၂၀၂၆ ၊ မေ ၁၅
The Diplomat သတင်းဌာနက သတင်းထောက် Rajeev Bhattacharyya နဲ့ AA ထွန်းမြတ်နိုင် တို့ရဲ့ အင်တာဗျူးကို The Diplomat သတင်းဌာနက ထုတ်လွှင့်ခဲ့တာ တွေ့ရပါတယ်။ The Diplomat Website မှာ အင်္ဂလိပ်လို ရေးသားတင်ပြထားသလို မြန်မာဘာသာနဲ့လည်း ထုတ်ပြန်ထားတာ တွေ့ရမှာဖြစ်ပါတယ်။ သတင်းဌာနနဲ့ သတင်းထောက်ရဲ့ အခြေအနေ၊ ထွန်းမြတ်နိုင်ရဲ့ ပြောဆိုမှုတွေအရ ထွန်းမြတ်နိုင် ဘာလုပ်ချင်တယ်၊ ဘယ်အကွက် ချိုးနေတယ်ဆိုတာ အထင်အရှားတွေ့ရမှာ ဖြစ်ပါတယ်။
သတင်းဌာနရဲ့ သဘာဝက Business ကို အခြေခံပါတယ်။ Business ဆိုတာက ငွေကြေးစီးပွားရေးပါသလို သက်ဆိုင်ရာ အဖွဲ့အစည်း၊ နိုင်ငံရဲ့ မူဝါဒလည်း ပါပါတယ်။ သတင်းဌာနရဲ့ မူဝါဒအပေါ် သတင်းထောက်တွေက များသောအားဖြင့် ထိန်းလေ့ရှိကြပါတယ်။ တချို့သတင်း ထောက်တွေက နာမည်သိက္ခာကို ထိန်းသလို တချို့က ငွေနောက် လိုက်ကြတာတွေလည်း ရှိပါတယ်။ နာမည်ရော ငွေပါ ရမယ်ဆိုရင်တော့ ငြင်းတဲ့ သူခပ်ရှားရှားပါ။ အခုအင်တာဗျူးက သတင်းဌာနရဲ့ မူဝါဒအရလား။ သတင်းထောက်ရဲ့ ကြိုးပမ်းမှုလားဆိုတာတော့ မသိဘူး။ ပြည်ထောင်စုနိုင်ငံတော်ရဲ့ အစိတ်အပိုင်းတစ်ခုကို ဖဲ့ထုတ်ဖို့ကြိုးစားနေတဲ့သူနဲ့ အဖွဲ့အစည်းကို သိဒ္ဓိတင်ပေးနေတာတော်ရုံတော့ မဟုတ်လောက်ဖူး။
The Diplomat သတင်းဌာနဟာ မူလအစက Australia မှာ အခြေစိုက်တဲ့ မဂ္ဂဇင်းတစ်ခုပါ။ နောက်ပိုင်းမှာ အပြည်ပြည်ဆိုင်ရာ မီဒီယာအဖြစ် တိုးချဲ့ပြီး အမေရိကန် ဝါရှင်တန်ဒီစီမှာ အဓိကလုပ်ငန်း အခြေ စိုက်အဖြစ် ဆောင်ရွက်လျက်ရှိပါတယ်။ အခုအခါမှာ Private Media ကုမ္ပဏီတစ်ခုဖြစ်တဲ့ Diplomat Media Inc က ပိုင်ဆိုင်လည်ပတ်နေတာပဲ ဖြစ်ပါတယ်။ The Diplomat အနေနဲ့ အဓိက Focus ထားတာက အာရှ- ပစိဖိတ်အရေးအခင်းတွေပဲ ဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်မှာ စတင်ထုတ်ဝေခဲ့ပြီး နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ဒီမိုကရေစီနဲ့ နိုင်ငံတကာ ဆက်ဆံရေးတွေကို လေ့လာသုံးသပ်တဲ့ ဆောင်းပါးတွေ၊ အင်တာဗျူးတွေကို ပုံမှန်ထုတ်ဝေပါတယ်။ သတင်းထက် သုံးသပ်ချက်ကို အဓိကထားတဲ့ အွန်လိုင်းအခြေပြု မီဒီယာပါ။ အထူးသဖြင့် အရှေ့တောင်အာရှ၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ စတဲ့ ဒေသတွေကို လေးလေးနက်နက် အာရုံစိုက်ထားတဲ့အတွက် နိုင်ငံတကာပေါ်လစီနဲ့ပတ်သက်တဲ့ သုတေသနပညာရှင်တွေ၊ မီဒီယာတွေကြားမှာ ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တစ်ခုအဖြစ် သတ်မှတ်ခံထားရတဲ့ သတင်းဌာနတစ်ခုပဲ ဖြစ်ပါတယ်။ The Diplomat မှာ သတင်းထောက်တွေ သာမက သုတေသနသမားတွေ၊ ပညာရှင်တွေ၊ နိုင်ငံ ရေးဆောင်းပါးရှင်တွေပါ ရေးသားလျက်ရှိပါတယ်။
ထွန်းမြတ်နိုင်ကိုဗျူးတဲ့ သတင်းထောက် Rajeev Bhattacharyya က အိန္ဒိယနိုင်ငံသားပါ။ အိန္ဒိယအရှေ့ မြောက်ဒေသမှာရှိတဲ့ လက်နက် ကိုင်အဖွဲ့ (Insurgent Group) တွေအကြောင်းကို အချိန်အတော်ကြာ သုတေသနပြုထားသူပါ။ အိန္ဒိယ အရှေ့မြောက်ဒေသအခြေအနေ လက်နက်ကိုင်အဖွဲ့တွေရဲ့ အခြေအနေ၊ နယ်စပ်လုံခြုံရေးနဲ့ မူဝါဒရေးရာတွေကို အထူးပြုရေးသားပါတယ်။ ဒေသတွင်း လုံခြုံရေး၊ နိုင်ငံရေးအ ပြောင်းအလဲတွေကို နက်ရှိုင်းစွာ သုံးသပ်ရေးသားလေ့ ရှိပါတယ်။ အိန္ဒိယ အရှေ့မြောက်ဒေသက လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တဲ့ အတွေ့ အကြုံကို Rende-vous with Rebels စာအုပ်အဖြစ် ရေးသားထုတ်ေ၀ ထားပါတယ်။
အင်တာဗျူးဆိုတာ အကြောင်းအရာတစ်ခုကို အခြေခံပြီး ထင်မြင်ယူဆချက်ကိုမေးတာနဲ့ ကိုယ်တိုင်ဆောင်ရွက်နေတဲ့ကိစ္စကို ဗျူးတာမတူပါဘူး။ နိုင်ငံရေးသုတေသီတစ်ဦးကို ဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေကို ဖြစ်လာနိုင်ခြေရှိတဲ့ အခြေအနေကို သုံးသပ်ဖို့မေးမြန်းတာကတစ်မျိုး၊ ကိုယ်တိုင်ကျင် လည်ကြုံတွေ့နေ တဲ့အခြေအနေကို ဗျူးတာကတစ်မျိုးပါ။ သုတေသီကို သုံးသပ်ချက်မေးတာက လွတ်လပ်ပေမယ့် Personal ကိုမေးတာက ကန့်သတ်ချက်တွေ ရှိပါတယ်။ ဒီသဘာ၀အရ Personal အင်တာဗျူး တစ်ခုကိုကြည့်ရင် ဗျူးတဲ့သူ စိတ်တိုင်းကျထက် ဗျူးခံရသူအကြိုက်လိုက် သိဒ္ဓိတင်ပေးတာတာက များပါတယ်။ အခု ထွန်းမြတ်နိုင်နဲ့ အင်တာဗျူးကိုကြည့်ရင် အကြိုက်တွေဖော်ပြီး အဆိုးတွေကို ဖုံးထားတာ သိသာတယ်။
ဒီအင်တာဗျူးကို ကြည့်ရင် ရခိုင်ဒေသအခြေအနေ၊ AA ရဲ့ ရပ်တည်ချက်၊ ထွန်းမြတ်နိုင်ရဲ့ နိုင်ငံရေး ရပ်တည်ချက်တွေကို အလေးပေး ဖော်ပြထားပါတယ်။ အဓိကအားဖြင့် AA ကို လက်နက်ကိုင်အဖွဲ့အဖြစ် သီးသန့်မမြင်ဘဲ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုအဖြစ် ထင်မြင်လာစေဖို့ မြန်မာ့အရေးမှာ အရေးပါလာတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ထင်မှတ်လာစေဖို့ အဓိကလမ်းကြောင်းပေး ဖော်ပြထားပါတယ်။ အထူးသဖြင့် ရိုးသားတဲ့ ဖိုးသခွားသဖွယ် တော်လှန်ရေးခေါင်းဆောင်တစ်ဦးအဖြစ် သိဒ္ဓိတင်ပေးထားတာ တွေ့ရမှာ ဖြစ်ပါတယ်။
ပြည်သူလူထုနဲ့ နိုင်ငံတော်အနေနဲ့ တစ်ခုတော့ အမြတ်ထွက်စေပါတယ်။ ထွန်းမြတ်နိုင်ရဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း သိရတာပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ သိဒ္ဓိတင်တင် ထွန်းမြတ်နိုင်မှာ ပြည်ထောင်စု စိတ်ဓာတ်မရှိတာ ပေါ်လွင်ထင်ရှားတယ်။ ၂၀၂၃ က အခြေအနေကို ပြန်သွားဖို့ဆိုတဲ့ တပ်မတော်ရဲ့ လိုလားချက်က ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားတဲ့အခြေအနေကစပြီး ရသင့်ရထိုက်တာရဖို့ ရည်ရွယ် တယ်ဆိုတာ ရှင်းတယ်။ ထွန်းမြတ်နိုင်ပြောတဲ့ ၁၇၈၄ က အခြေအနေကိုလိုလားတယ်ဆိုတာက သူ့ရဲ့ သီးခြားခွဲထွက်လိုတဲ့ သဘောဆိုတာ ထင်ရှားတယ်။
သူ AA ခေါင်းဆောင်ဖြစ်လာတဲ့ သမိုင်းကြောင်းကို ပြန်ပြောတာကိုကြည့်ရင် သူ့ထက် စီနီယာကျတဲ့ ရခိုင်နိုင်ငံရေးသမားတွေရဲ့ ရပ်တည် ချက်ကို သူမကြိုက်လို့ သီးခြားလမ်းကြောင်း ရှာတဲ့သဘော တွေ့ရတယ်။ အဲဒီ ရခိုင်နိုင်ငံရေးသမားတွေရဲ့ လိုလားချက်က ပြည်ထောင်စုထဲက ခွဲထွက်ဖို့မဟုတ်ဘဲ ပြည်ထောင်စုစနစ်မှာ ဗဟိုချုပ်ကိုင်မှုလျှော့ချပြီး ဖက်ဒရယ်စနစ် ပီပြင်ဖို့ဆိုတာ သူတို့လုပ်ဆောင်ခဲ့တဲ့ သမိုင်းကြောင်းအရ ရှင်းတယ်။ ထွန်းမြတ်နိုင် မကြိုက်တာက အဲဒီရခိုင်နိုင်ငံရေးသမားတွေရဲ့ သီးခြားနိုင်ငံ ဖြစ်လာအောင် ထူထောင်ဖို့အထိ မကြိုးစားခဲ့တာဘဲ ဖြစ်တယ်။ ဒါကလည်း သူအမြဲပြောနေတဲ့ ရက္ခိတ လမ်းစဉ်နဲ့ အနိမ့်ဆုံး Confederate ရမှဖြစ်မယ်ဆိုတာနဲ့ ယှဉ်ထိုးကြည့်ရင် သိသာတယ်။
သူ့ရဲ့သဘောထားကိုကြည့်ရတာ ဟန်ကိုယ့်ဖို့ လုပ်နေပေမယ့် လက်ရှိအချိန်မှာ စစ်ဆက်တိုက်ဖို့ အတော်လေး တွန့်နေတာ တွေ့ရတယ်။ သိက္ခာကလည်း တင်ချင်၊ ရထားတဲ့နယ်မြေတွေကို မစွန့်လွှတ် ရဘဲ အုပ်ချုပ်မှုယန္တရားကိုလည်း ခိုင်မာအောင် တည်ဆောက်ချင်နေတဲ့အတွက် ၂၀၂၃ ခုနှစ်က အခြေ အနေမဟုတ်ဘဲ လက်ရှိအခြေအနေအတိုင်း ဆွေးနွေးမယ်ဆိုတဲ့သဘောပြောတာပဲ ဖြစ်ပါတယ်။ ပြည် ထောင်စုအတွက်ရော၊ ကျန်ရခိုင်နိုင်ငံရေးသမားတွေအတွက်ရော၊ AA ကို လက်မခံတဲ့ ရခိုင်တိုင်းရင်းသား ပြည်သူတွေအတွက်ရော ဘယ်လိုမှ လက်ခံလို့မရတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။
သေချာပေါက်ပြောလို့ရတာက ထွန်းမြတ်နိုင် လိုချင်တဲ့ နယ်မြေတွေ၊ နိုင်ငံရေးရည်မှန်းချက်တွေက ဖြစ်လာစရာမရှိဘူး။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ နယ်မြေ ပိုင်းခြားရေး၊ အာဏာခွဲဝေရေးတွေဟာ ၁၉၄၈ ခုနှစ် အင်္ဂလိပ်ဆီက ရခဲ့တဲ့ လွတ်လပ်ရေးကာလကို အခြေခံပြီး တိုးတက်လာတဲ့ တိုင်းရင်းသားတွေအတွက် ထပ်တိုးစဉ်းစားရမှာသာ ဖြစ်ပါတယ်။ အဲဒီအတွက် ၂၀၂၃ က အခြေအနေကို ပြန်ရောက်ဖို့ တပ်မတော်မှာ တာဝန်ရှိတဲ့အတွက် တပ်မတော်က ဒီအတိုင်းကြည့်နေမှာမဟုတ်တာကို နားလည်ဖို့ လိုပါတယ်။ ထွန်းမြတ်နိုင်အနေနဲ့ ဖြစ်သင့်တာထက် ဖြစ်ချင်တာကို ခေါင်းမာစွာ ကိုင်တွယ်ထားရင် သနားစရာကောင်း တာက ရခိုင်ပြည်သူတွေပဲ ဖြစ်လာပါလိမ့်မယ်။
ARSA နဲ့ပတ်သက်ပြီး လက်ရှိအခြေအနေတွေနဲ့ ထွန်းမြတ်နိုင် အပြောအရဆိုရင် ရခိုင်ပြည်နယ်နဲ့ ရခိုင်တိုင်းရင်းသားတွေအတွက် မကြာခင်မှာ အတော်ကြီးမားတဲ့အန္တရာယ်နဲ့ ရင်ဆိုင်ရမယ့်သဘောကို တွေ့နေရတယ်။ ARSA ကိစ္စကို ထွန်းမြတ်နိုင် လျှော့မတွက် ဖို့လိုပါတယ်။ တပ်မတော်က ကိုယ့်တိုင်းရင်း သားဖြစ်လို့ ညှာတာခဲ့ပေမယ့် နဂိုကတည်းက ရခိုင်ကို ရန်သူလိုဆက်ဆံတဲ့ လူမျိုးကွဲတွေကတော့ ညှာတာလိမ့်မယ်မထင်ဘူး။ တပ်မတော်က ထိန်းထိန်းသိမ်းသိမ်း လုပ်နေတာက နေရာလွတ်တွေပေါ်လာရင် ဘယ်သူအကျိုးရှိသွားမလဲဆိုတဲ့ အမြင်နဲ့ ညှာတာနေတာ၊ ဆွေးနွေးရေးလမ်းစဖွင့်ပေးထားတာကို ထွန်းမြတ်နိုင် သိသင့်တယ်။
အင်တာဗျူးမှာ ARSA ကို တပ်မတော်က လက်နက်တပ်ဆင်ပေးတယ်လို့ ပြောသွားတာ သတိထားမိတယ်။ ဘာသဘောနဲ့ ပြောတာလဲမသိပေမယ့် တပ်မတော်အပေါ် ပြည်သူတွေ အမှတ်မှားသွားအောင် လုပ်တာ ရခိုင်အတွက် အကျိုးမရှိဘူး။ တပ်မတော်အနေနဲ့ ARSA ကို လက်နက်တပ်ဆင်ပေးတယ်ဆိုတာ အဓိပ္ပာယ်မရှိဘူး။ ရခိုင်ကို ထိခဲ့လို့ တွယ်ခဲ့တာ ဘယ်သူတွေလဲ။ အကျိုးဆက်အရ ICJ တွေ၊ ICC တွေနဲ့ ရင်ဆိုင်နေရတာ ဘယ်သူတွေလဲ။ ယုတ်စွအဆုံး ARSA က ထွန်းမြတ်နိုင်နဲ့ AA ကို တိုက်ထုတ်ပြီး နေရာရယူသွားခဲ့ရင်တောင် ကိုယ့်နိုင်ငံ အချုပ်အခြာအတွက် တပ်မတော်က ပြန်လည်တိုက်ထုတ်ရမှာ ဖြစ်တယ်။ အဲဒီအတွက် ARSA ကို လက်နက်တပ်ဆင်ပေးတယ်ဆိုတာ ဖြစ်နိုင်၊ မဖြစ်နိုင် ဉာဏ်ရှိသူတိုင်း သိနိုင်တယ်။ ဖြစ်သင့်တာက ပြည်ထောင်စုအားနဲ့ ညီညွတ်စွာ ကာကွယ်ရမှာ။ ရခိုင်အကြီးအကဲတွေနဲ့ ပညာရှင်တွေ သုံးသပ်ထားတဲ့ ရခိုင်လူမျိုးတည်တံ့ချင်ရင် အနောက်အန္တရာယ်ကို အရှေ့နဲ့ပေါင်း ကာကွယ်ရမယ်ဆိုတဲ့ စကားကို မမေ့ဖို့လိုတယ်။ ထွန်းမြတ်နိုင်ရဲ့ စိတ်ကူးယဉ်နန်းတော်က ရခိုင်တွေအတွက် ဘုံပျောက်မယ့်အရေး ဖြစ်နေပြီဆိုတာ မြင်ကြမှသာ အန္တရာယ်ကိုကာကွယ်နိုင်လိမ့်မယ်။
ဒီအင်တာဗျူးမှာ ထွန်းမြတ်နိုင်ကို တော်လှန်ရေးခေါင်းဆောင်၊ နိုင်ငံရေးသမားအဖြစ် သိဒ္ဓိတင်ထားပြီး ထွန်းမြတ်နိုင်ရဲ့ မူးယစ်ဆေးဝါး ဇာတ်လမ်းတွေကို ဖုံးပေးထားတာ၊ ဖုံးပေးထားတဲ့အပြင် မူးယစ်ဆေးဝါးဆန့်ကျင် နှိမ်နှင်းသူသဖွယ် ကာဗာလုပ်ပေးထားတာကတော့ ဒီသတင်းဌာနနဲ့ ဗျူးတဲ့သူအနေနဲ့ ပရိသတ်နဲ့ နိုင်ငံတကာကို အထင်သေး စော်ကားထားခြင်း ဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ကြည့်ရတာ မေးတဲ့သူကိုယ်တိုင် မူးယစ်ဆေးဝါးနဲ့ AA အကြောင်းကို သူမေးထားတဲ့ မေးခွန်းအလားအလာအရ တစ်စွန်းတစ်စ သိထားပုံရပါတယ်။ ဆက်ပြီး ထောက်မမေးတာလား။ မေးထားချက်တွေကို ဒီ့ထက်ပို မဖော်ပြတာလား ဆိုတာကတော့...။ မူးယစ်ဆေးဝါးကိစ္စ မဗျူးဘဲ အသာလေးထားလိုက်ရင် ပြောစရာမရှိဘူး။ မေးပြီး ဖော်ပြထားတဲ့အခြေအနေက ဖြေရှင်းပေးသလို ဖြစ်နေတာ အသိသာကြီး။
ထွန်းမြတ်နိုင်က AA မဖြစ်ခင်ကတည်းက မူးယစ်ဆေးဝါကို သယ်ယူဖြန့်ဖြူးပေးတဲ့ လုပ်ငန်းကို MNDAA ကိုးကန့်အဖွဲ့နဲ့ပေါင်းပြီးလုပ်ခဲ့တာပါ။ MNDAA အဖွဲ့ရဲ့ မူးယစ်ဆေးဝါးတာဝန်ခံက မောင်မောင်လွင် (ခ) ဖုန်ဝမ်အန်းပါ။ အန်းကောလို့လည်း ခေါ်ကြတယ်။ သူက ဖုန်တာရွှင်ရဲ့ ညီဝမ်းကွဲ ဒုစစ်ဦးစီးချုပ်တာ ဝန်ယူထားတဲ့သူပါ။ ထွန်းမြတ်နိုင်က သူနဲ့ပေါင်းပြီး မူးယစ်ဆေးဝါးကို ပြည်တွင်းပြည်ပ အခကြေးငွေယူ သယ်ယူဖြန့်ဖြူးပေးခဲ့တဲ့ လုပ်ငန်းကိုလုပ်ခဲ့တာပါ။ အခုအခါမှာ ထွန်းမြတ်နိုင်ဟာ ကြီးမားတဲ့ မူးယစ်ဆေး ဝါးဖြန့်ဖြူးသူ ဖြစ်နေပါပြီ။ သူ့ရဲ့ Network က ပြည်တွင်းပြည်ပ အတော် ကျယ်ပြန့်ပြီး လက်ရှိမှာ သူယုံကြည် စိတ်ချရတဲ့တပည့်တွေကို စေခိုင်းလျက်ရှိပါတယ်။ နိုင်ငံတော်က မကြာခဏ ဖမ်းဆီးရမိတာတွေဟာ သူ့ကို သိက္ခာချနေတာ မဟုတ်တဲ့ တကယ့်အမှန်တရားတွေပါ။ ဒါကိုနိုင်ငံရေးအရ သူ့ကို သိက္ခာချနေတာ ဆိုတဲ့ ဖြေရှင်းချက်က ရန်ဘက်ဖြစ်နေတယ်ဆိုတဲ့ သဘောတရားကို အခြေခံပြီး နှစ်ပေါက်တစ်ပေါက် ရိုက်နေတာပဲ ဖြစ်ပါတယ်။
မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး သတင်းထောက် မေးတဲ့အပေါ် AA က နှိမ်နင်းနေပြီး တပ်မတော်က မူးယစ်ဆေးဝါးကိစ္စကို ပူးပေါင်းဆောင်ရွက်နေတဲ့ပုံစံ ပြောသွားတာကို သတင်းဌာနက ဒီအတိုင်းလွှတ်ပေးတာမျှတတဲ့ ထုတ်ပြန်ချက်မဟုတ်ဘူး။ အခြေအနေမှန်လည်း မဟုတ်ဘူး။ နိုင်ငံတကာ သတင်း ဌာနတွေ၊ လေ့လာသူတွေ၊ သုတေသနမှတ်တမ်းတွေမှာ ထွန်းမြတ်နိုင်နဲ့ AA ဟာ မူးယစ်ဆေးဝါး ထုတ် လုပ်တဲ့လုပ်ငန်းတွေမှာ ပါဝင်ခြင်း မရှိသော်လည်း ဖြန့်ဖြူးရေးလုပ်ငန်းတွေမှာ ပတ်သက်မှုရှိနေတယ် ဆိုတဲ့ မှတ်တမ်းတွေကို လျစ်လျူမပြုသင့်ဘူး။
တိကျခိုင်မာတဲ့ ရပ်တည်ချက်နဲ့ လေ့လာသူတွေရဲ့ ယုံကြည်ချက်ရထားတဲ့ သတင်းဌာနတစ်ခုအနေနဲ့ မလုပ်သင့်တဲ့ လုပ်ရပ်ဖြစ်တဲ့အတွက် သတိထား သင့်ပါတယ်။ ထွန်းမြတ်နိုင်ရဲ့ အင်တာဗျူးထုတ် လွှင့်ချက်ကိုကြည့်ရင် လိုတာထက်ပို သိဒ္ဓိတင်ပေးပြီး ပုဂ္ဂိုလ်ရေး ဘက်လိုက်မှုကို တွေ့နေရတယ်။ ဒီ The Diplomat သတင်းဌာနကို လေ့လာကြည့်တဲ့အခါ အယ်ဒီတာအဖွဲ့ ခိုင်ခိုင်မာမာရှိတာ တွေ့ရတယ်။ အယ်ဒီတာအဖွဲ့ကပဲ ဘက်လိုက်တာလား။ သတင်းထောက်ရဲ့ အင်တာဗျူးကို ဒီအတိုင်း သာမန်ကာလျှံကာ ပြုပြင်အတည်ပြုလွှတ် လိုက်တာလားဆိုတာတော့ သူတို့ပဲ အသိဆုံးဖြစ်မှာပါ။ ထွန်းမြတ်နိုင်နဲ့ သတင်းထောက်ကြားက ဆက်ဆံရေးကတော့ စိတ်ဝင်စားစရာ ကောင်းတယ်။ ဒီလောက်ထိ သိဒ္ဓိတင်ထားပေး တာကို ကြည့်ရင် တစ်ခုခုတော့ တစ်ခုခုပဲ။
ဇော်နိုင်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )