ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အတွင်းရေးမှူး (၂) စောခွန်ကျော်ဝင်းအား ဆက်သွယ်မေးမြန်းခြင်း

၂၀၂၆ ၊ ဇွန် ၂၅

    နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ဦးတည်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် လွတ်လပ်ပြီး ကြိုတင် ကန့်သတ်ချက်များ မထားသည့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲ Peace Talk / Peace Forum များတွင် ပါဝင်တက် ရောက်နေသူ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) အတွင်းရေး မှူး (၂) စောခွန်ကျော်ဝင်း၏ အမြင်သဘောထားများကို ဆက်သွယ်မေးမြန်း ထားပါသည်။


TREND ။        ။ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးနေမှုနဲ့ ငြိမ်းချမ်းရေး အလားအလာကို သုံးသပ်ပြပါဦး။
SKKW  ။        ။
လက်ရှိ အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဖိတ်ခေါ်ထားတာတွေ ရှိပါတယ်။ အဲဒီဖိတ်ခေါ်ချက်အပေါ် လာရောက်တွေ့ဆုံ တဲ့အဖွဲ့တွေ ရှိသလို၊ အရှေ့ပိုင်းဒေသဘက်မှာလည်း မကြာသေးခင်ရက်ပိုင်းက NSPNC အဖွဲ့အနေနဲ့ ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်ပြီး 'ဝ'နဲ့ မိုင်းလား အဖွဲ့တွေထံ သွားရောက်တွေ့ဆုံခဲ့တာတွေ ရှိပါတယ်။ ကျွန်တော်တို့ အမြင်အရတော့ အစိုးရအနေနဲ့၊ အထူးသဖြင့် နိုင်ငံတော်သမ္မတကြီး ဦးဆောင်ပြီး ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ရည်မှန်းချက်တွေနဲ့ အောင်မြင်အောင် အကောင်အထည်ဖော်လိုတဲ့ အချက်တွေရှိပြီးသား ဖြစ်ပါတယ်။ ပြီးတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေကိုလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်ထက်ကစပြီး ဒီနေ့ဒီအချိန်အထိ ရရှိခဲ့ပြီးဖြစ်တဲ့အတွက် ဘယ်လိုချဉ်းကပ်ရမယ်၊ ဘယ်လိုသွားရမယ်ဆိုတာကို နိုင်ငံ တော်အစိုးရက သိရှိ နားလည်ထားပြီးသား ဖြစ်ပါတယ်။
    အဲဒီလို သိရှိ နားလည်ထားတဲ့အတွက်လည်း ငြိမ်းချမ်းရေး အောင်မြင်နိုင်ခြေရှိတဲ့ လမ်းကြောင်းပုံစံ တစ်ခုအတိုင်း လက်ရှိ NSPNC အဖွဲ့က သွားနေတယ်လို့ မြင်ပါတယ်။ အဓိကအနေနဲ့ကတော့ အစိုးရက ဦးဆောင်ပြီး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဆောင်ရွက်နေသလို၊ ကျန်ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့လည်း မိမိတို့ရဲ့အနေအထား၊ အခြေအနေ၊ ဒေသနဲ့ လူထုအကျိုးစီးပွားတွေကို သုံး သပ်ပြီးမှ တကယ့်လက်တွေ့ကျတဲ့ ဆုံးဖြတ်ချက်တွေကို ထည့်သွင်းစဉ်းစားပြီးတော့ တွေ့ဆုံညှိနှိုင်း သွားကြလိမ့်မယ်လို့ မြင်ပါတယ်။ အဓိကကတော့ နှစ်ဖက်လုံးက ဖြစ်နိုင်ခြေရှိတဲ့ အချက်တွေကို အခြေခံ ပြီး ညှိနှိုင်းဆွေးနွေးသွားရမှာ ဖြစ်ပါတယ်။ အဖွဲ့တစ်ဖွဲ့ချင်းစီကတော့ တူမှာမဟုတ်ဘူး။ ရှမ်းနီအဖွဲ့ဆိုရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကိစ္စကို တောင်းဆိုထားတာ ရှိပါတယ်။ ဒီကြားကာလမှာ သူ့နယ်မြေ သူ့အနေ အထား‌၊ နောက်သူတို့ရဲ့ ရပ်တည်ချက်၊ ခံစားမှုတွေ အများကြီးရှိတယ်။ ဒါကြောင့် သူတို့ အတွက်၊ အနာဂတ်အတွက် မျှော်လင့်ထားတာတွေကို တင်ပြတာလို့ နားလည်ပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့ အရာ တွေကိုသာ တောင်းဆိုဖို့ အစိုးရဘက်က ပြောထားပြီး ဖြစ်ပါတယ်။ ဖြစ်နိုင်ခြေ မရှိတဲ့အရာတွေကို တောင်းဆိုရင် အဖြေရဖို့ ခက်ခဲနိုင်ပါတယ်။ အဖွဲ့တစ်ဖွဲ့နဲ့တစ်ဖွဲ့ အခြေအနေမတူတဲ့အတွက် အစိုးရ ဘက်က စဉ်းစားအဖြေပေးတဲ့ ပုံစံတွေကလည်း တူညီမှာမဟုတ်ပါဘူးလို့ မြင်တယ်။ ဒါကြောင့် တိုင်းရင်း သားအဖွဲ့အစည်းတစ်ဖွဲ့ချင်းစီက သူတို့ နယ်မြေအခြေ အနေနဲ့ အနာဂတ်ဖြစ် နိုင်ခြေတွေကို ကြည့်ပြီးမှ သဘောတူညီမှုရရှိအောင် ညှိနှိုင်းသွားသင့်တယ်လို့ မြင်ပါတယ်။

TREND ။        ။ NSPNC နဲ့ ရှမ်းနီအမျိုးသားများ ညီညွတ်ရေးအဖွဲ့တို့ တွေ့ဆုံမှုမှာ ဥပဒေနှင့်အညီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရရှိလိုမှုဆိုတဲ့ ဆွေးနွေးသွားတာ တွေ့ရပါတယ်၊ ဒီအပေါ် ဘယ်လိုမြင်လဲ။
SKKW  ။        ။
လက်ရှိအစိုးရက ဖက်ဒရယ်စနစ်ကို ဦးတည်သွားမယ်လို့ ပြောထားပါတယ်။ နိုင်ငံတော် သမ္မတကလည်း လူမျိုးကိုအခြေမခံတဲ့ ဖက်ဒရယ်စနစ်ကို ဦးတည်ဆောင်ရွက်မယ်လို့ ပြောကြားထားပြီး ဖြစ်ပါတယ်။ နောက်တစ်ချက်က လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရလည်း လွှတ်တော်ရဲ့ သဘောတူညီချက် ရရှိမယ်ဆိုရင် ဆောင်ရွက်နိုင်တဲ့ အခြေအနေတွေ ရှိပါတယ်။ ဒါပေမဲ့ လုပ်ငန်းစဉ်က အချိန်ယူရမှာ ဖြစ်ပါတယ်။ အခု ရှမ်းနီအဖွဲ့ ‌ဆွေးနွေးတောင်းဆိုထားတဲ့ကိစ္စက အဲဒီနယ်မြေတွေမှာရှိတဲ့ လူထုတွေ  အနီးပတ်ဝန်းကျင် မြို့နယ်တွေ တခြားတိုင်းရင်းသားတွေ အားလုံးရဲ့ သဘောတူညီမှုရရှိဖို့ လိုအပ်ပါတယ်။ သဘောတူကြမယ် ဆိုရင်တော့ လွှတ်တော်လမ်း ကြောင်းကနေ အဆင်ပြေ သွားမယ်လို့ မြင်ပါတယ်။ အကယ်၍ ကန့်ကွက်မယ်ဆို ရင်တော့ ဒါက အကောင်အထည်ဖော်ဖို့ ခက်ခဲနိုင်ပါ တယ်။ ဒါကြောင့် ခေါင်းဆောင်တွေအနေနဲ့ဖြစ်စေ၊ ပြည်သူလူထုအနေနဲ့ဖြစ်စေ မိမိတို့ ဖြစ်ချင်တာထက် ဖြစ်သင့်တဲ့အရာကို ဦးစားပေးပြီး ညှိနှိုင်းဆွေးနွေးသွားဖို့ လိုအပ်ပါတယ်။ လိုက်လျောနိုင်တဲ့အချက်တွေကို လိုက်လျောပြီး သဘောတူညီမှု ရယူနိုင်မယ်ဆိုရင် အောင်မြင်နိုင်ခြေ ရှိပါတယ်။ အဲဒီလိုမဟုတ်ဘဲ တိုင်းရင်းသားအဖွဲ့တစ်ဖွဲ့က တောင်းဆို၊ ကျန်တဲ့အဖွဲ့တွေက ကန့်ကွက်ဆိုတဲ့ ပုံစံမျိုးနဲ့ သွားနေမယ်ဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ပိုမို ဝေးကွာသွားနိုင်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားတွေရဲ့ လိုလားတောင်းဆိုမှုတွေကို နိုင်ငံ့အကျိုး၊ ဒေသအကျိုးနဲ့ ပြည်သူလူထုအကျိုးကို အခြေခံပြီး စဉ်းစားဖို့ လိုအပ်ပါတယ်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း ကျေးရွာအုပ်စု၊ မြို့နယ်နဲ့ အုပ်ချုပ်ရေးနယ်နိမိတ် တွေကို လိုအပ်သလို ပြင်ဆင်ခြင်း၊ တိုးချဲ့ခြင်း၊ လျှော့ချခြင်းတွေ ပြုလုပ်နိုင်တဲ့ ပြဋ္ဌာန်းချက်တွေ ရှိပြီးသားဖြစ်ပါတယ်။ နောက်တစ်ခုက မြို့နယ်တွေ ဖွဲ့စည်းလို့ရတယ်၊ ခရိုင်တွေ ဖွဲ့စည်းလို့ရတယ်။ အုပ်ချုပ်ရေးနယ်နိမိတ် ပြင်ဆင် သတ်မှတ်တာတွေ လုပ်လို့ရတဲ့ အခွင့်အလမ်းတွေ ရှိပြီးသား ဖြစ်ပါတယ်။
    ဒါပေမဲ့ လက်တွေ့အကောင်အထည်ဖော်မယ့် အခြေအနေမှာတော့ လုပ်ငန်းစဉ်က အတော်လေး  ရှုပ်ထွေးခက်ခဲပါတယ်။ သို့သော် ဥပဒေအရ လမ်းကြောင်းကို ဖွင့်ထားပြီးသား ဖြစ်တဲ့အတွက် အဆင့်ဆင့် ဆောင်ရွက်သွားမယ်ဆိုရင် ဖြစ်နိုင်ခြေရှိပါတယ်။ 

TREND ။        ။ လက်ရှိနိုင်ငံရေး အခင်းအကျင်းမှာ တိုင်းရင်းသားအရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အရေး၊ နိုင်ငံရေးဆွေးနွေးမှုတွေ ဆက်လက်ရှိနေဆဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘယ်လိုအခြေအနေတွေ ဖြစ်လာနိုင်လဲ။
SKKW  ။        ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲစဉ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ ဖွဲ့စည်းတဲ့အခါ သတ်မှတ်ထားတဲ့ အခြေခံမူတွေ ရှိခဲ့ပါတယ်။ အဲဒီအခြေခံမူတွေအရ အကျုံးဝင်တဲ့ တိုင်းရင်းသား အုပ်စုတွေဟာ လက်ရှိမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ဒေသအဖြစ် ရပ်တည်နေကြပါတယ်။ ၂၀၀၈ ကို အခြေခံပြီး လွှတ်တော်ထဲမှာ နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေက အဆိုပြုဆွေးနွေးကာ တိုင်းရင်းသားတွေ အကျိုးရှိမယ့် ပြဋ္ဌာန်းချက်အသစ်တွေ ချမှတ်နိုင်မယ်ဆိုရင် အခွင့်အလမ်းတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသစ်တွေနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်မှာ နိုင်ငံရေးပါတီတစ်ခုခု ဒါမှမဟုတ် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဦးက အဆိုတင်သွင်းလာပြီး လွှတ်တော်က သဘောတူအတည်ပြုမယ်ဆိုရင် ဖြစ်နိုင်ခြေရှိတဲ့လမ်းကြောင်းတွေ ရှိပါတယ်။ အဲဒီလို ဆောင် ရွက်ရာမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခြေခံမူတွေကို အခြေခံရမယ်လို့ နားလည်ပါတယ်။ အဲဒီအခြေခံမူတွေကလည်း တိုင်းရင်းသားလူမျိုးစုတွေ၊ ဒေသခံပြည်သူတွေ၊ လူ့အခွင့်အရေးဆိုင်ရာ အကျိုးစီးပွားတွေကို အကျိုးဖြစ်ထွန်းစေဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ အကျဉ်း ချုပ်ပြောရရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုအပ်သလို ပြင်ဆင်ဖြည့်စွက်ပြီး ဆောင်ရွက်နိုင်မယ်ဆိုရင် တိုင်းရင်းသားတွေလိုလားနေတဲ့ အချက်တွေ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ သက်ဆိုင်တဲ့အချက်အချို့ကို ဖြေရှင်းနိုင်မယ့်အခွင့်အလမ်းတွေ ပိုမိုပေါ်ပေါက်လာနိုင်ပါတယ်။ ဒါဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုလုံးကို ပြန်လည်ရေးဆွဲဖို့ ဆိုလိုတာ မဟုတ်ပါဘူး။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ တောင်းဆို နေတဲ့ အချက်တွေထဲက ဖြစ်နိုင်ခြေရှိတဲ့အချက်တွေ ပြင်ဆင်ဖို့ပေါ့။ တိုင်းရင်းသားတွေရဲ့ ဖြစ်နိုင်ခြေရှိတဲ့ တောင်းဆိုချက်တွေကို လွှတ် တော်မှာ ဆွေးနွေးအတည်ပြုနိုင်တယ်လို့ဆိုလိုတာ ဖြစ်ပါတယ်။

TREND ။        ။  'ဝ'အဖွဲ့၊ မိုင်းလားအဖွဲ့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ NSPNC တို့ တွေ့ဆုံဆွေးနွေးမှုတွေ တင်ပြဆွေးနွေးတဲ့ အကြောင်းအရာတွေနဲ့ ဘယ်လိုသုံးသပ်ချင်လဲ။
SKKW  ။        ။
လက်ရှိ NSPNC အနေနဲ့လည်း NCA-S EAOs ခုနစ်ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်သလို 'ဝ'အဖွဲ့ (UWSA) နဲ့ မိုင်းလားအဖွဲ့ (NDAA) တို့နဲ့လည်း တွေ့ဆုံပြီး ဖြစ်ပါတယ်။ အဲဒီတွေ့ဆုံမှုတွေမှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ တောင်းဆိုချက်တွေ၊ နိုင်ငံရေးရပ် တည်ချက်တွေကို ဆွေးနွေးခဲ့ကြမယ်ထင်ပါတယ်။ ဒီအချက်တွေကို တိုင်းရင်းသားတွေ လိုလားနေတဲ့ တောင်းဆိုချက်တွေနဲ့ ချိတ်ဆက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်အတွင်း ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် နှစ်ဖက်ကြားက ကွာဟချက်တွေကို လျှော့ချနိုင်မယ်လို့ ထင်ပါတယ်။ လက်ရှိအခြေအနေမှာလည်း အဲဒီနည်းလမ်းနဲ့ သွားနိုင်တယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းပြီး အစကနေ ပြန်လည်ရေးဆွဲမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေမရှိတဲ့ အခြေအနေတစ်ရပ် ဖြစ်ပေါ်လာနိုင်ပြီး နိုင်ငံအတွက်လည်း အခက်အခဲတွေ ကြုံရနိုင်ပါတယ်။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံထားပြီး တစ်ဆင့်ချင်း ပြင်ဆင်ဖြည့်စွက်သွားမယ်၊ လိုအပ်တဲ့ အချက်တွေကို ဖြေလျှော့ပေးသွားမယ်ဆိုရင် ပိုပြီးဖြစ်နိုင်ခြေရှိတယ်လို့ မြင်ပါတယ်။ ဥပမာ လွှတ်တော်ထဲမှာ အနိုင်ရပါတီတွေ၊ တိုင်းရင်းသားပါတီတွေ အားလုံးပူးပေါင်းပြီး ဆွေးနွေးညှိနှိုင်းကာ သဘောတူညီချက် ရရှိနိုင်မယ်ဆိုရင် အဲဒီလမ်းကြောင်းကနေ ဖြေရှင်းနိုင်ပါတယ်။ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့အချက်တွေထဲက ဖြစ်နိုင်ခြေရှိတဲ့အရာတွေကို ပြည်ထောင်စုလွှတ်တော်အတွင်း ဆွေးနွေးပြီး ဥပဒေကြောင်းအရ ဆောင်ရွက်ပေးမယ့် အခြေအနေတွေ ဖြစ်လာနိုင်ပါတယ်။ SSPP ရဲ့ ထုတ်ပြန်ချက်တွေကို ကြည့်မယ်ဆိုရင်လည်း ယခင်က အဆင်မပြေမှုတွေ၊ အတွေ့အကြုံတွေကနေ သင်ခန်းစာယူမယ်ဆိုတဲ့ သဘောထားကို တွေ့ရပါတယ်။ ဒါ့အပြင် ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတစ်ရပ် တည်ဆောက်ရေးကို ဦးတည်မယ်လို့လည်း ပြောထားပါတယ်။ နောက်တစ်ချက်ကတော့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းရမယ်ဆိုတဲ့ ရပ်တည်ချက်ကို ဆက်လက်ကိုင်စွဲထားတာ တွေ့ရပါတယ်။ SSPP အနေနဲ့ ဒီလိုသဘောထားတွေ ထုတ်ဖော်ပြောဆိုလာတာဟာ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်အတွက် အပြုသဘောဆောင်တဲ့ အချက်တစ်ခုလို့ မြင်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရမယ်ဆိုတဲ့နေရာမှာ မြန်မြန်တွေ့ဆုံ၊ မြန်မြန်ညှိနှိုင်းဖို့ လိုပါတယ်။ မြေပြင်အခြေအနေ ပြောင်းလဲတာမြန်တဲ့အတွက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ မြန်မြန်အဖြေရှာဖို့လိုတယ်။ ၂၀၁၅ ကနေ ၂၀၂၀ မြေပြင် အနေအထားကိုကြည့်ရင် တစ်မျိုးတွေ့ရလိမ့်မယ်။ ၂၀၂၀ ကနေ ၂၀၂၅-၂၆ မြေပြင်အနေ အထားတွေကို ကြည့်လိုက်ရင် တစ်မျိုးရှိတယ်။ ပဋိပက္ခရှိတဲ့ နယ်မြေတွေနဲ့ ပုံစံအမျိုးမျိုး ပြောင်းနေတယ်။ ဒါကြောင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမယ့် သဘောထားတွေရှိနေတော့ အချိန်မဆိုင်းဘဲ မြန်မြန်တွေ့ဆုံညှိနှိုင်းဖို့၊ မြန်မြန်သဘော တူညီမှုရအောင် ဆွေးနွေးသင့်တယ်လို့ မြင်တယ်။

TREND ။      ။ တွေ့ဆုံ ဆွေးနွေးပွဲတွေက ပိုမိုကျယ်ပြန့်လာဖို့  လက်တွေ့အကျိုးရလဒ်တွေ ထွက်ပေါ် လာပြီး ငြိမ်းချမ်းရေးလုပ်ငန်းကို အထောက်အကူပြုစေဖို့ ဘယ်လို ကြိုးပမ်းကြမလဲ။
SKKW  ။        ။
NSPNC နဲ့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းတွေ မကြာခဏ တွေ့ဆုံနိုင်မယ်ဆိုရင် ပိုကောင်းပါတယ်။ ထိတွေ့ဆက်ဆံမှုများလာတဲ့အခါ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှုတွေရှိလာမယ်။ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှုရှိလာရင် သဘောတူညီမှုအတွက် အများကြီး အထောက်အကူပြုတယ်။ တစ်ခါ တလေ တစ်နှစ်မှာ တစ်ကြိမ်၊ နှစ်ကြိမ်သာ တွေ့ဆုံပြီး မကြာခဏ မတွေ့ဖြစ်တဲ့အခါ ပုဂ္ဂိုလ်ရေးရင်းနှီးမှု မရှိနိုင်သလို ယုံကြည်မှုကိုလည်း တည်ဆောက်ဖို့ ခက်ခဲပါတယ်။ ယုံကြည်မှုမရှိတဲ့အခါ ဆွေးနွေးညှိနှိုင်း မှုတွေ အဆင်မပြေဘဲ ဖြေရှင်းချက်တွေ ရှာဖွေဖို့ ပိုမို ခက်ခဲသွားနိုင်ပါတယ်။ ဥပမာ ကော်မတီတစ်ရပ် ဖွဲ့စည်းပြီး တိုင်းရင်းသားအဖွဲ့ တစ်ဖွဲ့ချင်းစီကို တာဝန်ခံပုဂ္ဂိုလ်သတ်မှတ်ပေးထားမယ်ဆိုရင် ထိတွေ့ဆက်ဆံမှုတွေ ပိုမိုများပြားလာပြီး ပိုပြီး ထိရောက်လာနိုင်ပါတယ်။ တွေ့ဆုံဆွေးနွေးမှုများလာရင် သဘောတူညီမှုရဖို့ ပိုလွယ်လာမယ်။ မကြာခဏ တွေ့ဆုံစကားပြောပြီး ရင်းနှီးမှုတွေကတစ်ဆင့် ယုံကြည်မှုတည်ဆောက်နိုင်မယ်။ အဓိကကတော့ အပြန်အလှန် ယုံကြည်မှုပါ။ ယုံကြည်မှု မတည်ဆောက်နိုင်ရင် သဘောတူညီမှုတွေ ဝေးသွားမယ်လို့ မြင်တယ်။ အဓိကကတော့ ငြိမ်းချမ်းရေးအတွက် အရေး ကြီးဆုံးက ယုံကြည်မှုတည်ဆောက်ခြင်းပဲ။ ယုံကြည်မှုကိုတော့ တွေ့ဆုံဆွေးနွေးမှုတွေကနေ စတင်တည်ဆောက်ရမှာ ဖြစ်ပါတယ်။ အားလုံးကို စုပေါင်းပြီး ဖိုရမ်တွေ၊ ညီလာခံတွေ၊ ဆွေးနွေးပွဲကြီးတွေ ကျင်းပတာလည်း လိုအပ်ပါတယ်။ ဒါပေမဲ့ အဲဒီလို ဆွေးနွေးပွဲကြီးတွေကို တစ်နှစ်တစ်ကြိမ်၊ သုံးနှစ်တစ်ကြိမ်သာ ပြုလုပ်မယ်ဆိုရင် တွေ့ဆုံမှုကြားကာလ အရမ်းရှည်သွားပါတယ်။ နောက်ဆုံးမှာ ဆွေးနွေးမှုတွေက အဖြေတစ် ခုခု ရနိုင်ပေမယ့် အချိန်ပိုကြာသွားနိုင်ပါတယ်။ နောက်တစ်ချက်က ဖိုရမ်တွေ၊ ညီလာခံတွေမှာ ပါဝင်သူအရေအတွက် အလွန်များပြားတတ်ပါတယ်။ လူများတဲ့အခါ ဆွေးနွေးချိန် ကန့်သတ်ချက်တွေ ရှိလာပါတယ်။ အချို့သော တိုင်းရင်းသားအဖွဲ့အစည်းတွေက သူတို့ရင်ထဲမှာရှိတဲ့ အကြောင်းအရာတွေ၊ စိုးရိမ်ချက်တွေ၊ တောင်းဆိုချက်တွေကို အချိန်မလုံလောက်တာကြောင့် အပြည့်အ၀ မတင်ပြနိုင်ဘဲ ပြန်သွားရတာတွေ ရှိပါတယ်။ အဲဒီလိုဖြစ်တဲ့အခါ ညီလာခံတစ်ခု ပြီးသွားတယ်၊ ဖိုရမ်တစ်ခု ပြီးသွားတယ်ဆိုပေမယ့် တချို့ပုဂ္ဂိုလ်တွေက သူတို့ရဲ့အမြင်တွေ၊ ခံစားချက်တွေ၊ အကြံပြုချက်တွေကို မပြောဖြစ်ဘဲ ပြန်သွားကြတာ ရှိပါတယ်။ ဒါကြောင့် လူအများကြီးပါဝင်တဲ့ ဆွေးနွေးပွဲကြီးတွေထက် လူနည်းနည်းနဲ့ မကြာခဏ တွေ့ဆုံတာ၊ တစ်ဖွဲ့ချင်းစီတွေ့ဆုံဆွေးနွေး နိုင်တဲ့ပုံစံက ပိုပြီး ထိရောက်မှုရှိနိုင်တယ်လို့ မြင်ပါတယ်။ ဥပမာ NSPNC နဲ့ ရှမ်းနီအဖွဲ့ တွေ့ဆုံတဲ့အခါ ရှမ်းနီအဖွဲ့အနေနဲ့ သူတို့ရဲ့ ခံစားချက်တွေ၊ တောင်းဆိုချက်တွေ၊ မျှော်မှန်းချက်တွေကို တင်ပြပြီး ဖြစ်ပါတယ်။ အစိုးရဘက်ကလည်း အဲဒီအချက်တွေကို သိရှိပြီး ဖြစ်ပါတယ်။ သိရှိပြီးတဲ့နောက် NSPNC နဲ့ ရှမ်းနီအဖွဲ့ကြားမှာ နောက်တစ်ကြိမ် တရားဝင်တွေ့ဆုံပွဲ ကြားကာလအတွင်း ကိုယ်စားလှယ်တွေ စေလွှတ်ပြီး အပေးအယူကိစ္စတွေ၊ သဘောတူညီချက်ရနိုင်မယ့် အချက်တွေကို ဆက်လက် ညှိနှိုင်းသင့်ပါတယ်။ အဲဒီလိုပဲ SSPP/SSA နဲ့ တွေ့ဆုံပြီးတဲ့အခါ SSPP/SSA ရဲ့ သဘောထားကို အစိုးရဘက်က သိရှိပြီး ဖြစ်သလို အစိုးရရဲ့ သဘောထားကိုလည်း SSPP/SSA ဘက်က သိရှိပြီး ဖြစ်ပါတယ်။ အဲဒီအပေါ် အခြေခံပြီး နှစ်ဖက်ကိုယ်စားလှယ်တွေ ဆက်လက်တွေ့ ဆုံပြီးတော့  အဖြေထွက်နိုင်မယ့် အချက်တွေကို အသေးစိတ် ဆွေးနွေးသင့်ပါတယ်။ အဲဒီလို ဆွေးနွေးရာကနေ တစ်ဖွဲ့ချင်းစီနဲ့ အဖြေတစ်ခုခု ရလာမယ်။ ဒီလို အဖွဲ့တစ်ဖွဲ့ပြီးတစ်ဖွဲ့ အဲဒီလို ညှိနှိုင်းဆွေးနွေးပြီး သဘောတူညီမှုတွေ တဖြည်းဖြည်း များပြားလာတဲ့အခါ ဖိုရမ်တွေ၊ ညီလာခံတွေ၊ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲကြီးတွေ ထပ်ကျင်းပလိုက်မယ်ဆိုရင် တွေ့ဆုံဆွေးနွေးမှုအတွက်၊ ငြိမ်းချမ်းရေးအတွက် ပိုပြီး ထိရောက်မယ်လို့ မြင်ပါတယ်။ ဥပမာ အဖွဲ့အစည်း ၁၀ ဖွဲ့လုံးကို တစ်ပြိုင်နက်တည်းတွေ့ပြီး ၁၀ ဖွဲ့လုံးနဲ့ သဘောတူညီမှု မရသေးသည့်တိုင်ပေါ့။ အရင်ဆုံး ငါးဖွဲ့၊ ခြောက်ဖွဲ့လောက်နဲ့ သဘောတူညီချက်တွေ ရရှိလာမယ်၊ ဒါဆိုရင် နောက်ပိုင်း ငြိမ်းချမ်းရေးညီလာခံမှာ ဆက်လက်ဆွေးနွေးတဲ့အခါ ပိုမို လွယ်ကူပြီး ထိရောက်မယ်လို့ မြင်တယ်။

TREND ။        ။ အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အလားအလာ ဘယ်လိုသုံးသပ်ချင်လဲ။
SKKW  ။        ။
အဓိကကတော့ ကျွန်တော်တို့ ခေါင်းဆောင်တွေရဲ့ ခံယူချက်နဲ့ သဘောထားပေါ်မူတည်ပါတယ်။ ဆုံးဖြတ်ချက်တစ်ခု ချမှတ်တဲ့အခါ လက်ရှိ မြေပြင်အခြေအနေမှာ ဒေသအတွက် ကောင်းမယ်၊ လူထုအတွက် အကျိုးရှိမယ်လို့ ယုံကြည်ပြီး လက်ခံဆောင်ရွက်မယ်ဆိုရင် ဒါကို သဘောတူမယ်ဆိုရင် လူထုအတွက်လည်း အကျိုးရှိမယ်၊ ဒေသအတွက်လည်း အကျိုးရှိမယ်၊ တိုင်းပြည်အတွက်လည်း အကျိုးရှိမှာ ဖြစ်ပါတယ်။ အဲဒီလိုအမြင်တွေနဲ့ ဆုံးဖြတ်ပြီး သဘောတူညီချက် ရယူနိုင်မယ်ဆိုရင် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွေ ပိုမိုမြန်ဆန်စွာ ရှေ့ဆက်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလိုမဟုတ်ဘဲ တိုင်းရင်းသား အဖွဲ့အစည်းဘက်ကဖြစ်စေ၊ မိမိတို့ရဲ့ အကျိုးစီးပွားကိုသာ အဓိကထားပြီး လူထုအကျိုးစီးပွားကို နံပါတ် (၁) ဦးစားပေးအဖြစ် မသတ်မှတ်ဘူးဆိုရင် သဘောတူညီချက်ရရှိဖို့ ခက်ခဲနိုင်ပါတယ်။ ဒေသအတွက်၊ လူထုအတွက်အကျိုး ရှိ၊ မရှိကို အဓိကစဉ်းစားရမယ့်အစား အဖွဲ့အစည်းတစ်ခုချင်းစီရဲ့ အကျိုးစီးပွားကိုသာ ဦးစားပေးမယ်ဆိုရင် အောင်မြင်နိုင်ခြေ နည်းသွားမှာပါ။ တစ်ဖက်မှာလည်း အစိုးရအနေနဲ့ ဖြစ်နိုင်ခြေရှိတဲ့ တောင်းဆိုချက်တွေကို လိုက်လျောပေးနိုင်ရင် လိုက်လျောပေးဖို့ လိုပါတယ်။ အဲဒီလို လိုက်လျောပေးနိုင်တဲ့ အခြေအနေမျိုးဆိုရင် သဘောတူညီချက် ရရှိနိုင်ပါတယ်။ ဒါကြောင့် အစိုးရဘက်ကရော၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဘက်ကရော သဘောတူညီချက်တစ်ခု ရရှိသွားရင် အဲဒီသဘော တူညီချက်က လာမယ့် ငါးနှစ်၊ (၁၀) နှစ်အတွင်း ဒေသအတွက် ဘယ်လောက်အကျိုးရှိမလဲ၊ လူထုအတွက် ဘယ်လောက် အကျိုးရှိမလဲ၊ တိုင်းပြည်တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လောက် အထောက်အကူ ဖြစ်စေမလဲဆိုတာကို အဓိကထား စဉ်းစားဖို့ လိုပါတယ်။ အဲဒီလို အနာဂတ် အကျိုးစီးပွားကို ရှေးရှုပြီး ဆုံးဖြတ်နိုင်မယ်ဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိုမို ရှေ့ဆက်နိုင်မယ်လို့ မြင်ပါတယ်။

TREND    ။    ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။   
ညီသစ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၃ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့် ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 158

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63356

© 2022 - 2026 News. All Rights Reserved.