မျက်ရည်ချူပြီး ပုံကြီးချဲ့တာ ရပ်ကြပါတော့

၂၀၂၆ ၊ ဇွန် ၅

    မြန်မာ့နိုင်ငံရေးမှာ ဖြစ်နေကြတာက လိုတာထက်ပိုပြီး ချဲ့ကားနေတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ နိုင်ငံရေးအရ ကိုယ်အားသာဖို့ တစ်ဖက်ကိုပုံချတာ၊ လိုတာထက်ပို ချဲ့ကားတာတွေဟာ လတ်တလောမှာ အားသာချက်ရနိုင်တာ မှန်ပေမယ့် တိုင်းပြည်အတွက်တော့ အကျိုးမရှိပါ။ ခေတ်အဆက်ဆက် ဒီလိုလုပ် ခဲ့ကြလို့လည်း အခုအခါမှာ လိုတာထက် ပိုနေကြတဲ့ အခြေအနေတွေ တွေ့နေရတာပဲ ဖြစ်ပါတယ်။ မုန်းရင် အရမ်းမုန်း၊ ဘယ်လောက် အကောင်းလုပ်လုပ် အဆိုးသာမြင်၊ ချစ်ရင် ဘာလုပ်လုပ် အပြစ်မမြင်ကြတာတွေဟာ မြန်မာနိုင်ငံရဲ့အားနည်းချက်ပဲ ဖြစ်ပါတယ်။ 
    နိုင်ငံရေးဧရိယာမှာ နိုင်ငံရေးသမားအချင်းချင်း အပြန်အလှန် တိုက်ခိုက်ကြတာ၊ ချကြတာက သူ့ဘာသာသူ အပြန်အလှန် ရှင်းလို့ရတယ်။ သမိုင်းပြောင်း သွားနိုင်တဲ့အခြေအနေအထိ ဖြစ်လာစရာမရှိဘူး။ အမှန်ဆိုတာထက်  အားသာတဲ့သူက  နိုင်သွားတာတွေလည်းတွေ့ရမှာ ဖြစ်ပါတယ်။ အားနည်းတဲ့သူခံဆိုတဲ့ သဘာ၀မှာ နိုင်ငံ့အရေးကြောင့် နိုင်ငံရေးမှာပါနေရတဲ့ အင်စတီကျူးရှင်းတွေနဲ့ ပတ်သက်ရင် သတိထားဖို့ လိုပါတယ်။ အင်စတီကျူးရှင်းရဲ့ သဘာဝက မှန်တာ၊ မှားတာ၊ အပြန်အလှန် ငြင်းတာ၊ ခုံတာတွေကို ဂရုစိုက်နေမှာ မဟုတ်ဘဲ တိုင်းပြည်နဲ့ တိုင်းသူပြည်သားတွေအတွက်သာ ရှေးရှုဆောင် ရွက်တတ်တဲ့ သဘာဝရှိတဲ့အတွက် ရန်ဘက်အသွင် တိုက်ခိုက်ဖို့မသင့်ပါ။ မြန်မာနိုင်ငံမှာ တပ်မတော်ကို ရန်ဘက်အသွင် တိုက်ခိုက်ခဲ့ကြတဲ့အတွက် အခုချိန်မှာ လိုတာထက်ပိုပြီး ပြဿနာတွေဖြစ်နေတာပဲ ဖြစ်ပါတယ်။ 
    တချို့ပြောဆိုချက်၊ စွပ်စွဲချက်တွေဟာ လူပုဂ္ဂိုလ်နှင့်ပတ်သက်ရင် ကာယကံရှင်ရဲ့ သဘောထားအပေါ်မှာသာ မူတည်တယ်။ သူဖြေရှင်းချင်ရှင်း၊ မဖြေရှင်းလည်း သူနဲ့သာဆိုင်တဲ့အတွက် တိုင်းပြည်အတွက် ကြီးမားတဲ့ ထိခိုက်မှု မရှိဘူး။ အဖွဲ့အစည်းတစ်ခု၊ အသိုင်းအဝိုင်းတစ်ခုကိုဆိုရင် လက်လွတ်စပယ် ပြောဆိုတိုက်ခိုက်ဖို့မသင့်ဘူး။ ပါတီတစ်ခု ဖြစ်ပါစေ။ ကောင်းတယ်၊ မကောင်းဘူးဆိုတာ သူချမှတ်ထားတဲ့မူဝါဒ၊ လုပ်ဆောင် ချက်တွေအပေါ်မှာ အခြေခံပြီး လေ့လာဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ သူ့ရဲ့ချမှတ်ထားတဲ့ မူဝါဒကကောင်းပြီး အဲဒီမူဝါဒကို ချိုးဖောက်မှုရှိရင် ချိုးဖောက်သူကိုသာ ဝေဖန်ရမှာ ဖြစ်ပါတယ်။ ဝါးလုံးရှည်နဲ့ သိမ်းယမ်းတဲ့အကျင့်တွေဖျောက်ဖို့ လိုပါတယ်။ 
    အခုချိန်မှာ ၂၀၂၁ ခုနှစ် ပြဿနာကို အခြေခံပြီး ပြစ်ဒဏ်ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးသမားတွေကို ပြန်လွှတ်ပေးဖို့ဆိုတဲ့ အသံတွေထွက်လာတာ သတိထားမိကြမယ် ထင်ပါတယ်။ ပြစ်ဒဏ်ကျခံနေရသူတွေကို ပြန်လွှတ်ပေးဖို့ ပြောဆိုနေတာတွေက နိုင်ငံရေးသဘာဝရဲ့ လုပ်ရိုးလုပ်စဉ်ပါ။ သိပ်မဆန်းတဲ့ကိစ္စပါ။ ဆန်းတာက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ပြောရုံမက သေသွားပြီလားတို့၊ မသေကြောင်း သက်သေပြပေးဖို့တို့ ဆိုတာတွေက အတော်ဆန်းပါတယ်။ ကိုယ်မှားယွင်းခဲ့တဲ့ ဆုံးဖြတ်ချက်၊ မလုပ်သင့်တဲ့ လုပ်ဆောင်ချက်တွေအရ နန်းကျပြီး အကျဉ်းစံနေရတာကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတာမက နန်းပါပြန်တင်ပေးရမယ်ဆိုတော့ ဖြစ်သင့်သလား၊ စဉ်းစားလေစဉ်း စား။ 
    မေ ၃၀ ရက်က နယက အစိုးရလက်ထက် ၂၀၀၃ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်း ရုန်းရင်းဆန်ခတ်မှုပြဿနာ ဖြစ်ပွားခဲ့တဲ့ နှစ်ပတ်လည်နေ့ပါ။ ဒီပြဿနာဟာ ပြီးသွားတာ ကြာလှပါပြီ။ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကပင် အကျယ်မချဲ့ခဲ့ပါဘူး။ နှစ်ဖက်ပြဿနာ ဖြစ်တဲ့အတွက်လည်း ပါပါတယ်။ ဒါကိုအခု ဧရာဝတီနဲ့ NUG ပြောရေးဆိုခွင့်ရှိသူ နေဖုန်းလတ်က ပုံကြီးချဲ့လာတာ တွေ့ရတယ်။ ဧရာဝတီက ၂၀၂၄ က ဖော်ပြထားတဲ့ ဆောင်းပါးကို ပြန်တင်တာပါ။ နေဘုန်းလတ်ကတော့ သူ့ Post မှာ ဗီဒီယိုရိုက်ပြီးလွှင့်ထားတာပါ။ သူတို့အတွက် မျက်ရည်ချူ၊ တပ်မတော်က ဗီလိန်ဆိုတဲ့ သဘောဆောင်ပါတယ်။ 
    နေဘုန်းလတ်အပြောက ကိုယ်တိုင်ပဲအခြေအနေမှန်ကို သိသလိုလိုနဲ့ ပြောတာက အတော်မဟန်ဘူး။ အဲဒီအချိန်သူက ရန်ကုန် ဒေါ်အောင်ဆန်းစုကြည် ခြံထဲမှာလို့ဆိုတယ်။ ဖြစ်စဉ်မဖြစ်ခင်က ဖုန်းအဆက်အသွယ်ရပြီး ဖြစ်စဉ်လည်းဖြစ်ရော ဖုန်းမရတော့လို့ လေလှိုင်းက အသံလွှင့်တာတွေ နားထောင်ရတယ်။ ဘယ်သူတွေ အရိုက်ခံရတယ် ဘာညာ ကြားရတယ်လို့ဆိုတယ်။ အတော်ကလိမ်ကကျစ်ကြ တယ်လို့ ဆိုရမယ်။ အဲဒီအချိန်မှာ ကြိုးဖုန်းကလွဲလို့ ဘာမိုလ်ဘိုင်းဖုန်းမှ မရသေးဘူး။ သူ့အပြောအရဆိုရင် ကြိုးဖုန်းကိုများ ကားပေါ်တင်သွား လားမသိ။ ပိုဆိုးတာက အသံလွှင့်ဌာနတွေက Live လွှင့်နေသလို ပြောတာ။ အဲဒီအချိန်မှာ ဘယ်သတင်းဌာနမှ အဲဒီဖြစ်စဉ်ဖြစ်တဲ့ နေရာနားမှာမရှိဘူး။ 
    ဒေါ်စုကားထဲ ဝါးချွန်နဲ့ ထိုးတယ်ဆိုတာကပါသေး။ သူ့အပြောက လွန်ခဲ့တဲ့ ၂၃ နှစ်က စစ်ခေါင်းဆောင်တွေအနေနဲ့ တမင်သက်သက် လုပ်ကြံတယ်ဆိုပြီးပြောတာပဲဖြစ်ပါတယ်။ အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို လူထုထောက်ခံမှု အများအပြားရှိခဲ့ပြီး  သွားလေရာမှာ လူအုပ်စုကြီးက ကြိုဆိုလို့ စစ်ခေါင်းဆောင်တွေရင်ထဲမှာ မနာလိုစိတ်နဲ့ ခိုးလိုးခုလုဖြစ်ပြီး  လုပ်ကြံတာဆိုတဲ့ သဘောမျိုး ပြောသွားတာတွေ့ရတယ်။ ဒီလိုစိတ်ထားရှိသူတွေက လူထုခေါင်းဆောင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကို ဖမ်းဆီးထားတာ စိတ်ချလို့မရကြောင်း၊ ပြန်လွှတ်ဖို့ အသနားခံရုံ၊ ဖိအားပေးရုံနဲ့ရမှာ မဟုတ်ဘဲ အပြတ် တိုက်ထုတ်မှသာ ရမှာဖြစ်ကြောင်းလည်း ပြောသွားပါသေးတယ်။ ကြည့်ရတာ ဒေါ်အောင်ဆန်းစုကြည်ကို ရာသက်ပန် အတိုင်ပင်ခံပုဂ္ဂိုလ်လုပ်ခိုင်း မလို့များလားမသိ။ ရခဲ့တဲ့ရာထူးက ၂၀၀၈ အခြေခံဥပဒေအရ ယူထားတာ။ ခြေ^ဥကိုလည်း ဖျက်ပြီးပြီပြောပြီး တစ်ဖက်က ဒီခြေ/ဥအရ ယူထားတဲ့ရာထူးကိုကျ ဆက် ဆုပ်ကိုင်ထားတယ်ဆိုတော့ ဟုတ်တော့ ဟုတ်နေပါပြီ။ 
    ၂၀၀၃ ခုနှစ် ဒီပဲယင်းပြဿနာဟာ ဒီလောက် မရိုးရှင်းဘူး။ စစ်အစိုးရက ရင်ထဲမှာ ခိုးလိုးခုလု ဖြစ်လို့လုပ်ကြံခဲ့တာလည်း မဟုတ်သလို ဒေါ်အောင်ဆန်းစု ကြည်အနေနဲ့လည်း တမင်သက်သက်ခံရတာလို့ မဆိုနိုင်ဘူး။ နိုင်ငံတကာကတောင် ဒီပြဿနာကို တမင်သက်သက် လုပ်ကြံတဲ့ဖြစ်ရပ်အဖြစ် သတ်မှတ်ထားတာမရှိဘူး။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကပင် ဒီကိစ္စကို ယတိပြတ်တပ်မတော်ကို စွပ်စွဲထားတာ မရှိဘူး။ ဒီပဲယင်းဖြစ်စဉ်ကို ပြောမယ်ဆိုရင် မတိုင်ခင်က အခြေအနေတွေကို သေချာလေ့လာဖို့ လိုပါတယ်။ ပြည်တွင်းရေးမှာ နိုင်ငံရေးပဋိပက္ခကတစ်ဆင့် ပေါက်ကွဲတဲ့ပြဿနာကို ကိုယ့်ဘက်ကို ကရုဏာသက်စေ၊ တစ်ဖက်ကို သောက်ကျိုးနည်းစေဆိုတဲ့ အတွေးအမြင်ရှိနေသမျှ ဒီတိုင်းပြည် ဘယ်တော့မှ လွတ်လပ်မျှတ စစ်မှန်တဲ့ နိုင်ငံရေးအားပြိုင်မှုရှိလာမှာ မဟုတ်ဘူး။ ၂၀၂၁ကလို အနိုင်ရရင် ပြီးရောဆိုတဲ့ မတရားအနိုင်ယူလိုမှုတွေ ပိုများလာပါလိမ့်မယ်။ လိုချင်တဲ့၊ စစ်မှန်တဲ့ ဒီမိုကရေစီကို ဖျက်ဆီးနေတာ ဒီလိုလူ၊ ဒီလိုအကျင့်တွေကြောင့်သာ ဖြစ်ပါတယ်။ 
    ၂၀၀၃ ခုနှစ် ဒီပဲယင်း ရုန့်ရင်းဆန်ခတ် ဖြစ်တဲ့ပြဿနာဟာ တစ်ဖက်သတ်ဖြစ်တဲ့ပြဿနာ မဟုတ်ဘူး။ နှစ်ဖက်တွေ့ဆုံဆွေးနွေးရေးက ရလာတဲ့ညှိနှိုင်း သဘောတူခွင့်ပြုထားတဲ့ နိုင်ငံရေးလှုပ်ရှားမှုကို တိုးယူရာကနေ ယုံကြည်မှုပျက်စီးသွားတဲ့ အခြေအနေကြောင့်ဆိုတာ သတိထားဖို့လိုပါတယ်။ ကိုယ်ချည်း ပဲအားသာချင်လို့ မရဘူးဆိုတာ နားလည်ဖို့ လိုပါလိမ့်မယ်။ ၂၀၀၃ ခုနှစ် ဒီပဲယင်း မတိုင်မီ ၂၀၀၂ ခုနှစ်မှာ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နိုင်ငံရေးလှုပ်ရှားမှုတွေရခဲ့တယ်။ ၁၉၉၅ ခုနှစ် ပထမအကြိမ် နေအိမ်အကျယ်ချုပ်ကနေ လွတ်လာပြီး ထိပ်တိုက်ဆောင်ရွက်ခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၁၉၉၈ မှာ ဒုတိယအကြိမ် နေအိမ်အကျယ်ချုပ်ခံရပြန်ပါတယ်။ 
    အဲဒီကာလမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်အစိုးရက တာဝန်ပေးထားတဲ့သူတွေ တွေ့ ဆုံဆွေးနွေးရေး လုပ်ဆောင်ခဲ့ကြပါတယ်။ အဲဒီတွေ့ဆုံဆွေးနွေးရေးအကျိုးဆက်အရ နယ်အသီးသီးမှာ ပိတ်ထားတဲ့ ပါတီရုံးတွေပြန်ဖွင့်ဖို့၊ ပါတီရုံးဖွင့်ရာမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက်ဖွင့် လှစ်ဖို့ သဘောတူခဲ့ကြပါတယ်။ အဲဒီလို သွားရောက် ဖွင့်လှစ်ရာမှာ အားလုံးတစ်ပြိုင်တည်း ဖွင့်ခွင့်ပေးတာ မဟုတ်ဘဲ NLD က တင်ပြတဲ့ အဆင်သင့်ဖြစ်တဲ့ရုံးကို တစ်ခုချင်းစီအလိုက် ခွင့်ပြုသဘောတူခဲ့တာပဲ ဖြစ်ပါတယ်။ ကန့်သတ်ချက်အနေနဲ့ ရုံးဖွင့်ရာမှာ ရုံးနဲ့မဆိုင်တဲ့နေရာတွေမှာ လူစုလူဝေးမလုပ်ဖို့၊ ရုံးအတွင်းကနေ လမ်းမပေါ်က လာသူတွေကို စုရုံးမိန့်ခွန်းမပြောဖို့ ကိုယ့်ပရဝဏ်အတွင်းမှာ ကိုယ့်ပါတီဝင်တွေနဲ့ ပါတီတွင်း စည်းရုံးရေးကိစ္စတွေသာ ဆောင်ရွက်ဖို့ သဘောတူခဲ့တာပဲ ဖြစ်ပါတယ်။ 
    ဒီလိုရုံးဖွင့်ပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ် သွားတော့မယ်ဆိုရင် ဆက်ဆံရေးတာဝန်ပေးထားတဲ့ တပ်မတော်ထောက်လှမ်းရေးကို သတင်းပို့စေပြီး ထောက်လှမ်းရေးက နယ်မြေအာဏာပိုင်တွေနဲ့ ညှိနှိုင်းပေးဖို့တာဝန်ယူရပါတယ်။ တချို့မြိုနယ်ရုံးတွေဆို သူတို့ဆီကို ဒေါ်အောင်ဆန်းစုကြည်လာပြီး ရုံးပြန်ဖွင့်ပေးမှာ မသိဘဲ ထောက်လှမ်းရေးကပြောမှ သိတာတွေလည်း ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တွေမှာ အစိုးရစီမံကိန်းတွေကို ဝင်ရောက်လေ့လာစေပြီး အရေးကြီး ပုဂ္ဂိုလ်သဖွယ် ကြိုဆို ရှင်းပြတာတွေအထိ တပ်မတော်အစိုးရက လုပ်ဆောင်ပေးခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရေးအရ အလျှော့ပေးတာ၊ ဒီမိုကရေစီကို အတူလျှောက်လှမ်းဖို့ ပြသခဲ့တာ လမ်းဖွင့်ပေးခဲ့တာ မဟုတ်ဘူးလား။ အစိုးရဖြစ်လာရင် ဆက်လက် လုပ်ဆောင်ရမယ့် ကိစ္စတွေအတွက် သိစေခဲ့တာ မဟုတ်ဘူးလား။ 
    အစပိုင်းမှာ အတော်လေး အဆင်ပြေတာ တွေ့ရပါတယ်။ နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် သိသလား၊ မသိသလား မသိရပေမယ့် နယ်မြေခံပါတီဝင်တွေက ပြည်သူလူထုကို ကြိုတင်အသိပေးပြီး မြို့လယ်ကောင်မှာ လူစုတဲ့ဇာတ်လမ်းတွေဖြစ်လာခဲ့တာ၊ လူစုခွဲရတာတွေ ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။ အစိုးရတာဝန်ရှိသူတွေက စနစ်တကျမှတ်တမ်းတင်ထားပြီး ဖြစ်စဉ်ဖြစ်ရပ်တွေကို ထပ်မံမဖြစ်ပွားစေဖို့ ဒေါ်အောင်ဆန်းစုကြည်ကို သတိပေးဖို့ပြောတဲ့အတွက် ထောက်လှမ်းရေးကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က တာဝန်ရှိသူတွေကို သတိ ပေးခဲ့ပါတယ်။ မန္တလေးက တစ်ဆင့်သွားတဲ့ ရှမ်းမြောက်ဒေသ ခရီးစဉ်မှာ နယ်မြေခံ NLD ပါတီဝင်တွေ လူထုကြားမှာ ကြိုတင်လူစုထားတာတွေ၊ ကြွေးကြော်တာတွေ လုပ်လာခဲ့ကြတာ တွေ့ရမှာဖြစ်ပါတယ်။ အဲဒီ ခရီးစဉ်အပြီး ရခိုင်ခရီးစဉ်မှာ ပေါ်ပေါ်ထင်ထင် လူစုတဲ့ ပြဿနာဖြစ်ခဲ့ပါတယ်။ မြောက်ဦးမှာပါ။ လူစုဖို့ ကြိုတင်ပြောထားသလို ဦးတင်ဦး ကိုယ်တိုင်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က တိုယိုတာ ဒဘယ်ကက်ကား၊ ဦးတင်ဦးက တိုယိုတာ ဟိုင်းအေ့စ် ပေါင်မုန့်ကားနဲ့ တစ်စီးစီပါ။ ဒီပဲယင်းမှာ လည်း ဒီအတိုင်းပါပဲ။ မြောက်ဦးအဝင်မှာ ဦးတင်ဦးက ရှေ့ကသွားပြီး လူစည်ကားစ ပြုနေတဲ့အချိန် မြို့မဈေးရောက်တော့ ဟိုင်းအေ့စ်ကား နောက်ခန်း ဆွဲတံခါး ဖွင့်လက်ပြနှုတ်ဆက်ပြီး သူကိုယ်တိုင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နောက်ကားမှာ ပါလာ တယ်ဆိုပြီး အကြိမ်ကြိမ်အော်ဟစ် လူစုပါတယ်။ အဲဒီအတွက် လမ်းဆုံမှာ လူစုလူဝေးဖြစ်ပြီး  မီးသတ်ကားနဲ့ လူစုခွဲရတဲ့ အထိဖြစ်ခဲ့ပါတယ်။ မီးသတ်ကားက ရေပိုက်နဲ့ပက်ပြီး လူစုခွဲရာမှာ ဒေါ်အောင်ဆန်းစုကြည်က မီးသတ်ကားပေါ်တက်ပြီး လူထုကို ဒီလိုမလုပ်နဲ့ဆိုပြီး  လူထုဘက်က ရပ်သလိုနဲ့ အမှတ်ယူစည်း ရုံးခဲ့တာတွေ လုပ်ခဲ့ပါတယ်။ ဒီဖြစ်စဉ်ကို မြောက်ဦးနား နေအိမ်မှာ အထက်ဌာနရဲ့ အမိန့်အရ ထောက်လှမ်းရေးက သတိပေးတားမြစ်ခဲ့ကြောင်း သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရော၊ ဦးတင်ဦးပါ ဘာမှ ခွန်းတုံ့မပြန်သလို ဘာမှလည်း ကတိမပေးခဲ့ကြပါ။ ပြဿနာရဲ့ အစပျိုးမှုလို့ ဆိုရမှာဖြစ်ပါတယ်။ 
    အဲဒီခရီးစဉ်အပြီး နောက်တစ်ခေါက် ခရီးစဉ်မှာ ဒီပဲယင်း ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။ ပထမဆုံး မန္တလေးကို ရောက်ပါတယ်၊ ရွှေဘိုကားလမ်းကတစ်ဆင့် မြစ်ကြီးနား၊ ဗန်းမော်၊ သပိတ်ကျင်း၊ မိုးကုတ်အထိသွားပြီး မန္တလေးကို ပြန်ဝင်ပါတယ်။ အဲဒီခရီးစဉ်နဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းခွင့်ပြု ခဲ့တာက မန္တလေးတိုင်းရုံးနဲ့ မြို့နယ်ရုံး တချို့ဖွင့်လှစ်ဖို့ပါ။ မန္တလေးရောက်တာနဲ့ လူစုလူဝေး စဖြစ်ခဲ့ပါတယ်။ ကျန်ခရီးစဉ်တွေက ကြိုတင်ညှိနှိုင်း ခွင့်ပြုချက်မယူတော့ဘဲ သွားခါနီးမှ ဝတ်ကျေတန်းကျေ အသိပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။ ညှိနှိုင်းသဘောတူထားတဲ့ ရုံးဖွင့်ရုံ သက်သက် မဟုတ်တော့ဘဲ သူသွားလိုရာ သွားမယ့်သဘော အထိ ဖြစ်ခဲ့တာပါ။ အစိုးရက သွားခွင့်ပြုပြီး ပြဿနာမကြီးထွားစေဖို့သာ သတိပေးပါတယ်။ ဒီလောက်ထိ လိုက်လျောခဲ့တာ ထိန်းထိန်းသိမ်းသိမ်း မလုပ်သင့်ဘူးလား။ ပြဿနာ စတာက မန္တလေးက စထွက်ကတည်းကပါ။ ပါလာတဲ့ ယာဉ်နှစ်စီးတင် မကတော့ဘဲ မန္တလေးက ကားလေးစီး၊ ဆိုင်ကယ်အစီး ၁၀၀ ကျော်လောက်နဲ့ စစ်ကိုင်းကို ချီတက်ကြပါတယ်။ စစ်ကိုင်းကျော်တော့ ဆိုင်ကယ်နဲ့ကားတချို့ ကျန်ခဲ့ပြီး ခရီးစဉ်ကို ဆက်ခဲ့ကြတာပါ။  
    ကောလင်းမှာ ကြံ့ခိုင်ရေးအသင်းနဲ့ စပြဿနာဖြစ်ပါတယ်။ မြို့အဝင် စာသင်ကျောင်းမှာ ဆိုင်းဘုတ်ထောင် သင်တန်းပေးနေတာကို သူတို့ကို တိုက်ခိုက်တာဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ယာဉ်တန်းက ကားပေါ်ကနေ ဆဲဆိုရာက အပြန်အလှန်လေးခွတွေ၊ ခဲတွေနဲ့ထုပြီး ပြဿနာစပါတယ်။ အဲဒီပြဿနာပြီးနောက် အင်းတော်မှာ အပြန်အလှန် ထပ်မံဖြစ်ပွားခဲ့ပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်က အင်းတော်မှာ လူစုစကားပြောတဲ့အခါ လမ်းမှာဖြစ်တဲ့ပြဿနာတွေနဲ့ပတ်သက်ပြီး ကြံ့ခိုင်ရေးကို တော်တော်လေး ပြစ်တင်ပြောကြားခဲ့ပါတယ်။ အဲဒီပြဿနာဟာ ကသာမှာ ဒေါ်အောင်ဆန်းစု ကြည်ယာဉ်တန်းကို လူစုနဲ့ပိတ်ဆို့တားဆီးပြီး ပြန်လည်တောင်းပန်ဖို့ အထိဖြစ်ခဲ့ပါတယ်။ ခရိုင်အုပ်ချုပ်ရေး တာဝန်ရှိသူတွေ ညှိနှိုင်းပေးခဲ့တဲ့အတွက် ပြဿနာပြေလည်ခဲ့ပေမယ့် ခရီးစဉ်တစ်လျှောက်လုံး အပြန်အလှန် ဖြစ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ 
    မန္တလေးကို ပြန်ဝင်လာတဲ့အခါ လူစုလူဝေး ကြီးမားစွာ ဖြစ်လာတဲ့အတွက် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ကလူစုခွဲဖို့ လော်စပီကာနဲ့ အော်ဟစ်တားမြစ်ရတာတွေ့ရပါတယ်။ အဲဒီတားမြစ်တဲ့ကားကို ဝိုင်းဝန်း တိုက်ခိုက်ကြတဲ့အထိ ဖြစ်ပွားခဲ့တဲ့အတွက် ဖြိုခွဲရတဲ့အထိ ဖြစ်ပွားခဲ့ပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိတဲ့ ထောက်လှမ်းရေးအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံပြီး ခရီးစဉ်ဆက်မသွားဘဲ ရန်ကုန်ပြန်ဖို့ အထက်က တာဝန်ပေးချက်အရ သွားရောက်သတိပေး တားမြစ်ခဲ့ပါတယ်။ လက်မခံဘဲ စစ်ကိုင်းတိုင်း မုံရွာဘက်ကို ဆက်လက်ထွက်ခွာခဲ့တာပဲ ဖြစ်ပါတယ်။ မုံရွာကိုသွားတဲ့နေ့ မုံရွာမှာ လူစုလူဝေး ဖြိုခွဲရတဲ့အထိ ပြဿနာကြီးမားခဲ့ပြီး လူတစ်ဦး သေဆုံးတဲ့အထိ ဖြစ်ခဲ့ရတာ တွေ့ရပါတယ်။ နောက်နေ့မှာတော့ ဒီပဲယင်း ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။ ပြန်ပါလို့ သတိပေးတားမြစ်တာကို ဘာဖြစ်လို့မပြန်ဘဲ ရှေ့ဆက်တိုးရတာလဲဆိုတာ စဉ်းစားစရာပါ။ 
    ဒီဖြစ်စဉ်ဖြစ်ရပ်တွေကို ထည့်သွင်းမစဉ်းစားဘဲ ဒီပဲယင်းပြဿနာကို တပ်မတော်က လုပ်ကြံတာလို့ ပြောလို့မရပါဘူး။ ရိုးရိုးလေးတွေးကြည့်ပါ။ ရှေ့ကလည်း ပိတ်ထားတယ်။ လူအင်အားကလည်း အများကြီး။ တကယ်လုပ်ကြံရိုးမှန်ရင် လွတ်နိုင်ပါ့မလား။ ဒရိုင်ဘာ သိပ်တော်လို့ လွတ်အောင်မောင်းနိုင်တာဆိုပြီး ဇာတ်လမ်း မရိုက်ပါနဲ့။ တကယ်လုပ်ရိုးမှန်ရင် လွတ်နိုင်စရာကိုမရှိပါ။  သိရသလောက် ဧရာဝတီက ပြောသလို ၇၀ ကျော်လည်း မသေပါဘူး။ အလောင်းရ လေးယောက်ပဲဆိုတာ စစ်ဆေး ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ သွားတဲ့ယာဉ်တန်းနဲ့ အရေအတွက်ကတင် လူအင်အား ၇၀ မရှိဘူး။ ၇၀ ကျော်သေတာဆို အပြန်အလှန်ရိုက်လို့ နှစ်ဖက်သေဆုံးမှသာ ဖြစ်နိုင်ပါလိမ့်မယ်။ တကယ်သေဆုံးရင် မိသားစုတွေဆီက အသံမထွက်ဘဲနေပါ့မလား။ စာရင်းကောက်လို့ လွယ်လွယ်လေးရနိုင်တဲ့ကိစ္စပါ။  မူလကားနှစ်စီးအပြင် ပစ်ကပ်အသေး ငါးစီးလောက်ပဲ ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်းမှာ ပါပါတယ်။ 
    ဒီဖြစ်စဉ်က ဒီထက်ပိုကြီးထွားလာမယ့် ပြဿနာကို ဒီလောက်နဲ့ ပြီးဆုံးစေခဲ့တာ တိုင်းပြည်အတွက် အကောင်းဘက်က တွက်ရမှာပါ။ ဖြစ်စဉ် ဖြစ်ပြီးကတည်းက ပုံကြီးချဲ့တာတွေဟာ မဖြစ်သင့်တဲ့ ကိစ္စပါ။ ဇာတ်နာအောင် ချဲ့ကားပြောနေမယ့်အစား နောက်နောင် ဒီလိုဖြစ်ရပ်မျိုး မဖြစ်အောင် သင်ခန်းစာယူဖို့ပဲ လိုပါတယ်။ အနာလုပ်နေသမျှ အနာဂတ်အတွက် ဘယ်လိုမှကောင်း လာစရာမရှိပါ။                             
ဇော်နိုင်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 30

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

62643

© 2022 - 2026 News. All Rights Reserved.