နေပြည်တော်၊ စက်တင်ဘာ ၁၇
ဖွံ့ဖြိုးတိုးတက်မှုရရှိခြင်း၏ အဓိကအကြောင်းရင်းသည် နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိခြင်းပင်ဖြစ်ပြီး နိုင်ငံသူနိုင်ငံသားများအားလုံး ကိုယ် စိတ်နှလုံး လုံခြုံအေးချမ်းစွာဖြင့် လုပ်ကိုင်စားသောက်နိုင် ခြင်းပင်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က စက်တင်ဘာ ၁၅ ရက်က ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတက နိုင်ငံတကာ ပြည်ပခရီးစဉ်များ အတွေ့အကြုံများမှတစ်ဆင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အတုယူသင့်သည်များကို အတုယူရန်ပြောကြားရာတွင် “ဗီယက်နမ်ပြည်သူများအနေဖြင့် အခက်အခဲများ၊ ပိတ်ဆို့မှုများကြားမှ နိုင်ငံချစ်စိတ်၊ အမျိုးကို မြှင့်တင်လိုစိတ်များဖြင့် အမှန်တကယ် ကြိုးပမ်းအားထုတ် အလုပ်လုပ်ခဲ့မှုများကြောင့် တိုးတက်ပြောင်းလဲမှုများ စဉ်ဆက်မပြတ် ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်သည်ကို မိမိတို့အနေဖြင့် အတုယူဖွယ် တွေ့မြင်ခဲ့ရကြောင်း၊ ပြည်တွင်း တည်ငြိမ်အေးချမ်းမှုရှိခြင်း၊ စည်းလုံးညီညွတ်မှုရှိခြင်းနှင့် ကြိုးစား အားထုတ်မှုရှိခြင်းတို့သည်လည်း နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကိုများစွာ အထောက်အကူဖြစ်စေသည်ကို တွေ့မြင်ရကြောင်း၊ ယခု မိမိသွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ဘက်စုံပူးပေါင်းဆောင်ရွက်မှုနှင့် မိတ်ဖက်ဆက်ဆံရေးကို လက်တွေ့ကျကျ ဖွံ့ဖြိုးတိုးတက်လာနိုင်မည့် ဆွေးနွေးမှု ရလဒ်ကောင်းများကို ဖော်ဆောင်နိုင်ခဲ့ကြောင်း” ပြောကြားသည်။
ဆက်လက်၍ “ဗီယက်နမ်နိုင်ငံသည် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို အဓိကထားပြီး နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိသကဲ့သို့ ကမ္ဘောဒီးယားနိုင်ငံသည်လည်း စိုက်ပျိုး၊ မွေး မြူရေးလုပ်ငန်းများကို အဓိက လုပ်ကိုင်ဆောင်ရွက်သည့် နိုင်ငံတစ်ခု ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ၎င်းတို့အနေဖြင့် စပါးစိုက်ပျိုး၍ ပြည်ပသို့ တင်ပို့လျက်ရှိသကဲ့သို့ ငရုတ်ကောင်းနှင့် သီဟိုဠ်စေ့များ ကိုလည်း စီးပွား ဖြစ် ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ပြည်တွင်းငြိမ်းချမ်း မှုရှိခြင်းကြောင့် နိုင်ငံစီးပွားရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ထိုက်သင့်သလောက် တိုးတက်အောင် ဆောင်ရွက်နိုင်သည်ကို လေ့လာတွေ့ရှိခဲ့ရကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် ပြည်ပခရီးစဉ်များသွား ရောက်မှုများမှရရှိခဲ့သည့် စီးပွားရေး၊ လူမှုရေး၊ စိုက်ပျိုး၊ မွေးမြူ ရေး၊ ပညာရေး၊ ကျန်း မာရေး စသည်တို့အပါအဝင် နယ်ပယ်ပေါင်းစုံမှ တွေ့မြင်လေ့လာသိရှိခဲ့ရသည့် အတွေ့ အကြုံကောင်းများကို သင်ခန်းစာယူ၍ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံနှင့် ကိုက်ညီသည်များကို အတုယူ ဆောင်ရွက်သွားကြရမည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။ ထူးမြတ်