အကျိုးမရှိတဲ့ လုပ်ရပ် ရပ်တန်းကရပ်

၂၀၂၆ ၊ ဇူလိုင် ၁၈

    နိုင်ငံတစ်နိုင်ငံအတွက် စနစ်က အရေးကြီးပါတယ်။ စနစ်မကောင်းရင်၊ နိုင်ငံရဲ့ အခြေအနေနဲ့ မကိုက်ညီရင် လူ့အရင်းအမြစ် ဘယ်လောက် ကောင်းကောင်း အဲဒီနိုင်ငံဟာ ထင်သလောက် ဖြစ်လာစရာမရှိပါ။ ဒီသဘောတရားဟာ တချို့နိုင်ငံတွေမှာ မှန်ချင်မှမှန်မှာ ဖြစ်ပေမယ့် များသောအားဖြင့် နိုင်ငံတွေကတော့ စနစ်အပေါ်မှာ အခြေခံကြတာ တွေ့ရမှာ ဖြစ်ပါတယ်။  နိုင်ငံရဲ့ရေမြေတောတောင်သဘာဝ၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ လူမျိုးသဘာဝကို အခြေခံပြီး ကိုက်ညီတဲ့ စနစ်ရှိဖို့ လိုပါတယ်။ 
    စနစ်ဆိုတာ သဘာဝအားဖြင့် ကိုးကွယ်ရာ ဘာသာရဲ့ အဆုံးအမ၊ လူမျိုးရဲ့ ရိုးရာဓလေ့၊ ယဉ်ကျေးမှုအစဉ်အလာတွေအရ ကျင့်သုံးတာလည်း စနစ်ပါ။ သို့သော် လူနဲ့ လူ့ပတ်ဝန်းကျင် ဖြစ်တည်လာတဲ့အခါမှာ မတူတာတွေ စုနေတတ်တဲ့ သဘာဝအရ စနစ်ဆိုတာ ရှိစမြဲပါ။ ဆန်းတဲ့ကိစ္စတော့ မဟုတ်ပါ။ ဆန်းတာက စနစ်ကို ကိုယ်နဲ့ ကိုက်ညီ၊ မကိုက်ညီ မချိန်ဆဘဲ စိတ်ကူးယဉ် ထင်ရာစိုင်းတာ၊ ဖြစ်သင့်တာထက် ဖြစ်ချင်တာကို ဦးစားပေးနေကြတာပဲ ဖြစ်ပါတယ်။ အခုလည်း တိုင်းပြည်ကို လူတစ်စုရဲ့ စိတ်ကူးယဉ်ဆန်တဲ့ စနစ်တည်ဆောက်မှုအောက်မှာ ထားဖို့ ကြိုးစားနေကြတာ တွေ့လာရတယ်။ အကျိုးရှိမယ်၊ မရှိဘူးဆိုတာ ကျင့်သုံးမှ သိရမှာ ဖြစ်ပေမယ့် ကျင့်သုံးတဲ့အခါမှာ အဆင်မပြေရင်၊  ပြန်ပြင်လို့ မရတော့တဲ့ အခြေအနေထိ ရောက်သွားရင် ဘာလုပ်ကြမလဲ၊ ဘယ်လို ကုစားကြမလဲဆိုတာ စဉ်းစားကြဖို့လိုပါတယ်။ 
    ဇူလိုင် ၅ ရက်မှာ  NUG နဲ့ NUCC တို့ပူးပေါင်းရေးဆွဲထားတဲ့ ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံများဆိုင်ရာ အခြေခံဥပဒေ (AFTA Zero Draft) ရေးဆွဲ ပြီးစီးကြောင်း သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တာ တွေ့ရပါတယ်။ သာမန်အားဖြင့်ကြည့်ရင် ကောင်းသလိုလိုနဲ့ မေးစရာတွေ အများကြီးရှိတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဘာကြောင့်ရေးဆွဲပြီး ဘာဖြစ်ချင်တာလဲဆိုတာ ဂဃနဏ မသိရတာကလည်း ပြဿနာတစ်ခုပါ။ ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်ထောင်စုအတွက် ရည်ရွယ်ဆောင်ရွက်တဲ့ လုပ်ရပ်အနေနဲ့ မှန်ကန်စွာ ဆောင်ရွက်ထားတယ်၊ ဖြစ်သင့်ဖြစ် ထိုက်တာတွေ ရေးဆွဲထားတယ်ဆိုရင် Draft မူကြမ်းချပြ ဖို့ သင့်ပါတယ်။ ဘာရေးထားတယ်ဆိုတဲ့ အခန်းလိုက်ခေါင်းစဉ် ပြောပြရုံလောက်နဲ့ အကျိုးရှိ၊ မရှိ ချိန်ဆ လို့ မဖြစ်နိုင်ပါဘူး။ 
    တချို့ကိစ္စတွေဟာ မတိုင်ခင် မချပြသင့်တဲ့ သဘာဝရှိပေမယ့် ဒီကိစ္စဟာ ကောင်းရင်အများလက် ခံမယ့်ကိစ္စ ဖြစ်တဲ့အတွက် ချပြသင့်တယ် မဟုတ်ပါလား။  ချမပြနိုင်တဲ့ အကြောင်းတရားက ဘာကြောင့်လဲ။ တော်လှန်ရေးမှာ လက်တွေ့ပါဝင်နေကြတဲ့ အဖွဲ့တွေထဲမှာ ကိုယ့်အဖွဲ့အစည်းအတွက် ကိုယ်လိုရာဆွဲရေးထားတဲ့ လက်ဝါးကြီး အုပ်နိုင်မယ့် အချက်အလက်တွေ ဖြစ်ဖို့များပါလိမ့်မယ်။ NUG ဆိုတဲ့အမည် အောက်က အစိုးရဆိုတဲ့ အသုံးအနှုန်း၊ NUCC ဆိုတဲ့ အဖွဲ့အစည်းရဲ့ ပြည်ထောင်စုဆိုတဲ့ အသုံးအနှုန်းတွေကိုကြည့်ရင်ပင် ဖက်ဒရယ်ပြည်ထောင်စုအတွက် လက်ဝါးကြီးအုပ်ထားတာ တွေ့ရမှာ ဖြစ်ပါတယ်။ 
    ဒီသဘာဝအရ သူတို့ပြောတဲ့ ကြားကာလ ကျင့်သုံးမယ့် AFTA Draft မှာ ဘယ်သူ ဦးဆောင်ဖွဲ့စည်း မယ်ဆိုတာ သွားကြည့်နေစရာတောင် လိုမယ်မထင်ဘူး။ ၁၉၈၈ ခုနှစ် အရေးအခင်းအပြီး ABSDF ဖွဲ့စည်းပြီးနောက် ၁၉၉၂ ခုနှစ်ဝန်းကျင် KNU နယ်မြေ မာနယ်ပလောမှာ DAB(Democratic Alliance of Burma) ဖွဲ့ သလိုဖြစ် နေမှာ သေချာတယ်။ ဦးဆောင်ဖွဲ့စည်းတာက KNU ဥက္ကဋ္ဌ စောဘိုမြ၊ ပါဝင်တဲ့အဖွဲ့တွေက KNU / ABSDF / NDF အဖွဲ့ဝင်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဝင်တွေနဲ့ KIA? CNF အပါအဝင် တိုင်းရင်း သားလက်နက်ကိုင် အဖွဲတချို့ပါပါတယ်။ ဗကပက လွင့်ထွက်လာတဲ့ အဖွဲ့တွေတော့ မပါပါ။ အဲဒီတော့ DAB ကို ဘယ်သူ ဦးဆောင်မှာလဲဆိုတာ KNU ဥက္ကဋ္ဌကြီးကလွဲလို့ ဘယ်သူဆိုတာ မေးစရာလိုပါ့မလား။ အဲဒီလိုပဲ ကြားကာလ AFTA အရ ဦးဆောင်မယ့် အဖွဲ့အစည်းက ဘယ်အဖွဲ့ဖြစ်မလဲ၊ ဘယ်သူဦးဆောင် မလဲ ရှင်းပါတယ်။ မင်းသားကြီး လုပ်ချင်လို့ ပတ်မကြီး ဖန်တီးတာပဲ ဖြစ်ပါလိမ့်မယ်။ 
    အခုချိန်ထိ ရှင်းရှင်းလင်းလင်း နားမလည်နိုင်သေးတာက NUG ၊ NUCC နဲ့ CRPH တို့သွားလိုတဲ့ ဖက်ဒရယ်စနစ်ပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ AFTA Zero Dreft ရေးဆွဲပြီးပြီဆိုပေမယ့် သွားမယ့်ဖက် ဒရယ်ပုံစံက ရှင်းရှင်းလင်းလင်း မပြောနဲ့ ရိုးခနဲ ရိပ်ခနဲတောင် မတွေ့ရဘူး။ ဖက်ဒရယ် ဒီမိုကရေစီစနစ်ဆိုတာသာ ကြီးကြီးကျယ်ကျယ် ပြောနေကြတာ။ လက်တွေ့မှာ အထင်အရှား မရှိဘူး။ သူတို့ပြောတဲ့အထဲ မှာ Bottom up သွားမယ်လို့ ဆိုထားတာ တွေ့ရတယ်။ ဘယ်လောက်ထိ ပြည်နယ်တွေကို အာဏာပေးမှာလဲ၊ ပြည်ထောင်စုကို ဘယ်လို ဖွဲ့စည်းမှာလဲ၊ ရှမ်းမူဆိုတဲ့ ရှစ်ပြည်နယ်မူ လား၊ လူမျိုးတိုင်း ပြည်နယ်ပေးမှာလား၊ လူမျိုးစုများတဲ့ ရှမ်းပြည်ကို ဘယ်လိုဖွဲ့စည်းမှာလဲ။ 
    Bottom up ကိုသွားမယ်ဆိုတာဟာ အမြင်တိုင်းပြောရရင် ဒီအချိန်မှာ သူတို့နောက်ကို လိုက်စေချင် လို့ စည်းရုံးရေးသက်သက် လုပ်တာပဲလို့ ဆိုရလိမ့်မယ်။ Bottom up ဆိုတဲ့အသုံးကို သုံးလိုက်ကတည်းက ကြိုက်ချင်စိတ်က တစ်ဝက်လောက်ဖြစ်နေပြီ မဟုတ်ပါလား။ ဒါပေမဲ့ တကယ် အလုပ်ဖြစ်ပါ့မလား။ တကယ့်ဖက်ဒရယ် အစစ်ဆိုတာ ဘာလဲ။  ဖက်ဒရယ်ရဲ့ သဘောသဘာဝက  Bottom up တို့၊ Top down တို့က အရေးကြီးတာလား၊   ဖွဲ့စည်းမှုနဲ့ အာဏာခွဲဝေမှုက အရေးကြီးတာလားဆိုတာ လူတိုင်း နားလည်တယ်။ အခုချိန်ထိ ဒီအဖွဲ့တွေအနေနဲ့ ဖက်ဒရယ်ကို ဘယ်လိုဖွဲ့စည်းမလဲဆိုတာ မရှင်းသေးတဲ့အတွက် ရင်လေးစရာပါ။ ရင်လေးတယ်သာ ပြောတာပါရောက်လာစရာတော့ မရှိပါဘူး။ 
    သူတို့ ရေးဆွဲဖွဲ့စည်းမယ့် ဖက်ဒရယ်အခြေခံ ဥပဒေဆိုတာလည်း တကယ်တမ်းကျ ဝေလာဝေးပါ။ အခု ရေးဆွဲပြီးစီးပြီဆိုတဲ့ AFTA လည်း အကောင်အထည်ဖော်ဖို့ အဝေးကြီးပါ။ Zero Draft လို့သာဆိုတယ် အတည်လည်း မပြုနိုင်သေး၊ ထောက်ခံတဲ့ အဖွဲ့အစည်းက လည်းမရှိ၊ ညှိစရာတွေကလည်းကျန်နဲ့ ဟုတ်တော့ဟုတ်နေပြီ။ သူတို့ရှင်းတဲ့ သတင်းစာရှင်းလင်းပွဲမှာတောင် လုပ်စရာတွေ၊ ညှိနှိုင်းစရာတွေ အများကြီး ကျန်သေးတယ်ဆိုတာ အတိအလင်း ပြောသွားတာ ကြည့်ရင် ထမင်းဆီဆမ်း ရွှေလင်ပန်းရဖို့ မျှော်ခိုင်းသလို ဖြစ်နေတာ မဟုတ်လား။ 
    စနစ်တစ်ခု အကောင်အထည်ပေါ်ဖို့ အကောင်အထည်ဖော်ရမယ့်အချိန် အများကြီးလိုတာ နားလည်ကြပါတယ်။ ဒါပေမဲ့ အကောင် အထည်ဖော်ဖို့ ချမှတ်ထားတဲ့လမ်းစဉ်၊ ဆောင်ရွက်မယ့် အစီအစဉ်တွေဟာ အရေးကြီးပါတယ်။ စနစ်တစ်ခု ရေးဆွဲဖို့ဆိုတာ ထောင့်ပေါင်းစုံ စဉ်းစားရပါတယ်။ ဖြစ်သင့် မဖြစ်သင့်၊ ဖြစ်နိုင် မဖြစ်နိုင် ချိန်ဆဖို့လိုသလို ဖြစ်နိုင်ရင်တောင် ဘယ်လို အကောင်အထည်ဖော်မလဲ။ လူများပြီးပွဲမစည် မဖြစ်ဖို့လိုသလို နည်းနည်းနဲ့ကျဲကျဲ ဝိုင်းလို့လည်း မရပါဘူး။ ဒါတွေဟာ ရှေ့မှာရေးဆွဲခဲ့တဲ့ ပြည်တွင်းက ဥပဒေတွေ၊ ပြည်ပနိုင်ငံအသီး သီးက ဥပဒေတွေမှာ သင်ခန်းစာပြပြီးသား ဖြစ်ပါတယ်။ ကိုယ့်ထင်ကြေးနဲ့ ဖြတ်ညှပ်ကပ်နေလို့ အလုပ်မဖြစ်ပါဘူး။ 
    ၁၉၄၇ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုရင် ပြည်သူ့ကိုယ်စားလှယ်တွေ၊ ပင်လုံညီလာခံအပါအဝင် လူမျိုးစုခေါင်းဆောင်တွေ၊ နိုင်ငံ ရေးသြဇာတိက္ကမ ရှိသူတွေနဲ့ ဥပဒေပညာရှင်တွေ ပေါင်းစပ်ညှိ နှိုင်းပြီးရေးဆွဲခဲ့တာပါ။ ပင်လုံညီလာခံရဲ့ အနှစ်သာရလည်း မပျက်အောင်၊ ပြည်ထောင်စုလည်း အလွယ်တကူမပျက်စီးဘဲ တည်တံ့အောင် ချိန်ဆပြီးရေးဆွဲခဲ့တာပဲ ဖြစ်ပါတယ်။ အားလုံး သဘောတူတာ မဟုတ်ရင်တောင် အများသဘောတူခဲ့ကြလို့သာ အတည်ပြုပြီး လွတ်လပ်ရေးရခဲ့တာ မဟုတ်ပါလား။ သေချာပြန်ကြည့်ရင် အာဏာခွဲဝေမှု၊ အာဏာလျော့ကျမှု၊ နယ်မြေပိုင်းခြား သတ်မှတ် မှုတွေအပေါ် လူနည်းစု သဘောမကျတဲ့အတွက် စလယ်ဝင် ဖင်မမည်းခင်ကတည်းကပင် ပျက်ချင်ချင် ဖြစ်နေခဲ့တာ မဟုတ်ပါလား။ 
    ၁၉၇၄ ခုနှစ်အခြေခံဥပဒေဆိုရင်လည်း ပြည်သူလူထု သဘောထားနဲ့ အကြံပေးချက်ပေါင်းများစွာ လက်ခံပြီးမှ ပထမမူကြမ်း၊ ဒုတိယမူကြမ်း အကြိမ်ကြိမ် ရေးဆွဲ၊ ပြည်သူကိုချပြ အကြံဉာဏ်ထပ်ယူ၊ ပြီးမှ မူကြမ်းကို ပြည်သူ့ဆန္ဒ ခံယူ အတည်ပြုခဲ့တာပဲ ဖြစ်ပါတယ်။ ပင်လုံညီလာခံမှာလည်း မပါ၊ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရလည်း နယ်မြေ မရခဲ့တဲ့ တိုင်း ရင်းသားတွေအရေး စဉ်းစားပေး ခဲ့တဲ့အတွက် ခုနစ်ပြည် နယ်နဲ့ ခုနစ်တိုင်း ဖြစ်လာခဲ့တာပါ။ ၁၉၇၄ ခုနှစ် အခြေခံဥပဒေဟာ သူ့ခေတ်သူ့ အခါအရ လွတ်လပ်ရေး မရခင်ကတည်းက ချမှတ်ထားခဲ့တဲ့ 'ဆိုရှယ်လစ် လူ့ဘောင်ကို ထူထောင်ကြ မယ်ဆိုတဲ့ ရည်မှန်းချက်' အောင်မြင်ဖို့ ကြိုးစားခဲ့ကြတာလို့ ဆိုလို့ရနိုင်ပါတယ်။ 
    သို့သော် နိုင်ငံရေးလှုပ်ရှားမှုနဲ့ အာဏာအခွင့်အရေး ရရှိမှုတွေက တစ်ပါတီစနစ်အတွင်း ဝင်မှသာ ဖြစ်နိုင်တဲ့အတွက် ကန့်သတ်ချက်တွေ များပါတယ်။ လမ်းစဉ်ပါတီ တစ်ဖွဲ့တည်းကသာ ကြီးစိုးထားတဲ့အတွက် နိုင်ငံရေးဘောင်ကျဉ်းပြီး လက်နက်ကိုင်လမ်းစဉ် ဘောင်ကျယ်ခဲ့တာပဲ ဖြစ်ပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အာဏာသိမ်းပြီး နိုင်ငံရေးလမ်းစဉ် ပြောင်းခဲ့တာမှန်ပေမယ့် ဖြစ်လာတဲ့ အကျိုးဆက်တွေဟာ တပ်မတော်နဲ့ သက်ဆိုင်တယ်လို့ ဆိုလို့မရပါ။ အာဏာရှင်လို့ ဆိုချင်ရင်တောင် အာဏာရှင်ကသက်သက်၊ တပ်မတော် ကသက်သက် မြင်တတ်ကြဖို့ လိုပါတယ်။ မြန်မာ့တပ်မတော်ဟာ ဦးနုအစိုးရလက်ထက်မှာလည်း နိုင်ငံ့အခြေခံဥပဒေအရ ပါဝင်ခဲ့ရသလို ဆိုရှယ်လစ်ခေတ်မှာလည်း အများသဘောတူထားတဲ့ အခြေခံဥပဒေအရသာ ပါဝင်ကူညီခဲ့ရတာပဲ ဖြစ်ပါတယ်။ 
    ၁၉၈၈ ခုနှစ် နိုင်ငံရေးအပြောင်းအလဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်တဲ့အစိုးရ ပေါ်ပေါက်လာပြီးနောက် ပြည်သူအများ လိုလားတဲ့ ဒီမို ကရေစီစနစ်ကို ပြောင်းလဲပေးခဲ့တာဖြစ်ပါတယ်။ အရမ်းကာရော လစ်ဘရယ်ဆန်တဲ့အထိ သွားလို့မရသေးတဲ့ အခြေအနေ၊ လက်နက်ကိုင်လမ်းစဉ် ကျန်ရှိနေသေးတဲ့ အခြေအနေတွေအရ တပ်မတော်က နိုင်ငံရေးမှာပါနေရဆဲဖြစ်တာ နားလည်ဖို့ လိုပါတယ်။ စစ်အာဏာရှင်စနစ် တည်ဆောက်နေတာလား၊ အခြေခံဖက်ဒရယ်နဲ့ဒီမိုကရေစီ တည်ဆောက်နေတာ လားဆိုတာ မျက်မှန်စိမ်းမတပ်ဘဲ ရှုမြင်ကြဖို့ လိုပါတယ်။ 
    ဒီစနစ်ကို ရဖို့၊ ရောက်ဖို့ ဘယ်လို ကြိုးစားခဲ့ရတယ်၊ အချိန်ဘယ်လောက် ယူခဲ့ရတယ်ဆိုတာ ဒီဘက်ခေတ် လူကြီးအတော်များများ သိကြပါတယ်။ တချို့ဒီ စနစ်ကိုသွားဖို့ ကြိုးစားရာမှာ စကတည်းက တိုက်ခိုက်လာတဲ့အဖွဲ့တွေရဲ့ အမြင်လွှမ်းမိုးမှုနဲ့ တိုက်ခိုက်မှုတွေအရ မှန်မှန်ကန်ကန် ရှုမြင်မှုထက် ဆန့်ကျင်ဘက်အမြင်ကို ချဉ်းကပ်သွားကြတာ တိုင်းပြည်အတွက် စိတ်မကောင်းစရာပါ။ ဒီ ၂၀၀၈ အခြေခံဥပဒေအရ ဖြစ်တည်ပြောင်းလဲမှုကာလမှာ ၂၀၁၆ ခုနှစ်ကစပြီး ဖြစ်ပေါ်ခဲ့တဲ့ ပွတ်တိုက်မှုဟာ ဒီအကျိုးဆက်တွေအရသာ ဖြစ်ပါတယ်။ အဲဒီအချိန်ကာလကစပြီး ကြည့်ရင် အရင်လူဟောင်း တပ်မတော်အကြီးအကဲတွေ မရှိတော့ဘဲ အသစ်တက်လာတဲ့ တပ်မတော်အကြီးအကဲကို ဝေဖန်အပုပ်ချပြီး တပ်မတော်ကို အတင်းအကျပ်လက်အောက် သွတ်သွင်းလိုတာ၊ စနစ်ကို အတင်းအကျပ်ပြောင်းလဲလိုတာတွေကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီအကျိုးဆက်ဟာ လက်ရှိဖြစ်ပွားနေတဲ့ ပြဿနာတွေရဲ့ အခြေခံအချက်တွေလို့ ဆိုရမှာပါ။ 
    တိုင်းပြည်နဲ့ လူထုအကျိုးအတွက်  ဒီ ၂၀၀၈ အခြေခံဥပဒေ အကောင်အထည်ပေါ်လာဖို့ နိုင်ငံရေး သြဇာ၊ စစ်ရေးသြဇာအရ ညှိနှိုင်းသင့်တာ ညှိနှိုင်း၊ တား သင့်တာ တား၊ နှိပ်ကွပ်သင့်ရင် နှိပ်ကွပ်၊ အတော်လွှမ်းမိုးမှုရှိရှိ ပြောင်းလဲပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပြောင်းလဲရာမှာ အမျိုးသားညီလာခံကျင်းပခဲ့တာ အများအသိပါ။ ဘယ်သူတွေပါတယ်။ ဘယ်လိုဖွဲ့စည်းခဲ့တယ်ဆိုတာ အများသိပါတယ်။ နယ်ပယ်အသီး သီးက ပညာရှင်တွေ၊ သြဇာတိက္ကမ ရှိသူတွေ၊ နိုင်ငံရေးသမားတွေ၊ လက်နက် ကိုင်အဖွဲ့တွေ၊ တိုင်းရင်း သားအားလုံးနီးပါး ပါဝင်ခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။ 
    ၂၀၀၈ အခြေခံဥပဒေရဲ့ ပြဿနာဟာ တိုင်းရင်းသားတွေမဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက လက်နက်မစွန့်လိုတဲ့ ပြဿနာပါ။ နောက်ပိုင်း ကျင့်သုံးလာတဲ့အခါမှာ ဖြစ်ပေါ်ခဲ့တဲ့ အခက်အခဲက တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ မဲနိုင်တဲ့ပါတီက အစိုးရဖွဲ့ ခွင့်မရတာဘဲ ဖြစ်ပါတယ်။ ဒါကို ပြင်ဆင်လိုက်ရင် ပထမအဆင့် သင့်တင့်မျှတတဲ့ ဖက်ဒရယ်စနစ်ကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။ ဒါကို တပ်မတော်က ၂၀၁၆-၂၀၂၀ NLD အစိုးရလက်ထက်မှာ ပြင်ဖို့ ကြိုးစားပေးခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ NLD ရဲ့ အာဏာတည်ဆောက်လိုမှုအရ မအောင်မြင်ခဲ့တာ အထင်အရှားပါ။ ဒီလို လူ့အင် အား၊ အကြံဉာဏ်တွေစိုက်ထုတ်ပြီး အချိန် ယူပြင်ဆင်ခဲ့ရတဲ့ အခြေခံဥပဒေကတစ်ဆင့် ဖက်ဒရယ်ကို ချဉ်းကပ်တာနဲ့ အခု NUG / CRPH နဲ့ NUCC တို့က ထိထိရောက်ရောက် ဘာမှမလုပ်နိုင်၊  မပြနိုင်ဘဲလေနဲ့ကြွေး ကြော်နေတဲ့ ဖက်ဒရယ်စနစ် ဘယ်ဟာက ပိုပြီး လက်တွေ့ကြတဲ့ လူမှုဘဝကို တည်ဆောက်နိုင်မလဲ။ ချိန်ဆစဉ်းစားဖို့ လိုပါတယ်။ 
    အဲဒီသတင်းစာရှင်းလင်းပွဲမှာ AA နဲ့ပတ်သက် ပြီး AA က State Constitution ရေးဆွဲနေတာ NUCC က ဝိုင်းဝန်းရေးဆွဲ အကြံဉာဏ်ပေးခဲ့တယ်လို့ဆိုတာ တွေ့ရတယ်။ ပြည်ထောင်စုအတွက် အတော်စဉ်းစားရမယ့်ကိစ္စပါ။  မြန်မာနိုင်ငံမှာ ပြည်နယ်တွေအတွက် သီးခြား Constitution ဆိုတာ မရှိခဲ့ဘူး။ များသောအားဖြင့် ဖက်ဒရယ်မှာ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲလေ့ မရှိဘူး။ ဖက်ဒရယ်အခြေခံဥပဒေကသာ အာဏာခွဲေ၀ ပေးပါတယ်။ ရှိခဲ့ရင်တောင် ဖက်ဒရယ်အခြေခံဥပဒေရဲ့ အခြေခံအချက်တွေကိုကျော် လွန်ရေးဆွဲလို့ မရပါ။ AA က သီးခြားနိုင်ငံတစ်ခု ထူထောင်ဖို့ ကြေညာထားပြီး အနိမ့်ဆုံးအဆင့် ကွန်ဖက်ထရေးရှင်းရမှလို့ ဆိုထားတဲ့အတွက် သူ့အခြေခံဥပဒေဟာ ပြည်ထောင်စုအနေနဲ့ လက်ခံလို့ရလောက်တဲ့ အနေအထားမှာ ဘယ်လိုမှ မရှိနိုင်ဘူး။ နောက်တစ်ချက်က AA အနေနဲ့ NUG ? CRPH နဲ့ NUCC ကို 'ဖုတ်လေတဲ့ငါးပိ ရှိတယ်တောင်မထင်'တဲ့အတွက် AA ရေးဆွဲနေတယ်ဆိုတဲ့ အခြေခံဥပဒေကို NUCC က အကြံဉာဏ်ပေးကူရေးနေတယ် ဆိုကတည်းက NUG ရဲ့ ဖက်ဒရယ်ဟာ AA ကို သူ့ဘက်ပါအောင် စည်းရုံးပြီး ကျန်တိုင်းရင်းသား အဖွဲ့တွေကိုပါ လက်နက်ကိုင်တပ်မတော် ဖွဲ့စည်းခွင့်ပြုမယ့် ကွန်ဖက်ထရေးရှင်း အနေအထားလို့ သုံးသပ်နိုင်တယ်။ ဖက်ဒရယ်မှာ ခွဲထွက်ခွင့်မရှိပေမယ့် ကွန်ဖက်ထရေး ရှင်းမှာ ခွဲထွက် ခွင့်ရှိတယ်။ 
    လက်ရှိအချိန်မှာ အကောင်အထည်မပေါ်နိုင်သေးတဲ့အတွက် မသိသာပေမယ့် တစ်ချိန်ချိန်မှာ အန္တရာယ်ရှိလာနိုင်တယ်ဆိုတာ သတိချပ်ထားဖို့ လိုပါလိမ့်မယ်။ တကယ်တမ်းကြားကာလမှာ NUG နဲ့ NUCC ရေးဆွဲထားတယ်ဆိုတဲ့ ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံများဆိုင်ရာ အခြေခံဥပဒေ AFTA က လက်နက်ကိုင်အဖွဲ့တွေကို တကယ်ထိန်းနိုင်ပါမလား။ ညှိနိုင်စွမ်း ရှိပါ့မလား။ မရောက်သေးတဲ့အ တွက် ပြောလို့မရသေးဘူးလို့ မဆိုသင့်သလို၊ ထိန်းနိုင်မှာ မဟုတ်ဘူးလို့ဆိုရင်လည်း အဲဒီအခြေအနေ မရောက်မှသာ ပြည်ထောင်စုမပြိုကွဲရေးကို ထောက်ကူနိုင်မှာ ဖြစ်ပါတယ်။ တပ်မတော်ကတော့ အရောက်ခံမှာ မဟုတ်ဘူးဆိုတာ သေချာတယ်။ AFTA နဲ့ပတ်သက်လို့ ကျိမ်းသေပေါက် အောင်မြင်နိုင်မယ် လို့ တာဝန်ခံနိုင်တဲ့သူ၊ ခံရဲတဲ့သူ ဘယ်သူရှိမလဲ။ သိချင်စမ်းပါဘိ။ ရေးဆွဲနေတဲ့သူတွေကိုယ်တိုင် အောင်မြင်မယ်လို့ အာမခံနိုင်ရဲ့လား မေးကြည့်ပါ။ အကျိုးမရှိတဲ့လုပ်ရပ်တွေ ရပ်တန်းက ရပ်ဖို့လိုပါပြီ။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အမှန်တကယ် လိုချင်တယ်ဆိုရင် စမ်းတဝါးဝါး လျှောက်နေမယ့်အစား  လက်နက်ကိုင်လမ်းစဉ် စွန့်ဖို့ပဲ လိုပါတယ်။
ဇော်နိုင်

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 44

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63726

© 2022 - 2026 News. All Rights Reserved.