နေပြည်တော်၊ စက်တင်ဘာ ၁၇
ပုဂ္ဂလိကကျောင်းများကိုလည်း မူဝါဒနှင့်အညီ အားပေးလျက်ရှိသကဲ့သို့ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် တာဝန်ယူကြရသည့် အစိုးရပညာသင်ကျောင်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးသွားကြရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်း ပြောကြားလိုက်သည်။
စက်တင်ဘာ ၁၅ ရက်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးကို နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတက “ပညာရေးနှင့်ပတ်သက်၍ အစိုးရဗဟိုပြုသည့် ပညာရေးစနစ်ကို ကျင့်သုံးလျက်ရှိကြောင်း၊ ပုဂ္ဂလိက ပညာသင်ကြားရေးစနစ်ကိုလည်း မူဝါဒနှင့်အညီ ဆောင်ရွက်လျက် ရှိကြောင်း၊ အစိုးရကျောင်းများ၌ တက်ရောက်လျက်ရှိသည့် ကျောင်းသားကျောင်းသူများသည် လူတန်းစားအလွှာမျိုးစုံမှ ပါဝင်ကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့် အခြေခံပညာကျောင်းများတွင် သင်ကြားပေးသည့် အတန်းလိုက်ပညာရပ်များကို အမှန်တကယ် တတ်မြောက်ရန်လိုသကဲ့သို့ အထွေထွေဗဟုသုတနှင့် လူမှုဘ၀ အသိပညာများ တိုးတက်ရေးအတွက်ပါ သင်ကြားလေ့ကျင့် ပေးရန်လိုကြောင်း၊ အောင်ချက်ရာခိုင်နှုန်းနှင့် အောင်ချက်မြင့်မားရေးကိုသာ အာရုံစိုက်၍ သင်ကြားပေးခြင်းမျိုး မဟုတ်ဘဲ အမှန်တကယ် စာတတ်မြောက်ရေးကို အလေးထား သင်ကြားပေးရန်လိုကြောင်း” ပြောကြားသည်။
ထို့အပြင် “တက္ကသိုလ်များသည် လေ့လာမှုဖြင့် သင်ကြားလေ့ကျင့်ပေးခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် တက္ကသိုလ်ပညာသင်ယူချိန်တွင် သတ်မှတ်ထားသည့် ပညာသင် နှစ်များအလိုက် သင်ကြား ရမည့် သင်ခန်းစာများနှင့် စစ်ဆေးရမည့် စာမေးပွဲများ၊ သုတေ သနနှင့်စာတမ်းများကို သတ်မှတ်ချက်များအတိုင်း စနစ်တကျဖြင့် ဆောင်ရွက်မှု ရှိ၊ မရှိ တာဝန်ရှိသူများအနေဖြင့် မျက်ခြည်မပြတ် စစ်ဆေးကြပ် မတ်ဆောင် ရွက်နေရန် လိုကြောင်း၊ အဆင့်မြင့် ပညာသင်ကြားမှုများတွင် ကျောင်းသားကျောင်းသူများ အမှန်တကယ် စာတတ်မြောက်စေရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများသာမက တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့်လည်း စနစ်တကျဖြင့် ကြပ်မတ်စစ်ဆေးဆောင်ရွက်ရန်လိုကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။ ထူးမြတ်