နေပြည်တော်၊ စက်တင်ဘာ ၁၇
ကုန်ပစ္စည်းကို တရားမဝင် တင်သွင်းမှုများကြောင့် ဈေးနှုန်းမြင့်တက်နေခြင်းဖြစ်ရာ ဈေးပြိုင်စနစ်ဖြင့် တရားဝင် အခွန်ဆောင်၍ တင်သွင်းခွင့်ပြုပါက ကုန်ဈေးနှုန်း ကျဆင်းနိုင်ကြောင်း လင်းခေးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဆေဟန်က ပြောသည်။
“ကျွန်တော် လွှတ်တော်နားရက် တာချီလိတ်ကိုလည်း ရောက်တယ်။ လေ့လာကြည့်တော့ သူတို့ဆီမှာ ကုန်သွယ်မှုက ပုံမှန်ရှိနေတယ်။ တချို့က ဂျူတီနဲ့ တချို့က ဂျူတီမပါဘူး။ များသောအားဖြင့် ကားတွေက ပုံမှန်မဟုတ်တဲ့ ညအချိန်ဆို ထွက်ကြတယ်။ ပုံမှန်အချိန်မှာတော့ စစ်တာဆေးတာ လုပ်တယ်။ ပြောရရင် တရားမဝင် မှောင်ခိုကုန်သွယ်တဲ့သဘောပေါ့။ မှောင်ခိုစနစ်နဲ့ သွားနေတာ။ လမ်းမှာ ပေးရကမ်းရတာများတော့ ကုန်သည်ဆိုတာ သူတို့ ကုန်ပစ္စည်းလိုရာခရီး ရောက်ဖို့အတွက် လမ်းခရီးမှာ ဘယ်လောက်ကုန်ကုန် သူတို့ပေးတယ်။ ပေးရတဲ့ ကုန်ကျစရိတ်တွေကို ကုန်ပစ္စည်းအပေါ် ပြန်ပေါင်းထည့်လိုက်တယ်။ ဒါကြောင့် ကျွန်တော်တို့က ဈေးကြီးကြီးနဲ့ ပေးဝယ်နေရတယ်။ အကျိုး အမြတ်က ကုန်သွယ်ရေးမှာ မှောင်ခိုလုပ်နေတဲ့ လူတွေက ရသွားတယ်။ ကုန်သွယ်မှုလမ်းကြောင်းပေါ်မှာ ရှိနေတဲ့ အချို့သော ဂိတ်တွေကြောင့် ဖြစ်လာတာ။ ကျွန်တော်လွှတ်တော်မှာ မေးတယ်။ ပြန်ဖြေတာက တိကျတဲ့ အချက်အလက်တွေနဲ့၊ သက်သေတွေနဲ့ တင်ပြလာရင်တော့ အရေးယူပေးမယ်ဆိုတော့ ကျွန်တော် ပြောချင်တာက ဘယ်ကုန်သည်က သွားတိုင်မှာလဲ။ ဂိတ်တွေမှာ ဖုန်းပြောလို့ တောင်မရဘူး။ ဘယ်သူက ဓာတ်ပုံရိုက်ရဲမှာလဲ။ ပြည်ထောင်စုအဆင့်မှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ အဖြေရှာပေးမှရမှာ။ အဲဒီလို မလုပ်ရင်တော့ ကုန်ဈေးနှုန်း ပြဿနာက မပြေလည်နိုင်ဘူး။ ဖြေလျှော့သင့်တာကတော့ မူဝါဒတွေ။ တစ်ခါတလေ မူဝါဒဆိုတာ ပြောင်းလဲသင့်ရင် ပြောင်းလဲရမယ်။ တရားဝင် ဂျူ တီဆောင်ပြီး လွတ်လွတ်လပ်လပ် ပေးသွင်းရင် ကုန်သည်တွေ အပြိုင်အဆိုင် လုပ်ကြမှာပဲ။ ဈေးပြိုင်စနစ်နဲ့ သွင်းလာကြရင် ဈေးနှုန်းက ကျ လာမှာပဲ။ တရားမဝင်ကုန် သွယ်မှုတွေ ပပျောက်ဖို့ဆိုရင် တရားဝင်ကုန် သွယ်မှုတွေ ဖွင့်ပေးဖို့လိုတယ်။ အခုလည်း နေ့တိုင်းဝင်နေတာပဲ။ ဖမ်းလေပိုပြီးတော့ ကုန်ဈေးနှုန်းက ပိုကြီးလေပဲ။ အဲဒီပစ္စည်းတွေက မဝင်တော့ဘူးလားဆိုတော့ ဝင်နေတာပဲ။ အစကတည်းက တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုတာ နယ်စပ်မှာထားတာ။ ဒါပေမဲ့ ဒီပစ္စည်းတွေက နယ်စပ်ကနေ မြို့ထဲရောက်လာဖို့ မြေလျှိုးမိုးပျံလာတာ မဟုတ်ဘူး။ တစ်လျှောက်လုံး လမ်းမကြီးအတိုင်းပဲလာတာ။ ဒါပေမဲ့ သူလာတဲ့ပုံစံရှိတယ်။ အဲဒါကို ထိထိမိမိတားမယ်ဆိုရင် နယ်စပ်ကနေ ပိတ်လိုက်။ မပိတ်နိုင်ရင် တရားဝင်ဂျူတီနဲ့ ဖွင့်ပေးလိုက်။ အခုကတော့ ပေးမသွင်းလေ လူတွေက ပိုလုပ်လေ ဖြစ်နေတယ်”ဟု ၎င်းက ပြောသည်။
လတ်တလော အခြေအနေအရ နယ်စပ်မြို့များ၌ပင် လူသုံးကုန်ပစ္စည်းများကို ဈေးကြီးကြီး ပေးဝယ်နေရခြင်းကြောင့် ထိုမှတစ်ဆင့် သယ်ယူမည့် ကုန်ပစ္စည်းက ပိုမို ၍ ဈေးနှုန်းမြင့်တက်နိုင်ကြောင်း စိုင်းဆေဟန်က ပြောသည်။
“ရှမ်းတောင်နဲ့ ရှမ်းအရှေ့မှာ တည်ငြိမ်အေးချမ်းနေတယ်။ ဘာတိုက်ပွဲမှ မရှိဘူး။ တာချီလိတ်-မယ်ဆိုင်ဆိုရင်လည်း တရားဝင်ကုန်သွယ်ရေးလမ်းကြောင်းကနေ လာတာကို။ မြဝတီ- မဲဆောက်ဘက် ကတော့ နယ်မြေမတည်ငြိမ်သေးလို့ ကုန်စည်စီးဆင်းမှု မသွားနိုင်ဘူးဆိုတာက ထားလိုက်။ ဒါပေမဲ့ အခုသွားနိုင်တဲ့လမ်းက ကျွန်တော်တို့ ရှမ်းပြည်(အရှေ့ပိုင်း)မှာ ရှိတယ်။ တာချီလိတ်ကနေတစ်ဆင့် တောင်ကြီးမြို့အထိ ဂိတ်တွေများလွန်းလို့ လွှတ်တော်ကို တင်ပြဖူးတယ်။ အခုတော့ မလိုအပ်တဲ့ ဂိတ်တွေ ဖြုတ်ထား ပြီးပြီ။ အခုက နယ်စပ်မြို့မှာတောင် ကုန်ဈေးနှုန်းကြီးနေတာဆိုတော့ နယ်စပ်မှာနေတဲ့ ပြည်သူတွေတောင် ဈေးကြီးကြီးပေးဝယ် နေရတာဆိုတော့ အဲဒီကနေတစ်ဆင့် သယ်ယူလာတဲ့ ကုန်ပစ္စည်းတွေက ဒီဘက်ရောက် ရင် ပိုပြီးတော့ အဆမတန် ဈေးမြင့်သွားတယ်။ အစိုးရအနေနဲ့ ကန့်သတ်ပစ္စည်းဆို တာရှိတယ်။ ဒါကို ဘယ်ပစ္စည်းတွေကိုတော့ တင်သွင်းခွင့်မပြုဘူးဆိုတာကို ဗွီနိုင်းအကြီးကြီးနဲ့ ကပ်ထားရမှာ။ ပြည်သူတွေသိအောင်လို့။ တချို့က ပေးသွင်းတဲ့ ကုန်ပစ္စည်းရှိတယ်။ ပေးမသွင်းတဲ့ ကုန်ပစ္စည်းရှိတယ်။ အဲဒီမှာ ရောနှောနေတယ်။ ရန်ကုန်က ကုန်တိုက်တွေမှာတောင် ကန့်သတ်ပစ္စည်းတွေ ရှိနေတာပဲ။ ရောက်သွားတာပဲ။ ဒါကတော့ မဖြစ်သင့်ဘူး။ အဲဒါတွေ ဖြေလျှော့သင့်တယ်”ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် ကုန်ဈေးနှုန်း မြင့်တက်ခြင်းနှင့် ကုန်စည်ရှားပါးမှု ပြဿနာကို ဖြေရှင်းရန်အတွက်အရေးကြီး ကုန်စည်အရေအတွက်အား ထပ်တိုးပြီး စနစ်တကျဖြင့် တင်သွင်းခွင့်ပြုရန် လိုအပ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးလေ့လာသူများက ထောက်ပြကြသည်။
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၃ ရက်က ပြုလုပ်ခဲ့သည့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ၅/ ၂၀၂၂ ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တရားမဝင်ကုန်သွယ်မှုများ ပိုမိုထိရောက်စွာ စစ်ဆေးနိုင်ရန်အတွက် လိုင်စင်လျှောက်ထားချိန်တွင် နည်းပညာဖြင့် QR ကုဒ်စနစ် ထည့်သွင်းပြီး ကုန်သွယ်မှုလမ်းကြောင်းတောက်လျှောက်ရှိ စစ်ဆေးရေးစခန်းများကို ပေးပို့ကာ တိုက်ဆိုင်စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားရန် လမ်းညွှန်မှုရှိကြောင်း သိရသည်။
ပို့ကုန်မော်တော်ယာဉ်များ လမ်းလွှဲမရောက်စေရန် ပိုကုန်တင်ယာဉ်ထွက်ခွာ ခွင့်လက်မှတ် Vehicle Gate Pass Certific-ate-QR System ဖြင့် လေးမိုင်တာကော်တံ တား-ကျိုင်းတုံ (နောင်နွမ်း)-မိုင်းဖြတ်-ကျိုင်းလပ်-မယ်ယန်းလမ်း၊ လေးမိုင် တာကော်တံတား-ကျိုင်းတုံ (နောင်နွမ်း) မိုင်းပြည့်-ကျိုင်း လပ်လမ်း၊ လေးမိုင် တာကော်တံတား-ကျိုင်းတုံ (ဝမ်တာပင်း၊ ဝမ်တာပုံစခန်း၊ ဝှေ့ရဲ-မယ်ယန်း (တာချီလိတ်စခန်းတို့တွင် QR ကုတ် စနစ်ဖြင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ကွန်းဈာန်