လက်နက်ကိုင်ပဋိပက္ခ၏ ဇာစ်မြစ်နှင့် ပြည်ထောင်စုတည်ဆောက်ရေး

၂၀၂၆ ၊ ဇွန် ၂၀

    ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လည်အသက်ဝင်လာတာ တွေ့ရပါတယ်။ နိုင်ငံတော်ပိုင်းအနေနဲ့ ငြိမ်းချမ်းရေးကတစ်ဆင့် တည်ငြိမ်အေးချမ်းရေးနဲ့ ဖက်ဒရယ်တည်ဆောက်ရေးကို အလေးပေး ဆောင်ရွက်နေတာ တွေ့ရမှာဖြစ်ပါတယ်။ မိမိတို့နိုင်ငံမှာ ဖြစ်နေတာက စည်းလုံးညီညွတ်မှု ပြိုကွဲနေတာပဲ ဖြစ်ပါတယ်။ အဓိက ပြဿနာက ယုံကြည်မှုအားနည်းခြင်းပါ။ အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရေးက ပထမ ဆုံး လိုအပ်ချက် ဖြစ်ပါလိမ့်မယ်။ ယုံကြည်မှု ပျက်ယွင်းရတဲ့ အဓိကပြဿနာက ကိုယ့်လိုဘအပေါ် အခြေခံပြီး အခြေအနေအရ သဘောတူညီချက် ချိုးဖောက်တာပဲ ဖြစ်ပါတယ်။ 
    ငြိမ်းချမ်းရေးဆွေးနွေးပွဲသမိုင်းနဲ့ ငြိမ်းချမ်းရေးပြိုကွဲမှု ဖြစ်စဉ်တွေကို ပြန်ကြည့်ရင် ခိုင်မာစွာ ချမှတ်ထားတဲ့ ရည်မှန်းချက်နဲ့ အဲ့ဒီရည်မှန်းချက်ရဖို့ အတိုးအလျှော့နဲ့ ကစားနေကြတဲ့ သဘာဝကို တွေ့ရမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးတည်မြဲမှုနဲ့ လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်မှုအတွက် လက်နက်ကိုင်အဖွဲ့တွေရဲ့ တစ်ဖွဲ့ချင်းဆီရဲ့ သဘာဝကို နားလည်ဖို့ လိုပါတယ်။ အဖွဲ့လိုက် တစ်ပြေးညီ ဆွေးနွေးလို့ မဖြစ်နိုင်သလို တစ်ပြေးညီ သဘောတူဖို့ကလည်း မဖြစ်နိုင်တဲ့ကိစ္စလို့ မြင်ပါတယ်။ သို့သော် အခုအခါမှာ လက်နက်ကိုင်အဖွဲ့တွေက တစ်ဖွဲ့ချင်းဆွေးနွေးဖို့ထက် အဖွဲ့လိုက် ပူးပေါင်းဆွေးနွေးမှုကို ပိုလိုလားတဲ့ သဘောတွေ့ရတဲ့အတွက် တစ်ဖွဲ့ချင်းဆွေးနွေးမှုတွေအပြင် အဖွဲ့လိုက်ဆွေးနွေးမှုတွေပါ ရှိလာတာ တွေ့ရမှာ ဖြစ်ပါတယ်။ 
    ဘယ်လိုပဲတွေ့တွေ့၊ ဘယ်လိုပဲဆွေးနွေးဆွေးနွေး တိုက်ပွဲတွေကို ရှောင်ပြီး အေးချမ်းနေတာက တိုင်းပြည်အတွက် ပိုကောင်းပါတယ်။ ပြည်သူတွေ အေးချမ်းစွာ နေထိုင်စားသောက်နိုင်မှသာ တိုင်းပြည်ဖွံ့ဖြိုးရေးကို ရှေးရှုနိုင်မှာ ဖြစ်ပါတယ်။ မိမိတို့နိုင်ငံမှာ အခြေခံကောင်း တွေရှိရဲ့သားနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဇောက်ချပြီး မလုပ်နိုင်တာက တည်ငြိမ်အေးချမ်းရေးကို အမြဲတမ်း အန္တရာယ်ပေးနိုင်တဲ့ လက်နက်ကိုင်လမ်းစဉ်အရလို့ဆိုရင် မမှားပါဘူး။ လက်တွေ့အဖြစ် မကြာသေးမီက အခြေအနေတွေကို ပြန်လည်ရှု မြင်ရင် တွေ့ရမှာ ဖြစ်ပါတယ်။  
    ကျောက်ဖြူ အထူးဇုန် တည်ဆောက်ရေး၊ တရုတ်နိုင်ငံရဲ့ BRI Project ၊ ကုလားတန်အထူးစီးပွားရေးဇုန် တည်ဆောက်ရေး ၊ အိန္ဒိယ-မြန်မာ-ထိုင်း လမ်း စီမံကိန်းလုပ်ငန်းတွေဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အများကြီး အထောက်အပံ့ဖြစ်စေတဲ့ လုပ်ငန်းကြီးတွေပါ။ လက်နက်ကိုင် တိုက်ပွဲတွေသာမရှိရင် အခုအချိန်မှာ ရုပ်လုံးပေါ်နေလောက်ပြီ ဖြစ်ပါတယ်။ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး၊ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ရပ်နေတာတွေဟာ လက်နက်ကိုင်တိုက်ပွဲတွေကြောင့်ဆိုတာ ရှင်းပါတယ်။ ပြည်သူတွေ အေးချမ်းစွာ ရှာဖွေမစားသောက်နိုင်ရုံမက အသက်ဘေးအန္တရာယ်ပါ ရင်ဆိုင်နေရတာတွေကိုကြည့်ရင် တိုင်းပြည်အတွက် ဘယ်လောက် နစ်နာနေသလဲဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါဟာ ထင်ရှားတဲ့ တည်ငြိမ်အေးချမ်းရေး  ပျက်စီးရခြင်းရဲ့ ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။ 
    မိမိတို့နိုင်ငံမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် လမ်းစဉ်ရဲ့ မူလအစဟာ လက်နက်နဲ့ အာဏာတည် ဆောက်လိုတဲ့ အခြေအနေက အစပြုခဲ့တာလို့ဆိုရမှာ ဖြစ်ပါတယ်။ ကိုလိုနီခေတ်မှာ လွတ်လပ်ရေးရဖို့ လက်နက်ကိုင် တော်လှန်ရေးလုပ်ရာကနေ စွဲလာတဲ့အကျင့်ကလည်း ဒီလက်နက် ကိုင်လမ်းစဉ်ကို များစွာ အကျိုးပြုပါတယ်။ လွတ်လပ်ရေးရပြီး လက်နက်ကိုင်လမ်းစဉ်မျိုးစေ့ကို ချပေးခဲ့တာက ကွန်မြူနစ်အုပ်စုနဲ့ ကရင်လက် နက်ကိုင်အဖွဲ့ပဲ ဖြစ်ပါတယ်။ သူတို့ လက်နက်ကိုင်ရခြင်းရဲ့ ရည်ရွယ်ချက်က လက်နက်ကိုင် အဖွဲ့တိုးလာခြင်းရဲ့ အထောက်အပံ့ပဲ ဖြစ်ပါတယ်။ 
    ကွန်မြူနစ်က စေ့စပ်ဆွေးနွေးရေးကတစ်ဆင့် နိုင်ငံရေးမှာ ပါဝင်နိုင်မယ့် လမ်းစဉ်ကို စွန့်လွှတ်ပြီး လက်နက်နဲ့ နိုင်ငံတော်အာဏာ ရယူလိုတာ ဖြစ်ပါတယ်။ KNU က KNU မဖြစ်ခင်ကတည်းကပင် သီးခြား နယ်မြေရရှိအုပ်ချုပ်ရေးကို အလိုရှိခဲ့တာပါ။ သီးခြားနယ်မြေဆိုရာမှာ ပြည်ထောင်စုအတွင်းက ပြည်နယ်ထက် အနိမ့်ဆုံး ကွန်ဖက်ဒရေးရှင်းပုံစံမျိုး လိုချင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပိုရရင် အင်္ဂလိပ်ရဲ့ ဓနသဟာယ ထဲမှာ နေချင်တာပါ။ ၁၉၄၉ ခုနှစ်က ရန်ကုန်အစိုးရလို့အမည်ခေါ်ခံရတဲ့အထိ တစ်နိုင်ငံလုံးကို ဒီလက်ဝဲ၊ လက်ယာ နှစ်ဖွဲ့က သိမ်းပိုက် ဒုက္ခပေးခဲ့တာ မမေ့ဖို့လိုပါတယ်။ 
    အကယ်၍ များသာ သူတို့ရည်မှန်းချက်ပြည့် သွားခဲ့ရင် တိုင်းပြည်ပြိုကွဲသွားမလား၊ ဒီ့ထက်ပိုတဲ့ စစ်ပွဲတွေဖြစ်လာမလား၊ ကွန်မြူနစ်နိုင်ငံ ဖြစ်သွားမလားဆိုတာ ဘယ်သူမှ မပြောနိုင်တဲ့ကိစ္စပါ။ အစိုးရ မရှိတော့ဘူး၊ တပ်မတော်လည်း ပြိုကွဲသွားပြီဆိုရင် ကျိန်းသေပေါက်ပြောနိုင်တာက ကွန်မြူနစ်အုပ်စုနဲ့ KNU ထချကြမှာ အသေအချာပါ။ ချက်ချင်း မဖြစ်ရင်တောင် သိပ်ကြာ မှာမဟုတ်ပါ။ ကွန်မြူနစ်ရဲ့ လိုလားချက်နဲ့ KNU ရဲ့ လိုလားချက်အရ နိုင်ငံကို ထက်ခြမ်းခွဲပြီး မင်းက ဒီအပိုင်းနေ၊ ငါက ဒီအပိုင်းနေ ဆိုတာမျိုး ဖြစ်လာစရာကို မရှိပါ။ 
    ဒီလိုအကွဲအပြဲနဲ့ လက်နက်ကိုင်လမ်းစဉ်ကိုစခဲ့ရာက တပ်မတော်ဟာ သူတို့ရဲ့ ဘုံရန်သူ ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဖွဲ့ဟာ သဘာဝခြင်းမတူပေမယ့် ရန်သူတူနေတဲ့အတွက် ပေါင်းမိသွားတာ တွေ့ရမှာ ဖြစ်ပါတယ်။ တဖြည်းဖြည်းချင်း နိုင်ငံ့တပ်မတော် အားကောင်းလာတဲ့အခါမှာ သူတို့ ဘာလုပ်ကြသလဲ။ လက်နက်စွန့်ပြီး နိုင်ငံရေးမှာပါဖို့ ကြိုးစားကြသလား၊ လက်နက်ကိုင်အင်အား တည်ဆောက်ကြသလားဆိုတာ သတိထားကြည့်ရင် အထင်အရှား တွေ့ရမှာဖြစ်ပါတယ်။ 
    ဗကပ က တရုတ်ပြည်နယ်စပ်က တိုင်းရင်း သားတွေကို သူ့အောက် ဆွဲထည့်ပြီး လက်နက်ကိုင် အားကောင်းစေခဲ့တယ်။ ကချင်၊ ရှမ်း၊ 'ဝ'၊ လားဟူ၊ အခါ ၊ ပလောင် အစရှိတဲ့ တိုင်းရင်းသားတွေကို လက်နက်နဲ့ အာဏာပေးပြီး နိုင်ငံတော်နဲ့ တပ်မတော်ကို တိုက်ခိုက်စေခဲ့တယ်။ တပ်မတော်ကို ရန်သူ အဖြစ် ဝါဒဖြန့်ရိုက်သွင်းပေးခဲ့တာက အခုချိန်ထိ ယုံကြည်မှု မရစေတဲ့ အဓိကအချက်ပဲ ဖြစ်ပါတယ်။ နောက်တစ်ချက် ငြိမ်းချမ်းရေးနဲ့ လက်နက်စွန့်လွှတ်ရေးအတွက် အဟန့်အတားက လက်နက်ကိုင်ထား ခြင်းဖြင့် အာဏာနဲ့ ဓနအင်အား တည်ဆောက်နိုင်တဲ့ သဘာဝကို ခုံမင်နေတာပဲ ဖြစ်ပါတယ်။ အရင်က ကွန်မြူနစ်ဘဝမှာ နေထိုင်ခဲ့တဲ့ လက်ဝေခံအာဏာရှင်ဘဝကနေ ကိုယ်တိုင် လက်နက်ကိုင် အာဏာ ရှင်ဘ၀ ရောက်လာတဲ့အခါမှာ လက်နက်နဲ့ နိုင်ငံရေးအာဏာ တည်ဆောက်လိုချင်တဲ့ သဘာဝကို တွေ့ရမှာ ဖြစ်ပါတယ်။ 
    အထူးသဖြင့် 'ဝ' UWSA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ရပ်တည်ချက်နဲ့ လက်တွေ့ဆောင်ရွက်ချက်တွေကို ကြည့်ရင် ထင်ရှားစွာတွေ့ရမှာ ဖြစ်ပါတယ်။ အားလုံးလိုလို လိုချင်ကြတာက တပ်မတော် အစိုးရလက်ထက်မှာရခဲ့တဲ့ လက်နက်ကိုင်ထားပြီး နယ်မြေပါရရှိထားတဲ့ အထူးဒေသ။ 'ဝ' UWSA ကတော့ ပြည်နယ်အဆင့်ထိပါ လိုချင်တာ။ ပေးရင်တောင် လက်နက်စွန့်ပါ့မလားမသိ။ ဒီလို လက်နက်ကိုင်ထားပြီး နယ်မြေနဲ့ အာဏာတည်ဆောက်လိုတဲ့ ဓလေ့ကိုမြေတောင်မြှောက်ပေးခဲ့တာက ဗကပနဲ့ ကွန်မြူနစ်အုပ်စုပဲ ဖြစ်ပါတယ်။ လက်နက်ကိုင်လမ်းစဉ်ကို အစပျိုးပေးခဲ့တဲ့ ဗကပသာ ပြိုကွဲသွားတယ်။ သူမြေတောင်မြှောက်ပေးခဲ့တဲ့ အဖွဲ့တွေကကတော့ ခုချိန်ထိ တိန်တိန်မြည်နေတုန်းပဲ မဟုတ်ပါလား။ 
    KNU က သူ့အပြင် ပထမဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အဖြစ် KIA ကို မွေးပေးခဲ့တာပဲ ဖြစ်ပါတယ်။ ကူးစက်မှုက မွန် ၊ ကယား ၊ ကယန်းနဲ့ ရှမ်း အဖွဲ့တွေပဲ ဖြစ်ပါတယ်။ အစပိုင်းက KIA မှာ တိကျတဲ့ မူဝါဒနဲ့ လက်နက်ကိုင်လမ်းစဉ် ရည်ရွယ်ချက်မရှိပါ။ အင်အားကလည်း ဓားပြသာသာပဲရှိပါတယ်။ အခြေပြုတာကလည်း ကချင်ပြည်နယ်ထဲမှာ မဟုတ်ဘဲ ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်တဲ့အတွက် ကချင်လူထုရဲ့ စိတ်ဝင်စားမှုကလည်း နည်းပါတယ်။ ကချင်က ပြည်နယ်ရထားသလို ကချင်ခေါင်းဆောင် ဒူးဝါးတွေက အစိုးရနဲ့ပေါင်းပြီး ပြည်နယ်အာဏာ ကိုင်ထားနိုင်တဲ့အတွက်ပဲ ဖြစ်ပါတယ်။ 
    ဦးနုရဲ့ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြစ် သတ်မှတ်ဆောင်ရွက်ချက်အရ ကချင်လူငယ်တွေရဲ့ မကျေနပ်ချက်ကစပြီး KIA အင်အားကောင်းလာသလို ကချင်ပြည်နယ်အတွင်းမှာပါ ခြေချလာခဲ့ကြတာပဲဖြစ်ပါတယ်။ တော်လှန်ရေးရဲ့ ရည်ရွယ်ချက်အဖြစ် သီးခြား ဝမ်ပေါင်နိုင်ငံထူထောင်ဖို့ သတ်မှတ်ခဲ့ တာဖြစ်ပါတယ်။ ၁၉၆၃ ခုနှစ် တော်လှန်ရေးကောင်စီနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်ရာမှာ အဆင့်တူနိုင်ငံအဖြစ်သတ်မှတ်ပြီး အပြန်အလှန် မကျူးကျော်ရေး စာချုပ်ချုပ်ဆိုဖို့အထိ တောင်းဆိုခဲ့တဲ့အတွက် ငြိမ်း ချမ်းရေးဆွေးနွေးပွဲ ပျက်သွားခဲ့ရတာပဲ ဖြစ်ပါတယ်။ KIA ရဲ့ လက်နက်ကိုင်လမ်းစဉ် ကြာလာတာနဲ့အမျှ သူကိုယ်တိုင်ကလည်း သူ့လို လက်နက်ကိုင်အဖွဲ့တွေများများ ပေါ်လာဖို့၊ နိုင်ငံရေးအရမကျေနပ်လို့ လက်နက်ကိုင်လမ်းစဉ်နောက်လိုက်သူမှန်သမျှ မြေတောင်မြှောက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ထင်ရှားတဲ့ သာဓကအဖြစ် AA ? TNLA ? ABSDF နဲ့ PDF အဖွဲ့တွေပဲ ဖြစ်ပါတယ်။ 
    ရှမ်းလက်နက်ကိုင်လမ်းစဉ်ကို အစပျိုးပေးခဲ့တာက သာမန်ရှမ်းပြည်သူလူထု မဟုတ်ဘဲ ခေတ်အဆက်ဆက်မှာ အာဏာဆုပ်ကိုင်ထားနိုင်ခဲ့တဲ့ စော်ဘွားအုပ်စုပဲ ဖြစ်ပါတယ်။ အဓိကက စော်ဘွားအာဏာ ကျဆင်းသွားတဲ့အတွက် အာဏာပြန်လည် တည်ဆောက်လိုတာပါ။ လက်နက် ကိုင်ရတဲ့ အကြောင်းပြချက်က ပင်လုံသဘောတူညီချက်ကို ဗမာတွေ မလိုက်နာလို့ဆိုတာပဲ ဖြစ်ပါတယ်။ ရှမ်းမူဆိုတဲ့ ရှစ်ပြည်နယ်မူ တောင်းဆိုချက်ကိုကြည့်ရင် ပင်လုံကို ခုတုံးလုပ် အကြောင်းရှာတာ ထင်ရှားပါတယ်။ ပင်လုံမှာ ရှစ်ပြည်နယ်မူဆိုတာ မရှိပါ။ ကောင်းပြီ ကောင်းရက်နဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတူရေးဆွဲ၊ အတူချီတက်ခဲ့ပြီးမှ စော်ဘွားအာဏာကို ပြန်လည်တမ်းတတဲ့ လုပ်ရပ်က ရှမ်းပြည်နယ်အ တွင်းက ရှမ်းလူမျိုးအပါအဝင် ကျန်တိုင်းရင်း သားပြည်သူတွေအတွက် ဟုတ်နိုင်ပါ့မလား။  
    ဒီအခြေအနေတွေဟာ  မြန်မာနိုင်ငံမှာ လက်နက်ကိုင်လမ်းစဉ် အစပျိုးမှုနဲ့ ကူးစက်မှုအခြေအနေ မှန်တွေပဲ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် လက်နက်ကိုင် တိုက်ခိုက်ခဲ့ကြတာကို အဓိကကာ ကွယ်ပေးခဲ့ရတာက တပ်မတော်ပဲ ဖြစ်ပါတယ်။ အဲဒီအတွက် လက်နက်ကိုင်အဖွဲ့ အားလုံးလိုလိုနဲ့ စစ်ရေးအရ ရင်ဆိုင်ခဲ့ရတာ၊ သူတစ်ပြန် ကိုယ်တစ်ပြန် တိုက်ခဲ့ရတာက တပ်မတော်ဖြစ်တဲ့အတွက် အားလုံးရဲ့ ဘုံရန်သူဖြစ်ရတာ ဆန်းတဲ့ကိစ္စတော့ မဟုတ်ပါ။ ဆန်းတာက နိုင်ငံရေးသမားတွေရဲ့ ပြိုင်ဘက်၊ ရန်ဘက် ဖြစ်ခဲ့ရတဲ့ အခြေအနေပါ။ အဲဒီကတစ်ဆင့် ပြည်သူတွေရဲ့ အမြင်လွဲမှုပါ။ သာမန်အားဖြင့်ကြည့်ရင် နိုင်ငံရေးလမ်းကြောင်း မှန်နေသမျှ တပ်မတော်က နိုင်ငံရေးမှာ ပါဝင်စရာမရှိပါ။ ၁၉၆၂ ခုနှစ် အာဏာမသိမ်းခင်အခြေအနေအထိ တပ်မတော်က အရပ်သားအစိုးရရဲ့ မူဝါဒအတိုင်းသာ လိုက်နာဆောင်ရွက်ခဲ့တာပဲ ဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေရဲ့ အကျင့်ပျက်ခြစားမှုနဲ့ ပြင်းထန်စွာ အာဏာပြိုင်ဆိုင်မှုတွေအရ တပ်မတော်က နိုင်ငံတော်အာဏာကို ရယူခဲ့ရတာပဲ ဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး နိုင်ငံရေး၊ နိုင်ငံ့ အရေးနဲ့ လက်နက်ကိုင်အရေးတွေဟာ သူ့အပေါ်မှာ လုံးလုံး တာဝန်ရှိခဲ့ရတာပဲ ဖြစ်ပါတယ်။ 
    အဲဒီအတွက် နိုင်ငံရေးစနစ်ကို ခေတ်ကာလ အခြေအနေအပေါ်လိုက်ပြီး တည်ဆောက်ခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ခဲ့ရတဲ့ အခြေအနေမှာ လိုချင်တာနဲ့ ပေးလို့မရတဲ့အခြေအနေကို မြင်တတ် ဖို့တော့ လိုပါတယ်။ အနိမ့်ဆုံးအဆင့် သီးခြားခွဲထွက်ပြီး ဝမ်ပေါင် နိုင်ငံထူထောင်မယ့်ကိစ္စ၊ AA ရဲ့ ရက္ခိတလမ်းစဉ်နဲ့ ရခိုင်နိုင်ငံ ထူထောင်မယ့်ကိစ္စတွေကို လက်ခံနိုင်မလားဆိုတာ ပြည်ထောင်စုအမြင်နဲ့ စဉ်းစားကြည့်ဖို့ လိုပါတယ်။ ကြွေးကြော်နေတာက စစ်မှန်တဲ့ ဖက်ဒရယ်၊ လက်တွေ့လုပ်နေကြတာက သီးခြားရပ်တည်ရေး။  ဒီလိုအခြေအနေမှာ တပ်မတော်ကို ပြစ်တင်နေတာထက် တပ်မတော်က ဘာကြောင့် မပေးနိုင်တာလဲ ဆိုတာကို နားလည်ကြဖို့လိုပါတယ်။  
    တပ်မတော်ကို နိုင်ငံရေးကထွက်ဖို့ စဉ်းစားရင် နိုင်ငံရေးမှာ တပ်မတော် ပါဝင်စရာမလိုတဲ့ အခြေအနေဖြစ်ဖို့ အရင်ကြိုးစားရမှာပါ။ နိုင်ငံ ရေးမှာမပါဘဲ တည်ဆဲဥပဒေအရ အစိုးရကိုကူညီခဲ့ရာကနေ နိုင်ငံ ရေးမှာ လုံးလုံးပါဝင်ခဲ့ရတဲ့ အခြေအနေကို မှန်ကန်စွာ ရှုမြင်မှသာ နိုင်ငံရေးမှာ တပ်မတော်ပါဝင်ဖို့ မလိုတဲ့ အခြေအနေကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ဆိုလိုချင်တာက လက်နက်ကိုင်လမ်းစဉ်နဲ့ နိုင်ငံရေးဟာ ဒွန်တွဲ နေတဲ့အတွက် နိုင်ငံရေးသမားတွေအနေနဲ့ ကိုယ့်အာဏာတည်မြဲရေးအတွက် တပ်မတော်ကို ပုံချနေမယ့်အစား ဖြစ်သင့်တဲ့ အခြေအနေတစ်ခုရောက်အောင် တပ်မတော်ရဲ့ အားကိုယူဖို့စဉ်းစားရမှာ ဖြစ်ပါတယ်။ NLD ရဲ့ အဓိကအမှားက တပ်မတော်ရဲ့အားကို အသုံးချရမယ့်အစား တပ်မတော်ကိုရန် သူသဖွယ် ဆက်ဆံ ခဲ့တာပဲဖြစ်ပါတယ်။ အခုလက်ရှိဖြစ်ပွားနေတဲ့ ပြဿနာတွေရဲ့ ဇာစ်မြစ်က အဲ့ဒီအခြေအနေတွေကစတာ လို့ ဆိုရမှာပါ။ ဒါကို သင်ခန်းစာမယူဘဲ ပြဿနာအားလုံး တပ်မတော်အပေါ်ပုံချ၊ စစ်အာဏာရှင်အဖြစ် ပုံသွင်းနေသမျှ ကောင်းလာစရာတစ်ခုမှ ရှိလာမှာ မဟုတ်ပါ။ 
    လက်နက်ကိုင်လမ်းစဉ် စတင်ဖြစ်ပေါ်ခဲ့ရာကနေ လက်ရှိကာလအထိ ပြောင်းလဲလာတဲ့ အခြေအနေတွေကိုကြည့်ရင် လက်နက်ကိုင်လမ်း စဉ် ပပျောက်သွားဖို့ အတော်ကြိုးစားရဦးမှာ ဖြစ်ပါတယ်။ ကြာလာတာနဲ့အမျှ လိုလားချက်တွေ များလာတာ သဘာဝပါ။ ခေတ်ကာလအရ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ နိုင်ငံတကာအရေးနဲ့ နိုင်ငံရေးကို ချိန်ဆတတ်လာတာကလည်း လက်နက်ကိုင်လမ်းစဉ် ပပျောက်ဖို့ အတော်ညှိယူရမယ့် အခြေအနေလို့ဆိုရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုအကျိုးနဲ့ တည်ဆောက်လိုတဲ့ သဘာဝချင်း မတူတဲ့အတွက်  သူ့လိုလားချက်၊ ကိုယ့်လိုလားချက်ကို မချိန်ဆလို့မရတဲ့ အခြေအနေပါ။ လက်နက်ကိုင်လမ်းစဉ် ပပျောက်ဖို့ မဆိုထားနဲ့ ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေးပင် အတော်ကြိုးစား ရဦးမှာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် နိုင်ငံရေးအခင်းအကျင်းကစပြီး အခုချိန်အထိ အခြေအနေကို ပြန်ကြည့် ရင် လက်နက်ကိုင်အဖွဲ့တွေရဲ့ သဘောထားကို ထင်ရှားစွာတွေ့ရမှာ ဖြစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့ တွေအနေနဲ့ လက်ရှိအခြေအနေအရ ဖြစ်နိုင်၊ မဖြစ်နိုင် ပြန်လည်ချိန်ဆကြဖို့ လိုပါတယ်။ မဖြစ်နိုင်တဲ့ အခြေအနေကို ဆုပ်ကိုင်ထားသမျှ ကောင်းလာစရာမရှိပါ။ ခိုင်မာတဲ့ ပြည်ထောင်စုတည်ဆောက်ရေးအ တွက် ကိုယ်ကျိုးအတ္တကို ရှေ့တန်းမတင်ဘဲ ပြည်ထောင်စုတည်တံ့ခိုင်မြဲရေးကို ရှေးရှုစဉ်းစားကြဖို့လိုပါတယ်။ လိုလားချက်ကို တိုက်ယူမယ့်အစား ဖြစ်နိုင်တဲ့ အခြေအနေတစ်ခုရရှိဖို့ ဆွေးနွေးညှိနှိုင်းရေးလမ်း ကို ရွေးချယ်ခြင်းကသာလျှင် အကောင်းဆုံးဆိုတာ ရှုမြင်ရွေးချယ်ကြဖို့လိုပါတယ်။
ဇော်နိုင်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၂ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 33

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63039

© 2022 - 2026 News. All Rights Reserved.