၂၀၂၆ ၊ ဇူလိုင် ၅
နိုင်ငံရေးတည်ငြိမ်မှုသည် တိုင်းပြည်ဖွံ့ဖြိုးရေး၏ အခြေခံအုတ်မြစ်
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်းများကို တိုင်းတာရာတွင် စီးပွားရေးတိုးတက်မှုနှုန်း၊ အခြေခံအဆောက်အအုံ တည်ဆောက်နိုင်မှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏတို့သည် အရေးပါသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် အဆိုပါ ကိန်းဂဏန်းများနှင့် ပြုပြင်ပြောင်းလဲမှုများသည် တိုင်းပြည်အတွင်း ခိုင်မာသည့် နိုင်ငံရေးတည်ငြိမ်မှုနှင့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးမရှိပါက ကြိုးပမ်းမှုများသည် အရာ ထင်ကျန် ရစ်ခဲ့မည်မဟုတ်ချေ။
အစိုးရတစ်ရပ်က မည်မျှပင် စွမ်းဆောင်ရည် မြင့်မားစေကာမူ ရာစုနှစ်ဝက်ကျော် အမြစ်တွယ်နေခဲ့သည့် နိုင်ငံရေးအရ၊ ငြိမ်းချမ်းရေးအရ အတားအဆီး အကန့်အသတ်များကို မကျော်လွှားနိုင်ပါက တိုင်းပြည်၏ အနာဂတ်သည် ရှေ့သို့တစ်လှမ်း၊ နောက်သို့ နှစ်လှမ်းနှင့် သံသရာလည် နေဦးမည်သာ ဖြစ်သည်။ ထို့ကြောင့် အစိုးရသစ်တစ်ရပ်အတွက် အကြီးမားဆုံးနှင့် အရေးအ ကြီးဆုံးသော အရည်အချင်းစစ် စာမေးပွဲမှာ အခြားမဟုတ် ပြည်တွင်းငြိမ်းချမ်းရေး ပုစ္ဆာကိုမည်သို့အဖြေရှာ ကျော်ဖြတ်နိုင်မည်နည်း ဆိုသည့် 'ငြိမ်းချမ်းရေး စာမေးပွဲ'ပင် ဖြစ်တော့ သည်။
လက်နက်ကိုင်ပဋိပက္ခ ရောဂါဆိုးနှင့် ပြည်သူ့ဆန္ဒ
ငြိမ်းချမ်းရေးဟူသည် တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံး လိုလား၍ အစိုးရနှင့်တပ်မတော် တစ်ဖက်တည်းက ငြိမ်းချမ်းရေးကမ်းလက်များဖြင့် ခေါ်ယူနေရုံနှင့်မပြီးဘဲ တစ်ဖက်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးအနေနှင့်လည်း ငြိမ်းချမ်းရေးကို ရှောင်ဖယ်မနေဘဲ ပြည်သူ့ဆန္ဒကို လိုက်လျောရန်လိုအပ်သည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကာလရှည်အဟန့်အတား အနှောင့်အယှက်ပြုနေသည်မှာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ရောဂါဆိုးပင်ဖြစ်သည်။ နှစ်ပေါင်းရှည်ကြာစွာ နိုင်ငံရေး၊ လူမျိုးရေးအရ လိုလားတောင်းဆိုချက်ပေါင်းများစွာနှင့် လက်နက်ကိုင်သံသရာကို ဆွဲဆန့်လာကြသည့် အဖွဲ့အစည်းအသီးသီးအနေနှင့် မိမိတို့လျှောက်လှမ်းနေသော လမ်းစဉ်သည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့်အတားအဖြစ် ရှိနေသည်ကို သိမြင်၍ အဖြေရှာမရသော လမ်းစဉ်ဟု လက်ခံယုံကြည်ကာ ငြိမ်းချမ်းရေးလမ်းစဉ်မှနေ၍ ဆွေးနွေး အဖြေရှာကြရန် လိုအပ်နေပြီဖြစ်သည်။ ပြည်တွင်းငြိမ်းချမ်းရေးလိုအပ်ချက်ကြောင့် နယ်မြေဒေသတစ်ခုနှင့်တစ်ခု ဖွံ့ဖြိုးတိုးတက်မှု မညီမျှခြင်း၊ လက်နက်ကိုင်ပဋိပက္ခများရှိရာ ဒေသရှိ ပြည်သူလူထု၏ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေး နောက်ကျကျန်ရစ်ခဲ့ခြင်းများက သမိုင်းမှတ်တမ်းများ အဖြစ် ရှိနေသည်။
'လွတ်လပ်ရေးရပြီး'ပါလီမန်ခေတ်မှ တော်လှန်ရေးကောင်စီအထိ
ထိုမှတ်တမ်းများကို ဖော်ပြရလျှင် မြန်မာနိုင်ငံအနေနှင့် လွတ်လပ်ရေးရရှိပြီးချိန်တွင် ပါလီမန်စနစ်ဖြင့် ဆောင်ရွက်ခဲ့ရာ ထိုကာလက တိုင်းရင်းသားအချို့ အခွင့်အရေးတောင်းဆိုခြင်းများ ရှိခဲ့သည်။ ပါလီမန်တွင် တိုင်းရင်းသားအမတ်များ သီးခြားပေးထားရာမှ အာဏာခွဲဝေရေးကိစ္စရပ်များကို ပြောဆိုလာ ခဲ့ကြသည်။ ထို့ပြင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ဝိဝါဒကွဲပြားခြင်း ဖြစ်ပေါ်လာခဲ့ပြီး တိုင်းရင်းသားများ၏ လိုလားချက်၊ နိုင်ငံရေးပါတီနှင့် အဖွဲ့အစည်းများ၏ လိုလားချက်များကို နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ တောင်းဆိုမှုများ ဖြစ်ပေါ်ခဲ့သည်။
ထိုအချိန်က ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ဆိုရှယ်လစ်စနစ်ကိုသွားရန် ရေးဆွဲထားခြင်း မရှိသော်လည်း အချို့ပုဒ်မများတွင် ဆိုရှယ်လစ်စနစ်ကို သွားနိုင်သည့် အခြေခံအချက်များ ထည့်သွင်းထားသည်။ ထိုသို့သော ဖြစ်စဉ်များကြောင့် ဆန့်ကျင်ဘက်အမြင် ရှိသူများက ၎င်းတို့လိုလားချက်များ မရရှိနိုင်ဟုဆိုကာ လက်နက်ကိုင်လမ်းစဉ်ကို လျှောက်လှမ်းခဲ့ကြသည်။ ပါလီမန်ခေတ်တွင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကြောင့် နိုင်ငံရေးသမားတို့သည် နိုင်ငံရေးကို အကြမ်းဖက်နည်းလမ်းများဖြင့် ဆောင်ရွက်လာကြသည်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၏ အားနည်းချက်ကြောင့် အိမ်စောင့်အစိုးရမှ နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းဆောင်ရွက်ခဲ့ပြီး အိမ်စောင့်အစိုးရလက်ထက်တွင် သန့်ရှင်းသည့် ရွေးကောက်ပွဲကို ကျင်းပ၍ အနိုင်ရသည့်ပါတီအား နိုင်ငံတော်တာဝန်ကို လွှဲပြောင်းပေးခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီက နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ပြီး တိုင်းရင်းသားများနှင့် ပတ်သက်သည့် ပြဿနာများကို ပြေလည်အောင် မဖြေရှင်းနိုင်ခဲ့သည့်အတွက် အရှေ့မြောက်ဒေသများတွင် တိုက်ပွဲများ ပြင်းထန်လာခဲ့ရာ ပဋိပက္ခများဖြစ်ပွားမှုနှင့် အကြောင်းအမျိုးမျိုးကြောင့် တိုင်းရင်းသားဒေသများတွင် ဖွံ့ဖြိုးတိုးတက်မှုများများစွာ နောက်ကျခဲ့ရသည်။
၁၉၈၉ ငြိမ်းချမ်းရေးခြေလှမ်းနှင့် ဒီမိုကရေစီပထမခေတ် NCA လမ်းကြောင်း
ယင်းနောက် ၁၉၈၈ ခုနှစ် နိုင်ငံရေးပဋိပက္ခ ဖြစ်ပွားချိန်တွင် နိုင်ငံတော်အစိုးရက ထိန်းကျောင်းနိုင်မှုမရှိခြင်းကြောင့် တပ်မတော်မှ နိုင်ငံတော်တာဝန်ကို ရယူခဲ့ရပြီး တိုင်းရင်းသားအရေးကို ဖြေရှင်းနိုင်ရန် ၁၉၈၉ ခုနှစ်တွင် ငြိမ်းချမ်းရေးဆွေးနွေးကာ အပစ်အခတ်ရပ်စဲမှုများ ပြုလုပ်ခဲ့ကြသည်။ ယင်းနောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် နိုင်ငံတော်၏ ကာကွယ်ရေးစွမ်းပကားအဖြစ် ဖွဲ့စည်းသိမ်းသွင်းဆောင်ရွက်ရန် လုပ်ဆောင်ခဲ့ပြီး လက်ခံသည့်အဖွဲ့များရှိသလို လက်မခံသည့်အဖွဲ့များလည်းရှိခဲ့ကြသည်။ တပ်မတော်က ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှု အကြိမ်ကြိမ်ဖြင့် ဆောင်ရွက်ခဲ့ပြီး တစ်ဖက်တွင်လည်း ပြည်သူလူထု လိုလားတောင်းတ သော ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်ရေး ကြိုး ပမ်းခဲ့ရသည်။
တိုင်းပြည်ကို ဒီမိုကရေစီစနစ်ဖြင့် လျှောက်လှမ်းနိုင်ရေး လိုအပ်သော ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းခဲ့သလို ဒီမိုကရေစီစနစ်အတွက် လိုအပ်သော အခြေခံအဆောက်အအုံများ တည်ဆောက်၍ ပြီးပြည့်စုံချိန်တွင် ၂၀၁၀ ရွေးကောက်ပွဲနှင့်အတူ ဒီမိုကရေစီ ပထမအစိုးရထံသို့ တိုင်းပြည်တာဝန်ကို ပေးအပ်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ် ပထမဒီမိုကရေစီအစိုးရ သက်တမ်းကာလတွင် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အကြိမ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့နှင့် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ငြိမ်းချမ်းရေးအတွက် ခိုင်မာအားကောင်းသော NCA လမ်းကြောင်းကို သမိုင်းဝင် ချမှတ်နိုင်ခဲ့သည်။ ယင်းနောက် ၂၀၁၅ ခုနှစ်မှစ၍ ဒီမိုကရေစီဒုတိယအစိုးရ တာဝန်ယူခဲ့သည်။ ယင်းအစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးသည် ခရီးမရောက်ဘဲ ၂၀၂၀ ရွေးကောက်ပွဲမှနေ၍ အာဏာ ဆက်လက်တည်မြဲရေး မသမာသောနည်းဖြင့် ကြိုးပမ်းခဲ့ရာ ဒီမိုကရေစီခရီး ဖင့်ခဲ့ရသည်။
ပဋိပက္ခများနှင့် မြို့ရွာများထိခိုက်ပျက်စီးမှုဖြစ်စဉ်
ရွေးကောက်ပွဲမသမာမှုကို အကြောင်းပြုကာ တပ်မတော်က နိုင်ငံတော်တာဝန်ကို ပြန်လည်ထမ်း ဆောင်ရချိန်တွင် တပ်မတော်က တစ်ဖက်သတ်အပစ်အ ခတ်ရပ်စဲမှု အကြိမ်ကြိမ်ဖြင့် ငြိမ်းချမ်းရေးအတွက် တံခါးများ ဖွင့်လှစ်ပေးခဲ့သည်။ သို့သော်လည်း အာဏာလက်လွတ်ရသူများက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန်အတွက် ၎င်းင်းတို့သြဇာခံ လက်နက်ကိုင်အကြမ်း ဖက်အဖွဲ့များကို မွေးမြူကာ ဆောင် ရွက်ခဲ့ကြသည်။ နိုင်ငံရေးအကျပ်အတည်းကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းဆောင်ရွက်နိုင်သည့် အရည်အချင်းမရှိကြသူများကြောင့် သမိုင်းတွင် ရုပ်ဆိုးကျည်းတန်လှသော အကြမ်းဖက်မှုပေါင်းများစွာဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို ဟန့်တားနှောင့်ယှက်ခဲ့ကြသည်။
ထိုသို့သော နိုင်ငံရေးတောမီးလောင် အခြေအနေတွင် တိုင်းရင်းသားလက်နက်ကိုင် အချို့သောအဖွဲ့များက တောကြောင် လက်ခမောင်းခတ်ဆိုသလို အကြမ်းဖက်အဖွဲ့များ၏ အမည်ခံတော်လှန်ရေးကို အကြောင်းပြု၍ နယ်မြေချဲ့ထွင်ရေးစစ်ပွဲများကို ဖန်တီးခဲ့ကြသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့၏ နယ်မြေချဲ့ထွင်ရေးစစ်ပွဲများသည် အများပြည်သူတို့၏ မြို့ရွာများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း ကြောင့် တည်ငြိမ်အေးချမ်းနေသော မြို့ရွာအချို့ စစ်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည်။ တစ်ဖက်တွင်လည်း တိုင်းပြည်၏ အခြေခံအဆောက် အအုံပေါင်းများစွာကို အကြောင်းမဲ့ ဖျက်ဆီးခဲ့ကြပြီး တိုင်းရင်း သားပြည်သူလူထု၏ လူမှုစီးပွားဘဝများကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့ကြသည်။
ထို့ကြောင့် ငါးနှစ်တာကာလ တာဝန်ယူခဲ့သည့် အစိုးရသည် တစ်ဖက်တွင်လည်း တိုင်းပြည်ဒီ မိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိစေရေးနှင့် တစ်ဖက်တွင်လည်း တိုင်းပြည် တည်ငြိမ်အေးချမ်းရေးအတွက်များစွာ ကြိုးပမ်းအားထုတ်ခဲ့ရသည်။ အကြမ်းဖက်သောင်း ကျန်းသူများ ယာယီ ထိန်းချုပ်ခဲ့သည့် မြို့ရွာများကို တပ်မတော်က အပြီးတိုင်ပြန်လည်ထိန်းချုပ်ကာ ပြည်သူလူထု၏ အေးချမ်းစွာ ပြန်လည်နေထိုင်ရေး၊ နှောင့်ယှက်ဖျက်ဆီးခဲ့သည့် နိုင်ငံပိုင်အခြေခံအဆောက်အအုံများ ပြန်လည်ပြုပြင် တည်ဆောက်ခြင်းများကို ဆောင်ရွက်ခဲ့ ရသည်။
အစိုးရသစ်၏ နိုင်ငံရေးမျှော်မှန်းချက်နှင့် သမ္မတကြီး၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှု
ငါးနှစ်တာကာလ အချိန်ယူခဲ့ပြီးနောက် မျှော်မှန်းချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို တရားမျှတ လွတ်လပ်စွာ ကျင်းပပေးနိုင်ခဲ့ပြီး ဒီမိုကရေစီအစိုးရသစ်တစ်ရပ်ကို မွေးထုတ်ပေးနိုင်ခဲ့သည်။ အစိုးရသစ်၏ တိုင်းပြည်အပေါ် မျှော်မှန်းချက်မှာ တည်ငြိမ်အေးချမ်းသည့် ဒီမိုကရေစီ နိုင်ငံတစ်ခုအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံရေးမျှော်မှန်းချက်တွင် စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်မာအောင်ဆောင်ရွက်ရန်နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောင်ရန်ဖြစ်သည်။
ထိုသို့သော အစိုးရ၏ မျှော်မှန်းချက်များကို အပြည့်အ၀ အကောင်အထည်ဖော်နိုင်ရေးအတွက် ငြိမ်းချမ်းရေးသည် အဓိကလိုအပ်ချက်ဖြစ်သဖြင့် နိုင်ငံတော် သမ္မတကြီးကိုယ်တိုင်က ယခုအစိုးရလက်ထက်တွင် တိုင်းပြည်အလုံးစုံ ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းမည်ဟု ပြောဆိုကာ ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ကမ်းလှမ်းမှုကို နိုင်ငံတော်သမ္မတကြီးအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီး ချိန်မှစ၍ ပြောဆို ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ "ကျွန်တော်တို့အစိုးရသစ် တာဝန်ယူတဲ့အချိန်မှာ ကျွန်တော့်တိုင်းပြည် ငြိမ်းချမ်းအောင်လုပ်မယ်။ ဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်။ ကျွန်တော် ငါးနှစ်အတွင်းမှာ တိုင်းပြည်ငြိမ်းချမ်းအောင် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်မယ်လို့ ကျွန်တော်ပြောခဲ့တယ်။ ရက်ပေါင်း ၁၀၀ နဲ့ပတ်သက်ပြီး ကျွန်တော်ပြောတဲ့အချိန်မှာ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုတွေ လုပ်ခဲ့ပါတယ်။ အခုလည်း ထပ်ပြောချင်ပါတယ်။ ကျွန်တော်တို့ အစိုးရ ကမ်းလှမ်းထားတဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ။ တိုင်းရင်းသားလက်နက်ကိုင် ဘယ်အဖွဲ့အစည်းမဆို ဘာကြိုတင်ကန့် သတ်ချက်မှမထားဘူး။ ငြိမ်းချမ်းရေးအတွက် လာပြီးဆွေးနွေးဖို့ ကျွန်တော်ဖိတ် ခေါ်ပါတယ်။ ဒါကိုထပ် ပြီးတော့ ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်တို့က ရက်ပေါင်း ၁၀၀ စီမံချက်ထဲမှာ ထည့်ထားတာ။ ရက်ပေါင်း ၁၀၀ အတွင်းမှာ ကျွန်တော်တို့ အကောင်အထည်ဖော်ဖို့ ပြောထားတာ။ သို့သော်လည်းပဲ တချို့ကျတော့လည်း ဒါကိုကြိုတင်ကန့်သတ်ချက် မရှိဘူးဆိုပြီးတော့ ရက် ၁၀၀ လို့ ပြောထားတယ်ဆိုပြီးတော့ ပြောကြတာ။ ရက် ၁၀၀ အတွင်းမှာ ဒါလုပ်တဲ့အတွက်ကြောင့် ဒါလည်း Precautionလို့ ယူဆ၊ စကားကို ပေါက်ပေါက်ရှာရှာပြောတယ်။ ဒါကပ်ပြီးတော့ လုပ်တာ။ တကယ်ငြိမ်းချမ်းရေးလိုချင်ရင် ဒီနေ့ငြိမ်းချမ်းရေးလိုချင်ရင် ဒီနေ့ရောက်လာလိမ့်မယ်။ ငြိမ်းချမ်းရေးမလိုချင်ရင်တော့ အကြောင်းပြပြီးတော့ အချိန်ဆွဲမှာ"ဟု ကျင်းပခဲ့သည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအ ကောင်အထည်ဖော်ရေး ဗဟိုကော်မတီ အစည်းအဝေးတွင် ထပ်မံဖိတ်ခေါ်ခဲ့သည်။
အချုပ်အနှောင်များကို ဖြတ်ကျော်၍ ကြိုတင်ကန့်သတ်ချက်မဲ့ ဆွေးနွေးရေး ကမ်းလှမ်းချက်
ထို့ပြင် နိုင်ငံတော်သမ္မတကြီးက ငြိမ်းချမ်း ရေးနှင့်ပတ်သက်၍ ပြတ်သားသော ပြောဆိုချက်နှင့်အ တူ ထပ်မံကမ်းလှမ်းခဲ့သည်။ "ကျွန်တော် ဒီငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ရဖို့ဆိုရင် ဘာပဲ ဘယ်လောက်ကုန်ကုန် ငါလုပ်မယ်လို့ ပြောတယ်။ တိုင်းပြည်ကို ကောင်းစေချင်တယ်။ ကျွန်တော်တို့ နောက်ကျကျန်ခဲ့တယ်ဗျ။ ဒါစဉ်းစားကြည့်ပါ။ ကျွန်တော်တို့မှာ ခြေလှမ်းရှေ့တိုးတယ်ဆိုမှ အချုပ်အနှောင်နဲ့ ချုပ်နှောင်ထားတဲ့ ခြေလှမ်းနဲ့ ရှေ့တိုးနေရတာ။ တကယ်တော့ မရောက်ဘူး။ ခုနအချုပ်အနှောင်ဆိုတာ ပြဿနာတွေနဲ့ ချုပ်နှောင်ထားတာ။ အခက်အခဲတွေနဲ့ ချုပ်နှောင်ထားတာ။ ကျွန်တော်တို့မှာ လွတ်လွတ်လပ်လပ်မရှိဘူး။ ပြောရရင်တော့ဗျာ မြင်းဇောင်းထဲက ထွက်လာတဲ့မြင်းလို တစ်ခါတည်း ဝုန်းဝုန်းဝုန်းဆိုပြီး ထွက်သွားချင်တာ။ ဒီလိုသွားချင်တာ။ အခုက မသွားနိုင်ဘူး။ အတားအဆီးတွေ ရှိနေတယ်။ အဲဒီအတားအဆီးတွေက ပဋိပက္ခတွေပါ။ နိုင်ငံရေးပဋိပက္ခ၊ လက်နက်ကိုင်ပဋိပက္ခ တွေဖြစ်နေတယ်။ ကျွန်တော်တို့က ဒါကိုပြတ်အောင်၊ ရှင်းအောင် လုပ်ဖို့လိုတယ်။ ဒါကြောင့် ဒီတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ကျွန်တော်တို့ ပြောချင်ပါတယ်။ EAO များကို ကျွန်တော်ပြောချင်တယ်။ တကယ်ငြိမ်းချမ်းရေးလိုချင်ရင် လာခဲ့ပါ။ ဘာကြိုတင်သတ် မှတ်ချက်မှမရှိဘဲ ကျွန်တော်တို့ ဆွေးနွေးမယ်"ဟု နိုင်ငံ တော်သမ္မတကြီးက ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေး သမိုင်းပေး တာဝန်
သမိုင်းကြောင်းအရ ကြည့်မည်ဆိုပါက လက်နက်ကိုင်ပဋိပက္ခများသည် တိုင်းပြည်ကို ရှေ့သို့မတိုးနိုင်အောင် ဆွဲရုတ်ထားသည့် အတားအဆီးများသာ ဖြစ်ခဲ့သည်။ ထို့ကြောင့်လည်း အစိုးရသစ်သည် တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်စေချင်သည့် ပြတ်သားသော ဆန္ဒဖြင့် 'ငြိမ်းချမ်းရေးစာမေးပွဲ'ကို စတင်နေပြီ ဖြစ်သည်။ ဤစာမေးပွဲ၏ အောင်ချက်သည် အစိုးရတစ်ရပ်တည်း၏ ကြိုးပမ်းမှုအပေါ်တွင်သာမက သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံး၏ တိုင်းပြည်အပေါ်ထားရှိသည့် စေတနာနှင့် သမိုင်းပေးတာဝန်သိမှုအပေါ်တွင်ပါ မူတည်နေသည်။ မိမိတို့၏ ကိုယ်ကျိုး စီးပွား၊ နယ်မြေချဲ့ထွင်လိုမှုများကို ဘေးဖယ်ကာ ငြိမ်းချမ်းရေးစားပွဲဝိုင်းတွင် အဖြေရှာနိုင်ကြမှသာ နှစ်ပေါင်းများစွာ နောက်ကျကျန်ခဲ့ရသည့် ပြည်သူလူထု ၏ လူမှုစီးပွားဘဝများ ကယ်တင်နိုင်မည်ဖြစ်သည်။
နိုင်ငံတော်သမ္မတကြီးက ကြိုတင်ကန့်သတ်ချက်မရှိ ကမ်းလှမ်းထားသည့် ငြိမ်းချမ်းရေးတံခါးကို ဖွင့်လှစ်ပေးထားပြီးဖြစ်ရာ တစ်ဖက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်လည်း အချိန်ဆွဲခြင်း၊ ရှောင်ဖယ်ခြင်းမပြုဘဲ ပြည်သူ့ဆန္ဒအတိုင်း ပူးပေါင်းဖြေဆိုကြရန် အချိန်ကျရောက်နေပြီဖြစ် သည်။ ဤငြိမ်းချမ်း ရေးစာမေးပွဲကို အစိုးရသစ်၏ ဦးဆောင်မှု၊ အဖွဲ့အစည်း အသီးသီး၏ သဘောထားကြီးမှုတို့ဖြင့် အောင်မြင်စွာ ကျော်ဖြတ်နိုင်မှသာလျှင် မြန်မာနိုင်ငံသည် ပဋိပက္ခအ ချုပ်အနှောင်များမှ ရုန်းထွက်ကာ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အခြေခံ ပြည်ထောင်စု ပန်းတိုင်သို့ အရှိန်အဟုန်ဖြင့် တက်လှမ်းနိုင်မည်ဖြစ်ပါသည်။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )