၂၀၂၆ ၊ မေ ၂၅
အာရှလမ်းဆိုသည့် အမည်နှင့် လိုက်အောင် လမ်းမှာ အတော်ကောင်းမွန်သည်။ ယခုလအတွင်း ရောက်ရှိခဲ့သည့် ဘားအံ-ကော့ကရိတ်-မြဝတီလမ်းပိုင်း အခြေအနေဖြစ်သည်။ ခရီးသည်တင်ကား၊ ကိုယ်ပိုင်ကား၊ မိသားစုလိုက် သွားလာနေသောကားများ မပြတ် တွေ့ခဲ့ရသည်။ သို့သော် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေး၏ အဓိက အသက်သွေးကြောဟုဆိုရမည့် ထိုလမ်းမကြီးပေါ်တွင် ကုန်ကားကြီးများ တစ်စီးတလေမျှပင် မတွေ့၍ အံ့သြမိခဲ့သည်။ ကော့ကရိတ်နားတစ်ဝိုက် ရောက်လာချိန်တွင် မဝေးသေးသော အချိန်ကာလက ပဋိပက္ခ၏ အမာရွတ်များက လမ်းဘေးဝဲယာတစ်လျှောက် ထင်ထင်ရှားရှား ပေါ်လာခဲ့သည်။ ကျည်ရာထင်ကျန်နေသည့် အဆောက်အအုံများ၊ ပျက်စီးနေသည့် ဆိုင်ခန်းများ၊ ပိတ်ထားဆဲ စက်သုံးဆီဆိုင်များ တည်ရှိနေမှုများက ထိုလမ်းကြောင်းကြီး သွားလာရေး ပြန်စနိုင်သော်လည်း ကုန်သွယ်ရေးနှင့် တည်ငြိမ်မှုက အပြည့်အ၀ ပြန်မရသေးဟု တိတ်တဆိတ် ပြောပြနေသလို ဖြစ်နေသည်။
တစ်ချိန်က မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ် ရေး၏ အဓိကအသက်သွေးကြော တစ်ခုအဖြစ် ရပ်တည်ခဲ့သည့် ဘားအံ-ကော့ကရိတ်-မြဝတီလမ်းပိုင်း ဖြစ်သည့် အာရှလမ်းမကြီးမှာ ယခုအခါ ပြန်လည် ဖွင့်လှစ်လာပြီဖြစ်သည်။ သို့သော် ကုန်သွယ်ရေးလမ်းကြောင်းအဖြစ် အပြည့်အ၀ အသက်မဝင်နိုင်သေး ဟုဆိုရမည် ဖြစ်သည်။ လမ်းပေါ်တွင် သာမန်သွားလာရေးများ ပြန်လည် စတင်လာသော်လည်း မြဝတီကုန်သွယ်ရေးဇုန်နှင့် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂) တို့ မဖွင့်နိုင်သေးခြင်းကြောင့် ကုန်စည် စီးဆင်းမှုမှာ ရပ်တန့်နေဆဲ အခြေအနေဖြစ်သည်။
တစ်ဖက်တွင်လည်း တရားမဝင် မှောင်ခိုလမ်းကြောင်းများမှတစ်ဆင့် ကုန်ပစ္စည်းများစီးဆင်းနေမှု၊ KNU အပါအဝင် ဆန့်ကျင်ဘက် လက်နက်ကိုင်အဖွဲ့များ၏ ဂိတ်များဖွင့်လှစ်လာမှု၊ အခွန်ကောက်ခံ မှုများအပေါ် စိုးရိမ်မှုများက ဆက်လက်ရှိနေဆဲဖြစ်သည်။ အာရှလမ်း ပြန်ဖွင့်ခြင်းသည် ဒေသတွင်း သွား လာရေးအတွက် အဆင်ပြေမှုများ ဖန်တီးပေးခဲ့သော်လည်း နယ်စပ်ကုန်သွယ်ရေးကို ပြန်လည် အသက် ဝင်စေရေးအတွက် လုံခြုံရေး၊ မြဝတီအမှတ်(၂)တံတား၊ ကုန်သွယ်ရေးဇုန်နှင့် နှစ်နိုင်ငံညှိနှိုင်းမှုများက အဓိကသော့ချက်များအဖြစ် ရှိနေဆဲဖြစ်သည်ဟု နားလည်မိသည်။
ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး ပြန်လည်ဖွင့်လှစ်လာခဲ့သော်လည်း ကုန်သွယ်ရေးလမ်းကြောင်းအဖြစ် အပြည့်အ၀ အသက် မဝင်သေးသည့် အခြေအနေက မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေး၏ လက်ရှိအကျပ်အတည်း စိန်ခေါ်မှုကို ထင်ဟပ်စေနေ သလို ဖြစ်သည်။ လမ်းပေါ်တွင် သာမန် ခရီးသွားယာဉ်များ ပြန်လည်သွားလာနိုင်ပြီ ဖြစ်သော်လည်း ကုန်ကားကြီးများ၊ တရားဝင် အကောက်ခွန် လုပ်ငန်းများ၊ ကုန်သွယ်ရေးဇုန်နှင့် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)တို့မှာ ယခုအချိန်ထိ ပြန်လည် အသက်မဝင်နိုင်သေးသည့် အခြေအနေ ဖြစ် သည်။
မြဝတီ နယ်စပ်ကုန်သွယ်ရေးသည် မြန်မာနိုင်ငံ၏အကြီးဆုံး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများထဲမှ တစ်ခုဖြစ်ခဲ့ပြီး ရန်ကုန်၊ မန္တလေးအထိ ကုန်စည်စီးဆင်းမှုကို ချိတ်ဆက်ပေးသည့် အဓိကအသက် သွေးကြော ကြီးဖြစ်သည်။ သို့သော် ယခုအခါ လမ်းပွင့်လာသော်လည်း ကုန်သွယ်ရေးမပွင့်သေးသည့် အခြေအနေကြောင့် တရားမဝင် လမ်းကြောင်းများ ပိုမိုများပြားလာသည့် အခြေအနေဖြစ်ပေါ်နေပြီး နိုင်ငံ တော်မှ အခွန်ဝင်ငွေ ဆုံးရှုံးမှုများလည်း ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောဆိုနေကြသည်။
"ဒီအာရှလမ်းမှာတော့ ကုန်စည်စီးဆင်းမှုက မရှိသေးဘူးလို့ ပြောရမယ်။ ဘာကြောင့်လဲဆိုတော့ ကုန်ကားတွေ သွားလာတာ မရှိသေးဘူးလေ။ မြဝတီကုန် သွယ်ရေးဇုန်လည်း မဖွင့်သေးဘူး။ မြန်မာ-ထိုင်း ချစ် ကြည်ရေးတံတား အမှတ်(၂)လည်း မဖွင့်သေးဘူး"ဟု ဘားအံဒေသခံ ဖလုံ(စဝေါ်) ဒီမိုကရက်တစ် ပါတီအတွင်းရေးမှူး စောကြည်လင်းက ပြောသည်။
လက်ရှိတွင် ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်း ဖွင့်လှစ်ပေးလိုက်သည့်အတွက် ခရီးသွားများအပါအဝင် သာမန်သွားလာရေးအတွက် များစွာ အဆင်ပြေလာကြသည်။ ယခင်ကဆိုလျှင်တော လမ်း၊ လမ်းကြမ်းများကို မော်တော်ကားများ အဆင်းတစ်ရက်၊ အတက်တစ်ရက် သွားလာ အသုံးပြုခဲ့ကြရသည်။ ယခု အာရှလမ်းမကြီးကို အသုံးပြု၍ အချိန်တိုအတွင်း လိုရာခရီးကို အဆင်ပြေချောမွေ့စွာ သွားလာနိုင်ကြသည်။ သို့သော် 'အာရှလမ်းဖွင့်ခြင်း'နှင့် 'ကုန်သွယ်ရေး ပြန်လည်လည်ပတ်ခြင်း'တို့သည် အပြန်အလှန် အမှီသဟဲ ပြုနေသည့် အခြေအနေမျိုး မဟုတ်ကြောင်း ဒေသခံများက ထောက်ပြကြသည်။ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)သည် နယ်စပ်ကုန်သွယ်ရေးအတွက် အဓိက ရည်ရွယ် တည်ဆောက်ထားခြင်းဖြစ်ပြီး မြဝတီ ကုန်သွယ်ရေးဇုန်နှင့် အမှတ်(၂)တံတား တိုက်ရိုက်ချိတ်ဆက်ထား မှုက နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှု၏ အဓိကတံခါးပေါက်တစ်ခုအဖြစ် ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ သို့သော် ယနေ့အချိန်ထိ အဆိုပါတံတားကို မဖွင့်နိုင်သေးခြင်းက ကုန်သွယ်ရေး ပြန်လည်အသက်ဝင်မှုကို တိုက်ရိုက်သက်ရောက်မှု ရှိနေခြင်းဖြစ်သည်။
"အာရှလမ်းဖွင့်ပေမယ့် အမှတ်(၂) တံတားကြီး မဖွင့်သေးဘူး၊ ကုန်သွယ်ရေးဇုန်လည်း မဖွင့်သေးဘူးဆိုတော့ ကုန်စည်စီးဆင်းမှုက ဘယ်လိုမှ ရှောရှောရှူရှူ မဖြစ်နိုင်ဘူး"ဟု စောကြည်လင်းက ဆက်ပြောသည်။
ပြီးခဲ့သည့် နှစ်နှစ်ခန့်အတွင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် အာရှလမ်းမကြီးပေါ်ရှိ တံတားအချို့နှင့် ကုန်သွယ်ရေးဇုန် အဆောက် အအုံအချို့ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။ မြဝတီနယ်စပ် ကုန်သွယ်ရေး၏ အဓိက အချက်အချာဖြစ်သည့် ကုန်သွယ်ရေးဇုန် နှင့် အမှတ်(၂) ချစ်ကြည်ရေးတံတားတို့ မှာ တိုက်ပွဲများနှင့် လုံခြုံရေးအခြေအနေအရ ပိတ်ထားရသည့်ဖြစ် စဉ်များရှိခဲ့ပြီး ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးသည် ထိုလမ်းမပေါ်တွင် ပြင်းထန်ခဲ့သော တိုက်ပွဲများကြောင့် လမ်းပိုင်းပျက်စီးမှုများ၊ မိုင်းခွဲခံရမှုများ ရှိခဲ့ခြင်းဖြစ်သည်။ ထိုအခြေအ နေများကြောင့် ကုန်စည်စီးဆင်းမှု လပေါင်းများစွာ ရပ်တန့်ခဲ့ရသည်။ တစ်ချိန်က မြဝတီကုန်သွယ် ရေးဇုန်သည် နေ့စဉ်တွဲကားကြီး ရာနှင့်ချီ ဝင်ထွက်သွား လာခဲ့ပြီး နယ်စပ်ကုန်သွယ်ရေး အထွတ်အထိပ် အချိန်များတွင် ကားတန်းများ အရှည်ကြီး ဖြစ်ပေါ်ခဲ့ ကြောင်း ဒေသခံများက ပြန်လည်မှတ်မိနေကြသည်။ ယခုအခါ ထိုမြင်ကွင်းများ ပျောက်ကွယ်သွားပြီး ကုန်သွယ်ရေးဇုန်မှာ 'ခြောက်ကပ်နေသည့်'အခြေအနေမျိုး ဖြစ်နေသည်ဟု ဒေသခံများက ဆိုကြသည်။
နိုင်ငံတော်အစိုးရက ကရင်ပြည်နယ်နှင့် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပ သည့် အပြောင်းအလဲတစ်ခုအဖြစ် ၂၀၂၆ ခုနှစ် ဧပြီလတွင် ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး ပြန်လည်ဖွင့်လှစ်ခဲ့သည်။ တစ်ပြိုင်နက်တည်း ပျက်စီးခဲ့သည့် မြဝတီ ကုန်သွယ်ရေးဇုန်ကိုလည်း ပြန်လည် ပြင်ဆင်နေကြောင်း ဒေသခံတစ်ဦးက ဆက်ပြောသည်။
"ကုန်သွယ်ရေး ဇုန်ကြီးကလည်း တော်တော်ပျက်စီးသွားတာ။ အဲဒါတွေလည်း ပြန်ပြင်၊ ပြန်လုပ်ရမှာ။ ဒီဇုန်ကြီးဖွင့်ရင် ထိုင်းကကားတွေ ဝင်လာသလို ကျွန်တော်တို့နိုင်ငံက ကားတွေလည်း ဟိုဘက်ကို ကူးလို့ရပြီ။ကုန်တွေတင်လာပြီး တိုက်ရိုက်မောင်းလို့ ရသွားပြီ}}ဟု ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP)အမျိုးသား လွှတ်တော်ကိုယ်စားလှယ် စောမြတ်ထွဋ်ဝင်းက ပြောသည်။
ဒေသတွင်းတွင် ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်ရေးနှင့်ပတ်သက်၍ မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ညှိနှိုင်းဆွေးနွေးမှုများ ရှိနေကြောင်း ဒေသခံများက သိရှိထားကြသော်လည်း လုံခြုံရေး၊ တာဝန်ယူမှု၊ လက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားမှုများက အဓိကစိုးရိမ်စရာ ဖြစ်နေဆဲဖြစ်ကြောင်း ဒေသခံများက သုံးသပ်ကြသည်။
"ကုန်သွယ်ရေးလမ်းကြောင်းဖွင့်ဖို့ နှစ်နှိင်ငံ ကတော့ ညှိနေတယ်။ ဒါပေမဲ့ အဓိကက KNU ပေါ့။ KNU က အဲဒါကို တာဝန်မခံဘူး။ တာဝန်မယူဘူး။ သွားရဲရင် သွားကြည့်တွေ၊ ဘာတွေ ဖြစ်နေတာကိုး။ အဲဒါကို သေချာအောင် လုပ်နေတဲ့ သဘောရှိတယ်။ လုံခြုံရေးကို အပြည့်အ၀ ဆောင်ရွက်နေတယ်လို့ သိရတယ်။ ကုန်သွယ်ရေးဖွင့်လာရင် ဂိတ်တွေအများကြီး ပေါ်မလာဖို့ အတွက်လည်း ပြင်ဆင်နေတာတွေ ရှိတယ်။ နယ်မြေ တည်ငြိမ်အေးချမ်းရင်၊ ဒီလမ်းမကြီးကို အနှောင့်အယှက်မပေးရင် ကုန်သွယ်ရေးက အဆင်ပြေ လာမှာပါ။ ကုန်သွယ်ရေး တရားဝင်ဖွင့်မယ်၊ ဒီလမ်းမကြီးကိုသွားခွင့် ပြုတဲ့ကားတွေကိုလည်း ဘယ်လက်နက်ကိုင်မှ မနှောင့်ယှက်ဘူးဆိုရင် စည်ကားသိုက်မြိုက်လာမှာပေါ့"ဟု စောမြတ်ထွဋ်ဝင်းက ဆက်ပြောသည်။
အထူးသဖြင့် အာရှလမ်းမကြီးပေါ်တွင် ကုန်ကားများ စတင်၍သွားလာပါက အခြားလက်နက်ကိုင် အဖွဲ့များက လမ်းမပေါ်တွင် ဂိတ်ဖွင့်ပြီး အခွန်ကောက် ခံလာနိုင်သည့် စိုးရိမ်မှုများ ရှိနေသည်။ ထိုသို့ဖြစ်လာပါက တရားဝင်ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့် လှစ်ရေးအတွက် အဓိကအဟန့်အတား ဖြစ်လာနိုင်ကြောင်း ဒေသခံများက သုံးသပ်ကြသည်။
လက်ရှိတွင် လုံခြုံရေးအတွက် အစိုးရဘက်က ပြင်ဆင်ဆောင်ရွက်နေပြီး ကုန်ကားများ သွားလာပါက ဟန့်တားနှောင့်ယှက်မှုများ မဖြစ်စေရေး စီမံနေကြောင်းလည်း ဒေသခံများက ဆိုသည်။ သို့သော် နယ်စပ်တစ်လျှောက်တွင် လက်နက်ကိုင်အဖွဲ့များ များပြားစွာရှိနေခြင်းကြောင့် ထိုင်းဘက်၏ ပူးပေါင်းပါဝင်မှုနှင့် အာမခံချက်များလည်း အရေးကြီးနေကြောင်း ပြောဆိုကြသည်။
တစ်ဖက်တွင် တရားဝင်ကုန်သွယ်ရေးလမ်း ကြောင်း မဖွင့်နိုင်သေးသော်လည်း တရားမဝင် ကုန်စည်စီးဆင်းမှုများမှာ ဆက်လက်ရှိနေဆဲ အခြေအနေ ဖြစ်သည်။ ထိုင်းနိုင်ငံမှ ကုန်ပစ္စည်းများကို မြဝတီ-ဘားအံ-သထုံ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် သယ်ယူနေကြပြီး X-Ray ဂိတ်များ၊ စစ်ဆေးရေးဂိတ်များကို ရှောင်ကွင်းသည့် လမ်းကြောင်းများလည်း ရှိနေကြောင်း ဒေသခံများက ဆိုသည်။ တချို့နေရာများတွင် ဒိုက်ဦးအထိ ရောက်သည့် တရားမဝင်ကုန်သွယ်ရေး ရေလမ်းကြောင်း ရှိနေသည်ဟု ဆိုကြသည်။
သံလွင်မြစ်၊ စစ်တောင်းမြစ်တစ်လျှောက် ရှောင်ကွင်းလမ်းများကို အသုံးပြု၍ ကုန်ပစ္စည်းများ ရွှေ့ ပြောင်းနေကြောင်း၊ အချို့နေရာများတွင် လက်နက်ကိုင်အချို့၏ လမ်းကြောင်းများမှတစ်ဆင့် ကုန်စည်များ ဖြတ်သန်းနေကြောင်းလည်း ဒေသခံများက ပြောသည်။ ထိုသို့ တရားမဝင် လမ်းကြောင်းများ များပြားလာခြင်းကြောင့် နိုင်ငံတော်အခွန်ဝင်ငွေ ဆုံးရှုံးမှုများ ဖြစ်ပေါ်နေပြီး လက်နက်ကိုင်အဖွဲ့များ၏ ဝင်ငွေအရင်းအမြစ် ဖြစ်လာနိုင်ကြောင်း စိုးရိမ်မှုများလည်း ရှိနေသည်။
"ဒီလမ်းကြောင်းပေါ်ကို ကုန်ကားတွေလာရင် လက်နက်ကိုင်အဖွဲ့အစည်းတွေ တက်လာမယ်။ အခွန်အကောက်တွေ ဖြစ်လာရင် ဒီအခွန်တွေက နိုင်ငံတော် အစိုးရ မရဘူးလေ။ ဒီလို ကောက်မယ်ဆိုရင် ဒါတွေက လက်နက်ကိုင်အဖွဲ့တွေ ကြီးထွားဖို့ပဲ ဖြစ်နေတာ။ ဒါကြောင့်လည်း ထိုင်းဘက်က တရားမဝင် ကုန်တွေကို ဖမ်းတာဖြစ်မယ်။ ဒါပေမဲ့ ဒီလမ်းကြောင်းကြီး မဖွင့်လည်း သွားနေကြတယ်။ မဖွင့်လည်း ကုန်ပစ္စည်းတွေ အကုန် သွားနေတယ်။ လမ်းတွေက အများကြီး။ ဒီကုန်တွေက တခြားလမ်းတွေကနေ သွားနေတယ်။ အဲဒီလမ်းတွေမှာက BGF က ဖွင့်ထားတဲ့လမ်းတွေ ရှိတယ်။ DKBA တို့၊ PC တို့က ဖွင့်ထားတဲ့လမ်းတွေရှိတယ်။ အဲဒီကုန်အခွန်တွေက အစိုးရဆီမဝင်ဘူးလေ။ သံလွင်မြစ်ဆိုရင် လည်း အောက်က ဖြတ်တာပဲ။ စစ်တောင်းမြစ်ကိုလည်း ဟိုဘက်က ဖြတ်တာပဲ။ X-Ray ဂိတ်တွေ အကုန်ရှောင်တာပဲ"ဟု ဒေသခံတစ်ဦးက ပြောသည်။
မြဝတီမြို့တွင်းမှာတော့ တစ်ချိန်ကလို ကုန်ကားကြီးတွေ တန်းစီဝင်ထွက်နေတဲ့ မြင်ကွင်းတွေ ပျောက်ကွယ်နေဆဲဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။ ယခင်ကဆိုလျှင် တွဲကားကြီးများ ဝင်ထွက်သွားလာခဲ့သည့် လမ်းကြောင်းများမှာ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ရပ်တန့်သွားခဲ့ရပြီး ယနေ့အချိန်ထိ ကုန်သွယ်ရေးလမ်းကြောင်းအဖြစ် ပြန်လည်အသက်ဝင်နိုင်ခြင်းမရှိဟု ပြောသည်။ မြဝတီမြို့တွင် စိမ်းလဲ့မြိုင်ကားကွင်းကဲ့သို့ အဝေးပြေးကွင်းတစ်ခုတွင် ခရီးသည်တင်ကားများ ပြန်လည်ဝင်ထွက်နေပြီဖြစ်သော်လည်း ကုန်ကားကြီးများ မတွေ့ရသေးဘူးဟုဆိုသည်။ အဓိကအကြောင်းရင်းမှာ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂)နဲ့ မြဝတီကုန်သွယ်ရေးဇုန်တို့ ပြန်မဖွင့်နိုင်သေးခြင်း ကြောင့်ဖြစ် သည် မြဝတီမြို့ခံများက သုံးသပ်ကြသည်။ 'ဒီကုန်ကားတွေကလည်း အမှတ်(၂) တံတားဖွင့်မှ လာမှာ။ အမှတ်(၂)က လာပြီးတော့ ကုန်သွယ်ရေးဇုန်ထဲ ဝင်ရတယ်။ ကုန်သွယ်ရေးဇုန်ကလည်း မဖွင့်သေးဘူး'ဟု မြို့ခံတစ်ဦးက မှတ်ချက်ပြုသည်။
တစ်ဖက်တွင် တရားဝင်ကုန်သွယ်ရေးလမ်းကြောင်းများ ရပ်တန့်နေသော်လည်း တရားမဝင် ကုန်စည်စီးဆင်းမှုများကတော့ ဆက်လက်ရှိနေဆဲ ဖြစ်သည်ဟု မြဝတီမြို့ခံများက ပြောကြသည်။ အထူးသဖြင့် သောင်ရင်းမြစ်တစ်လျှောက်ရှိ '၁၃ ဂိတ်၊ ၁၄ ဂိတ်၊ ၁၈ ဂိတ်'ဟု ဒေသခံများခေါ်ကြသည့် လမ်းကြောင်းများမှတစ်ဆင့် ထိုင်းကုန်ပစ္စည်းများ ဝင်ရောက်နေခြင်း ဖြစ်သည်။ ယင်းလမ်းကြောင်းများမှာ မဲဆောက်ဘက်နှင့် ချိတ်ဆက်ထားပြီး ရေနည်းချိန်များတွင် လူဖြင့်ထမ်း၍ ဖြစ်စေ၊ လှေငယ်များဖြင့်ဖြစ်စေ ကုန်ပစ္စည်းများ သယ်ယူနေကြကြောင်း ဆိုသည်။ 'ဟိုဘက်ကမ်းကနေ ဒီဘက်ကမ်းကို လှေနဲ့သယ်၊ ဒီဘက်ကမ်းရောက်တော့ ကမ်းပေါ်ကနေ ကဲ့ထုတ်ပေါ့။ အဲဒါတွေက သူ့လမ်းကြောင်း နဲ့သူရှိတယ်"ဟု မြို့ခံတစ်ဦးက ပြောသည်။
ထို့ပြင် အဆိုပါလမ်းကြောင်းများတစ်လျှောက်တွင် ဂိုထောင်များ၊ ကုန်သိုလှောင်ရာနေရာများလည်း ရှိနေပြီး ဘားအံအပါအဝင် အခြားမြို့များအထိ ဆက်လက်ပို့ဆောင်နိုင်သည့် ချိတ်ဆက်လမ်း ကြောင်းများ ရှိနေကြောင်းလည်း မြို့ခံတစ်ဦးက ဆက်ပြောသည်။
ဒေသခံများ၏ အဆိုအရ အဆိုပါ တရားမဝင် လမ်းကြောင်းများမှာ အဖွဲ့အစည်းတချို့၏ နားလည်မှုများနှင့် ချိတ်ဆက် လှုပ်ရှားနေကြပြီး တရားဝင်ကုန် သွယ်ရေး မဖွင့်နိုင်သေးသည့် ကြားကာလတွင် မှောင်ခိုကုန်စည်စီးဆင်းမှုများ ဆက်လက် အသက်ဝင်နေသည့် အခြေအနေကို ထင်ဟပ်ပြနေခြင်း ဖြစ်သည်။
လက်ရှိအခြေအနေများကို ကြည့်မည်ဆိုပါက ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးမှာ 'လမ်းဖွင့်ထားသော်လည်း ကုန်သွယ်ရေး မဖွင့်နိုင်သေးသည့် လမ်းကြောင်း'အဖြစ်သာ တည်ရှိနေဆဲဖြစ်ပြီး တရားဝင်ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ထားချိန်တွင် တရားမဝင်လမ်းကြောင်းများ ကြီးထွားနေသည့် အခြေအနေဖြစ်နေသည်။ နိုင်ငံတော်အခွန်ဝင်ငွေ ဆုံးရှုံးမှုများ ကြုံနေရပြီး လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများနှင့် လက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားမှုများကလည်း ဆက်လက်ရှိနေ ဆဲဖြစ်သည်။
ဒေသခံများကမူ နိုင်ငံတော်အတွက် အဓိကဝင်ငွေရင်းမြစ်တစ်ခုဖြစ်သလို ဒေသတွင်း စီးပွားရေး အသက်သွေးကြောကြီးလည်းဖြစ်သည့် နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းကြီးကို ပြန်လည်ဖွင့် လှစ်နိုင်ရန် လိုလားနေကြသည်။
သို့သော် အာရှလမ်းမကြီး ပြန်ဖွင့်ခြင်းတစ်ခုတည်းဖြင့် ကုန်သွယ်ရေး ပြန်လည်အသက်ဝင်လာမည် မဟုတ်ဘဲ မြဝတီကုန်သွယ်ရေးဇုန် ပြန်လည်လည်ပတ် နိုင်ရေး၊ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂) ပြန်လည်ဖွင့်လှစ်ရေး၊ လုံခြုံရေးအာမခံချက်များနှင့် တရားမဝင်လမ်းကြောင်းများ ထိန်းချုပ်နိုင်ရေးတို့ကသာ အဓိကကျသည့် စိန်ခေါ်မှုများအဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်နေသည်။
ညီသစ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )