက်တွေဟာ ကြားအမြင်နဲ့လား ဘက်အမြင်နဲ့ ပြစ်တင်နေတာလားဆိုတာ သေချာဆန်းစစ်ကြည့်ရင် တွေ့နိုင်မှာဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေးနဲ့  အမျိုးသားလုံခြုံရေးဟာ သူ့နိုင်ငံအကျိုးစီးပွားနဲ့သာ သက်ဆိုင်တဲ့အတွက် သတိထားဆင်ခြင်ရမယ့် ကိစ္စပါ။ 
    မြန်မာပြည်ပြေး အများစုဟာ အနာဂတ်ကောင်းကျိုးဆိုးကျိုးကို တွက်ဆတတ်တဲ့  အမြော်အမြင်နည်းပါးသူတွေအဖြစ်တွေ့ရမှာ ဖြစ်ပါတယ်။ လက်ရှိဆောင်ရွက်နေတဲ့ ဆောင်ရွက်ချက်တွေကို ကြည့်ရင် တိုင်းပြည်အကျိုးအတွက် လောက်လောက်လားလားကောင်းကျိုးတစ်ခုမှမရှိဘဲ ဆိုးကျိုးကိုသာ ဦးတည်စေတာတွေ့ရမှာ ဖြစ်ပါတယ်။ လတ်တလော တရုတ်အစိုးရကိုပြောတဲ့ ဒူဝါလရှီးလရဲ့စကား၊ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် ဂျူလီဘိရှော့ရဲ့ တင်ပြချက်အခမ်းအနားမှာ ကျော်မိုးထွန်းရဲ့ ပြောဆိုချက်တွေဟာ တိုင်းပြည်အတွက် ဘယ်နေရာမှာများ တန်ဖိုးရှိပါသလဲ။ လက်ရှိအကျိုး၊  အနာဂတ်အကျိုးအတွက်လား လားမျှရှိလာစရာ ကိုမရှိပါ။ ကိုယ့်အထုပ် ကိုယ်ဖြေပြနေတာထက်ပိုတဲ့ မမှန်မကန် လုပ်ကြံပြောဆိုမှု တွေက လက်ရှိအစိုးရကို ပြည်ပဖိအားပိုစေလိုတဲ့ ဆန္ဒဆိုတာ ရှင်းပါတယ်။ ဒါပေမဲ့ တိုင်းပြည်အတွက် တကယ်အကျိုးရှိပါရဲ့လား။ အခြေအနေမှန်ကို မတင်ပြဘဲ ဖိအားပေးလုပ်ကြံတင်ပြနေတဲ့  ဘိရှော့ရဲ့ နောက်မြီးဆွဲလို့သာ သတ်မှတ်ရမှာပါ။ 
    ၂၀၂၁ နိုင်ငံရေးအပြောင်းအလဲဟာ ၂၀၂၆ မှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီအပေါ်မှာ လက်တွေ့ရှုမြင်ပြီး အနာဂတ်မှာ ဘယ်လိုရပ်တည်ကြမလဲ၊ မြန်မာ့အရေးမှာ အကျိုးရှိရှိ ဘယ်လိုပါဝင်ကြမလဲ ဆိုတာ စဉ်းစားဖို့ လိုပါလိမ့်မယ်။ မြန်မာပြည်ပြေးတွေရဲ့ လုပ်ရပ်ဟာ တိုင်းပြည်အတွက် အကျိုးရှိတဲ့ လုပ်ရပ်ထက်  အကျိုးမဲ့စေတဲ့ လုပ်ရပ်အဖြစ်သာ ရှုမြင်ရမှာဖြစ်ပါတယ်။ အဆိုးဆုံးက ဒေါ်အောင်ဆန်းစု ကြည်ရဲ့ (၈၁)နှစ်မြောက် မွေးနေ့ကို အထိမ်းအမှတ် တော်လှန်ရေးဈေးရောင်းပွဲကျင်းပပြီး ခွက်ခေါက်တဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားကိုယ်တိုင် ပါဝင်ပြီး NUG က ဝန်ကြီးဆိုတဲ့သူပါ မိန့်ခွန်းခြွေတာက ဒေါ်အောင်ဆန်းစုကြည်ကို သိဒ္ဓိတင်ပေးနေတာလား၊ ခုတုံးလုပ်ခွက်ခေါက်ပြီး သိက္ခာချ နေတာလားဆိုတာ စဉ်းစားကြဖို့လိုပါတယ်။ ဘာဖိအားမှ အစိုးရအပေါ် သက်ရောက်မှုရှိမှာ မဟုတ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်အတွက်ကတော့ ခုတုံးလုပ်ခံရတာ စိတ်မကောင်းစရာပါ။ 
    လက်တွေ့အခြေအနေကို သုံးသပ်ကြည့်ရင် တိုင်းပြည်အတွက် ဘယ်သူကအပြု၊ ဘယ်သူက အဖျက်လုပ်နေကြသလဲဆိုတာ စဉ်းစားကြဖို့လိုပါတယ်။ လက်ရှိ သမ္မတရဲ့ ခရီးစဉ်တွေကိုကြည့်ရင် သူများကို ဝေဖန်ပုတ်ခတ် အပစ်ပြောနေတာတွေမရှိဘဲ တိုင်းပြည်အကျိုးစီးပွား ဖြစ်ထွန်းဖို့ လုပ်သင့်တာ လုပ်နေတာ တွေ့ရမှာဖြစ်ပါတယ်။ တစ်ပိုင်းက ဖွံ့ဖြိုးတိုးတက်ဖို့ကြိုးစားနေသလို တစ်ပိုင်းက အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို မူဝါဒချ လုပ်ဆောင်နေတာ အထင်အရှားပါ။ ဒီလုပ်ရပ်တွေကို သေးသိမ်အောင် ပြောဆိုလုပ်ကိုင်နေသူ တွေအနေနဲ့  လုပ်ငန်းစဉ်တွေ အောင်မြင်လာတာနဲ့အမျှ ပြည်သူတွေရဲ့ ဆန့်ကျင်မှုကို ခံကြရမှာ မမေ့ကြဖို့လိုပါတယ်။ 
    တိုင်းပြည် တည်ငြိမ်အေးချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပရောက်မြန်မာတွေရဲ့ အားဟာ  တစ်စိတ်တစ်ပိုင်းအဖြစ် အရေးကြီးပါတယ်။ မဟုတ်မမှန် သတင်းတွေ၊ လုပ်ကြံဝါဒဖြန့်မှုတွေ၊ တိုင်းပြည် သိက္ခာ ကျမယ့်လုပ်ရပ်တွေ လုပ်နေကြမယ့်အစား တိုင်းပြည် တည်ငြိမ်တိုးတက်ရေးအတွက် တစ်တပ် တစ်အား ပါဝင်ကြတာက တိုင်းပြည်အတွက် ပိုတန်ဖိုးရှိလိမ့်မယ်လို့ မြင်ပါတယ်။
ဇော်နိုင်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 97

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63860

© 2022 - 2026 News. All Rights Reserved.