မွန်ပြည်နယ်အတွင်း လယ်ယာမြေကို တရားမဝင် အကွက်ရိုက် ရောင်းစားနေသည့်ကိစ္စ လွှတ်တော်၌ တင်ပြမည်

နေပြည်တော်၊ စက်တင်ဘာ ၁၇
    မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် လယ်ယာမြေကို စိုက်ပျိုးခြင်း မရှိတော့ဘဲ တရားမဝင် အကွက်ရိုက်ရောင်း စားနေကြသည့်ကိစ္စကို လွှတ်တော်တွင် တင်ပြသွားမည်ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် နိုင်သန်းရွှေက ပြောသည်။ 
    “အခုလယ်စိုက်မယ့်သူမရှိဘူး။ ရွာနားနီးတဲ့ လယ်ယာမြေတွေကို အကွက်တွေဖော်ပြီး ရောင်းနေတာက တရားဝင်မှုမရှိဘူး။ အဲဒါကို ကျွန်တော် လွှတ်တော်မှာ မေးမလား။ ဒါမှမဟုတ် အဆိုတင်သွင်းမလား လုပ်ဖို့ရှိတယ်။ ကြာလာရင် စိုက်ပျိုးရေးကဏ္ဍမှာ ထုတ်လုပ်မှုနှုန်းတွေ ကျဆင်းလာမယ်။ လယ်ယာမြေတွေ နည်းပါးလာမယ်။ အထူးသဖြင့် လယ်မြေတွေပေါ့။ လယ်မြေနည်းလာရင် စပါးထုတ်လုပ်မှု နည်းလာမယ်။ နည်းလာရင် စားနပ်ရိက္ခာက မဖူလုံဘူး။ ကျွန်တော်တို့ဆီမှာ ရော်ဘာခြံတွေ များတယ်။ ရော်ဘာခြံက ရော်ဘာအစေး ထုတ်လုပ်မှုတွေ လျော့ကျလာမယ်။ ကုန်ထုတ်လုပ်မှုတွေ အများကြီး ကျဆင်းလာမှာပေါ့။ လယ်ယာမြေကို အကွက်ရိုက်ရောင်းတာကို အစိုးရအနေနဲ့ ဘာလုပ်ရမလဲဆိုတော့ မြို့ရွာနဲ့နီးတဲ့နေရာမှာ မြို့ပြတိုးချဲ့ဖို့ကိစ္စကို တရားဝင်ချ ထားမှဖြစ်မယ်။ အစိုးရက ချမပေးဘဲ လုပ်ငန်းရှင်တွေက သူလိုလိုကိုယ်လိုလို အကွက် ရိုက်ပြီးတော့ မြို့အင်္ဂါရပ်နဲ့ မညီညွတ်တာတွေရှိတယ်။ အဲဒါကို တကယ်လို့ မြို့မြေလုပ်မယ်ဆိုရင် အစိုးရက သေသေချာချာ ချမှတ်ပြီးတော့ တရားဝင်လုပ်ပေးရင် တစ်ဖက်ကလည်း တရားဝင်မှုဖြစ်တယ်။ တစ်ဖက်ကလည်း အခွန်ရမယ်။ လူထုအတွက်လည်း အများကြီး အကျိုးဖြစ်တယ်။ အခု တရားမဝင်တဲ့အခါကျတော့ အဲဒီခြံကွက်ကို မြေဝယ်ထားတဲ့ လူတွေလည်း တရား ဝင်မှုမရှိဘူး။ တရားဝင်မဟုတ်တဲ့ အခါကျတော့ ဆုံးရှုံးနစ်နာတယ်။ ပြည်သူအတွက် အကျိုးမရှိဘူး။ နောက်တစ်ခုက တချို့လယ်ယာမြေတွေမှာ စက်ရုံတည်ဆောက်တာတွေရှိတယ်။ ဒါက အမှန်တ ကယ် လိုအပ်ချက်ရှိတယ်။ စက်ရုံဆောက်ဖို့ လယ်ယာမြေကို အခြားနည်း သုံးစွဲခွင့် လျှောက်တဲ့ စက်ရုံတွေ အခုထိမကျသေးတာ ရှိတယ်။ အဲဒါကလည်း မဖြစ်သင့်ဘူး။ အကုန်လုံးကို တရားဝင်မှုရှိအောင် လုပ်ရမယ်။ အဲဒါမှ ပြည်သူတွေအတွက် အကျိုးရှိမယ်”ဟု ၎င်းကပြောသည်။ 
    မွန်ပြည်နယ်အတွင်း လယ်ယာမြေကို အကွက်ရိုက်ရောင်းရာတွင် ၄၀’ x ၆၀’ တစ်ကွက်လျှင် ငွေကျပ် သိန်း ၃၀၀မှ ၄၀၀ အထိ ပေါက်ဈေးရှိကြောင်း အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးရဲထွဋ် အောင်က ပြောသည်။ 
    “ကျွန်တော်တို့ဆီမှာ လယ်ကိုအကွက်ရိုက်ရောင်းတာ။ ၄၀’ x ၆၀’ တစ်ကွက် ကို သိန်းသုံးရာ ကနေလေးရာအထိ ရှိတယ်။ တစ်ဧကဆိုရင် အကွက်တွေ အများကြီးထွက်နေပြီ။ ပိုက်ဆံတအားရတော့ တခြားဘက်မှာ ရင်းနှီးမြှုပ်နှံကြတယ်။ ဒီကိစ္စက ကြာလာရင် မကောင်းတော့ဘူး”ဟု ၎င်းကပြောသည်။ 
    မွန်ပြည်နယ်အတွင်း အဓိက စိုက်ပျိုးရေးလုပ်ငန်းများမှာ ရော်ဘာခြံလုပ်ငန်း၊ ကွမ်းသီးခြံလုပ်ငန်း၊ ဓနိလုပ်ငန်းနှင့် လယ်လုပ်ငန်းများ လုပ် ကိုင်ကြပြီး ယခုအခါ လယ်ယာမြေကို စိုက်ပျိုးသူ နည်းပါးလာပြီး အကွက်ရိုက်ရောင်းချမှုများ မြင့်တက်လျက်ရှိကြောင်း သိရသည်။
    မွန်ပြည်နယ်တွင် နှစ်စဉ်မိုးစပါး စိုက်ပျိုးဧက ခုနစ်သိန်းနီးပါးရှိပြီး နှောင်းပိုင်း ကာလများတွင် စပါးစိုက်ပျိုးမှုမပြုလုပ်ဘဲ လယ်ယာမြေကို အကွက်ရိုက်ရောင်းချခြင်းများ ဆက်လက် လုပ်ဆောင်နေပါက စိုက်ပျိုးဧကများ လျော့ကျသွားနိုင်သည်။  
    ၂၀၂၆ ခုနှစ် မွန်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးရေးချေးငွေအဖြစ် ကျပ် ၃၇ ဘီလီယံကျော် ထုတ်ချေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် သတင်းအချက်အလက်များအရ  သိရသည်။ 
    မွန်ပြည်နယ်အတွင်း ခရိုင်၊ မြို့ နယ် ၁၀ ခုရှိ ဘဏ်များက ကျေးရွာအုပ်စု ၃၂၇ အုပ်စုမှ တောင်သူ ၁၆၄၄၈ ဦးခန့်၏  မိုးစပါးစိုက်ဧက ၁၂၃၆၂၆ ဧကအတွက် ချေးငွ ၃၇ ဒသမ ၀၈၇ ဘီလီယံ ထုတ်ချေးပေးရန် လျာထားကြောင်း သိရသည်။ ပုဏ္ဏာပန်

Total Views ~ 10

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

65716

© 2022 - 2026 News. All Rights Reserved.