နေပြည်တော်၊ စက်တင်ဘာ ၁၇
နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုကြောင်းပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က တိုက်တွန်း ပြောကြားသည်။
စက်တင်ဘာ ၁၅ ရက်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးကို နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်သမ္မတက “မိမိတို့နိုင်ငံတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက် ကြီးမားနေဆဲဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးနှင့် ပြည်သူလူထု၏ လူနေမှုအဆင့်အတန်း မြင့်မားစေရေးအတွက် လျှပ်စစ် ဓာတ အားလုံလောက်စွာ ရရှိရေးသည် အလွန်ပင် အရေးကြီးကြောင်း၊ မိမိတို့နိုင်ငံတွင် ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်ဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းများကို တိုင်း ဒေသကြီးနှင့် ပြည်နယ်များအလိုက် အကောင်အထည် ဖော်ဆောင်ရွက်သွားရန်လိုကြောင်း”ပြောကြားသည်။
ထို့အပြင် “ကမ္ဘာနှင့်တစ်ဝန်းတွင် ရာသီဥတုဖောက်ပြန်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အယ်လ်နီ ညိုနှင့်ပတ်သက်၍လည်း ကြိုတင်သတိပေး ထုတ်ပြန်ချက်များ ထုတ်ပြန်ထားသည်ကို တွေ့ရှိရပြီး ဂရုပြုကြိုတင် ပြင်ဆင်ဆောင်ရွက်ကြရန်လိုကြောင်း၊ အပူ ချိန်လွန်ကဲမှုကြောင့် မြေအောက်ရေ လျော့နည်းကျဆင်းမှုများနှင့် ရေရှားပါးပြတ်လပ်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် သောက်သုံးရေနှင့် စိုက်ပျိုးရေများ အတွက် လိုအပ်သည့်ရေများကို ကြိုတင်စုဆောင်းထားရှိရန် လိုကြောင်း၊ လိုအပ်ပါက မြစ်ချောင်းများတွင် မြေအောက်တမံများ ပြုလုပ်ပြီး မြေအောက်ရေကို ထိန်းသိမ်းသွားကြရန်နှင့် ကြိုတင်ပြင် ဆင်၍ရသည်များကို ယခုကတည်းက စနစ်တကျဖြင့် စဉ်းစားပြင်ဆင် ဆောင်ရွက်ထား ကြရန်လို ကြောင်း” ထည့်သွင်း ပြောဆိုခဲ့သည်။
ဆက်လက်၍ “နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ကြရာတွင် အဓိကအားဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး နိုင်ငံ့စီးပွားရေးအားကောင်းရန် အတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သကဲ့သို့ ကျန်းမာကြံ့ခိုင်ပြီး ပညာတတ်လူ သားအရင်းအမြစ်များ စဉ်ဆက်မပြတ် လေ့ကျင့်မွေးထုတ် အသုံးပြုသွားနိုင်ရန်လည်း လိုအပ်ကြောင်း၊ အမှန်တကယ် အလုပ်လုပ်ကိုင်ကြရန်နှင့် အလုပ်အကိုင်အခွင့် အလမ်းများရရှိအောင် ဆောင်ရွက်ပေးကြရမည်ဖြစ်ပြီး အားလုံးက အတူတကွ စည်းလုံးညီ ညွတ်စွာဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြမည်ဆိုပါက မိမိတို့နိုင်ငံတော်ကြီး မလွဲမသွေ ဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်ကြောင်း” နိဂုံးချုပ် ပြောကြားခဲ့သည်။ ထူးမြတ်