ဖလုံ (စဝေါ်) ဒီမိုကရက်တစ်ပါတီအတွင်းရေးမှူး စောကြည်လင်းအား ဆက်သွယ်မေးမြန်းခြင်း

၂၀၂၆ ၊ မေ ၂၈
    ဘားအံ-ကော့ကရိတ်-မြဝတီလမ်းပိုင်းဖြစ်သည့် အာရှလမ်းမကြီး  ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် မြဝတီနယ်စပ်ကုန်သွယ်ရေး အခြေအနေနှင့်  ထိုင်းနိုင်ငံ ကုန်ပစ္စည်းများ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းရှိ နေရာဒေသအသီးသီးသို့ ဝင်ရောက်နေသည့် အခြေအနေတို့အပေါ် ကရင်ပြည်နယ်ဒေသခံ ဖလုံ(စဝေါ်) ဒီမိုကရက်တစ်ပါတီအတွင်းရေးမှူး စောကြည်လင်း၏ အမြင် သဘောထားများကို ဆက်သွယ်မေးမြန်းထားပါသည်။


TREND ။        ။ ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး ဖွင့်ပြီးတဲ့နောက် ‌‌ဒေသရဲ့ ကုန်စည်သယ် ယူပို့ဆောင်ရေး ဘယ်လိုအနေအထားရှိနေလဲ။
SKL    ။    ။
ကုန်စည်စီးဆင်းမှုက မရှိသေးဘူးလို့ပဲ ပြောရမှာပါ။ ကုန်ကားတွေ သွားလာတာ မရှိသေးဘူးလေ။ ကုန်သွယ်ရေးဇုန်လည်း မဖွင့်သေးဘူး။ မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတား(၂)ကလည်း မဖွင့်သေးဘူး။ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးရဲ့ အဓိက လမ်းကြောင်းက ဒီအမှတ်(၂)တံတားက အဓိကပဲ။ကုန်သွယ်ရေးဇုန်လည်း ငြိမ်နေတာပဲ။ အာရှလမ်းပိုင်းကတော့ ဖွင့်လိုက်ပြီ။ လုံခြုံရေးတွေလည်း သေချာလုပ်ထားတယ်။ လမ်းပိုင်းဖွင့်လိုက်တော့ သွားလာရေး၊ ဆက်သွယ်ရေးတော့ လွယ်ကူသွားတာ ပေါ့။ လမ်းကောင်းတော့ သွားရလာရတာ မြန်သွားတာပေါ့။ အရင်တုန်းကဆိုရင် တခြားနေရာကို တက်ရတာကိုး၊ တခြားနေရာက လမ်းကြမ်းတယ်လေ။ ကားကြီးတွေလည်း တက်လို့မရဘူး။ အခုကတော့ ဘယ်ကားမဆို အချိန်မရွေး သွားလာလို့ရသွားပြီ။ ဒါကတော့ အာရှလမ်းမကြီး ဖွင့်လှစ်လိုက်တဲ့ အကျိုးကျေးဇူးပဲ။ ဒီလမ်းက အာရှလမ်းမကြီး။ AH1 (Asian Highway 1) လေ။ သူက မြန်မာပြည်ကို ဖြတ်သွားတယ်။ ပြီးတော့ ဘားအံမှာက ဟိုဘက် ထိုင်းဘက်ကိုသွားတဲ့ သောင်ရင်းမြစ်ကိုဖြတ်တဲ့ တံတား နှစ်စင်းရှိတယ်။ အမှတ်(၁)နဲ့ (၂)ပေါ့။ မြဝတီမြို့ပေါ်မှာက တံတား(၁)၊ ပထမဦးဆုံး ချစ်ကြည်ရေးတံတားပေါ့။ နောက်မှ ဂျပန်၊ တရုတ် အကူအညီနဲ့လား မသိဘူး။ အမှတ်(၂) ချစ်ကြည်ရေးတံတားက ပေါ်လာတာ သိပ်မကြာသေး ဘူး။ အမှတ်(၁)က ဖွင့်တယ်၊ သူက ကုန်သွယ်ရေးလမ်းကြောင်း မဟုတ်ဘူးလေ။ ကုန်သွယ်ရေးဇုန်အတွက် ကားကြီးတွေ မရှိဘူးလေ။ မြို့ထဲဆိုတော့ ဟိုဘက်ကမ်း၊ ဒီဘက်ကမ်း ဒီဘက်ကလူတွေ ဟိုဘက်သွား၊ ဟိုဘက်က လူတွေ ဒီဘက်လာပေါ့။ ပြောရရင် အဲဒီအမှတ်(၁) တံတားကလည်း ကြာလာတော့ ကြံ့ခိုင်ရေးလည်း သိပ်မကောင်းတော့ဘူး။ 
    အမှတ်(၂)တံတားက ကုန်သွယ်ရေးအတွက် ရည်ရွယ်ပြီး ဆောက်ထားတာ။ အမှတ်(၂)တံတား တည်ဆောက်ခဲ့တယ်ဆိုတာက ဟိုဘက်တံတား(၁)က ကြံ့ခိုင်မှုနည်းလာတာလည်း ပါတယ်။ ပြီးတော့ တံတား (၁)က လူနေအိမ်‌တွေ ကြားထဲက မြို့ပေါ်က  ဖြတ်လာရတာကိုး။ အမှတ် (၂) တံတားကျတော့ မြဝတီမြို့ပြင် တံတားလေ။ မြို့ပြင်မှာဆိုတော့ လွတ်လွတ်လပ်လပ်နဲ့ မြေနေရာ ကျယ်ကျယ်ဝန်းဝန်း လုပ်နိုင်တယ်၊ ကုန်သွယ်ရေး လုပ်နိုင်တယ်၊ ထိုင်းက ကုန်ကားတွေလည်း ဝင်လာနိုင်တယ်။ ဒီဘက်က ကုန်ကားတွေလည်း ဟိုဘက်သွား လို့အဆင် ပြေတယ်။ နှစ်ဖက်အဆင်ပြေပြေလေး ဖြစ်တာကြောင့် အမှတ်(၂) တံတားကတော့ အဓိက နှစ်ဖက်ကုန်သွယ်ရေးအတွက်ပဲ။ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်ပြီး ဆောက်လုပ်ခဲ့တာ။ အခုက တံတားကလည်း ပိတ်ထား၊ ကုန်သွယ်ရေးဇုန်ကြီး မဖွင့်သေးဘူးဆိုတော့ ကုန်စည်စီးဆင်းမှု မရှိသေးတာပေါ့။ ဆိုတော့ မြဝတီနယ်စပ်ကုန်သွယ်ရေး အလားအလာကတော့ တည်ငြိမ်မှုရှိရင်တော့ ဖြစ်လာမှာပါ။ ဒေသတွင်း တည်ငြိမ်မှုရှိရင် နယ်စပ်ကုန်သွယ်ရေးက အလုပ်လုပ်ရတာ အဆင်ပြေတာပေါ့။ မြဝတီနယ်စပ်ကုန်သွယ်ရေး အလားအလာက ဒီဒေသ ဘယ် လောက်အထိ တည်ငြိမ်သလဲ၊ အဲဒီအပေါ် မူတည်ပါတယ်။ ထိုင်းကတော့ တည်ငြိမ်တယ်။ ကျွန်တော်တို့ နိုင်ငံက မတည်ငြိမ်သေးတော့ ထိုင်းဘက်ကလည်း အလုပ်လုပ်ရတာ ခက်တာပေါ့။ အခုကဝောာ့ အာရှလမ်းကြီးပဲ ဖွင့်ထားတာ။ လမ်းတွေ ပေါ်လာပြီဆိုရင် သွားရလာရ အဆင်ပြေတယ်။ ကုန်သွယ်ရေးအပါအဝင် ဘာပဲလုပ်လုပ် လူမှုစီးပွားဘ၀အားလုံး အဆင်ပြေပြေလေးနဲ့ သွားလာနိုင်တာပေါ့။ အကြောက် အလန့်မရှိ ရှောရှောရှူရှူနဲ့ သွားနိုင်လာနိုင်ရင် အကုန်လုံး အဆင်ပြေသွားပါပြီ။ အဓိကကတော့ နယ်မြေ‌ဒေသ တည်ငြိမ်ရေးနဲ့ လုံခြုံရေးက ကောင်းလာပြီဆိုရင်တော့ မြန်မာနဲ့ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုက ရှောရှောရှူရှူ ဖြစ်လာမှာပါ။ အခုလက်ရှိ အခြေအနေကတော့ တည်ငြိမ်ပါတယ်လို့ ပြောလို့မရသေးတဲ့ အခြေအနေလို့ ပြောရမှာပါ။

 


TREND ။        ။ ဒါဆိုရင် အာရှလမ်းမကြီး ဖွင့်ပေမယ့် မြဝတီကုန်သွယ်ရေးဇုန်နဲ့ အမှတ်(၂) တံတား  ဖွင့်လှစ်နိုင်ဖို့က နှစ်နိုင်ငံ ကုန်သွယ်ရေးအတွက် အဓိကလိုအပ်ချက်လို့ ပြောလို့ရလား။
SKL    ။    ။
သေချာပါတယ်။ လမ်းဖွင့်ပေမယ့် အမှတ် (၂) တံတားကြီး မဖွင့်သေးဘူး။ ကုန်သွယ်ရေးဇုန်လည်း မဖွင့်သေးဘူးဆိုတော့ ဒီအာရှလမ်းပိုင်းက ကုန်စည်စီးဆင်းမှု မရှိသေးဘူးလို့တော့ ပြောရမှာပါ။ ဘာကြောင့်လဲဆိုတော့ လမ်းမကြီးမှာတော့ ကုန်ကားကြီး သွားလာတာတွေကတော့ လတ်တလော မတွေ့သလောက်ပါဘဲ။ ကုန်ကားကြီးတွေ လာဖို့ဆိုတာက မြဝတီကုန်သွယ်ရေးဇုန်ကြီးက အားလုံး Fuction ဖြစ်နေမှ ရမယ်လေ။ ကုန်သွယ်ရေးဇုန်ကြီးဆိုတာက အရင်က ကားတန်းကြီးက အရှည်ကြီးလေ။ တစ်နေ့တစ်နေ့ကို တွဲကားကြီးတွေချည်းပဲ အစီး ၂၀၀၊ ၃၀၀ ရာနဲ့ချီ ပုံမှန် သွားလာခဲ့တာပဲ။ ဒီလမ်းကြီးကို မပိတ်ခင် အရင်တုန်းက အဲဒီကုန်ကားကြီးတွေကလည်း ရန်ကုန်၊ မန္တလေး အထိ သွားလာခဲ့ကြတာ။ ဘားအံဆိုရင် လမ်းမပေါ်မှာ ကုန်ကားပဲ တက်နေတာ။ အခုအဲဒီကားတွေ တစ်ခါမှ တွေ့မှမတွေ့ဘဲ။ တစ်စီးစ၊ နှစ်စီးစတော့ တွေ့တာပေါ့။ ဒါက Border Trade ဘယ်ဟုတ်မလဲ၊ ဒေသတွင်းပေါ့။ ဟိုက ကြက်သွန်တွေ ယူလာပြီး ဒီမှာလာရောင်းတာတို့ ဒီလောက်ပဲရှိမှာပေါ့။ ဟိုဘက်နိုင်ငံကို ပို့တာမျိုးကတော့ အခုထက်ထိကတော့ မကြားသေးဘူး။ ကုန်စည်သယ် ယူပို့ဆောင်ရေးက ရှိကောင်းရှိနိုင်တယ်။ ဒါပေမဲ့ အဲဒါက တရားဝင်ဖြစ်ချင်မှ ဖြစ်မယ်။ တကယ်လို့ လမ်းပေါ်မှာ ကုန်ကားကြီးတွေ တွေ့တယ်ဆိုရင် အဲဒါက တရားဝင် မဟုတ်သေးဘူးလို့ ထင်တာပဲ၊ ကျွန်တော့်ထင်မြင်ချက်ပါ။
    မှောင်ခို ခေါ်မလား၊ တရားမဝင် ခေါ်မလား။ ဟိုဘက်ခြမ်းကနေ ဒီဘက်ခြမ်းကို စက်လှေလေးနဲ့ ကူးတာမျိုး၊ လူနဲ့ကူးတာမျိုးတော့ အနည်း အပါးတော့ ရှိမှာပေါ့။ ဒါက တကယ့် Trade Zone မဟုတ်ဘူးလေ။
    ဒီလို တရားမဝင်ကုန်တွေကိုလည်း အကောက်ခွန်ဌာနနဲ့ ပူးပေါင်းအဖွဲ့တွေက စိစစ်ဖမ်းဆီးတာတွေ လုပ်နေပါတယ်။ ဟိုတုန်းက ပါတီကောင်စီခေတ်နဲ့ သွားတူတယ်၊ ပါတီကောင်စီခေတ်တုန်းက မှောင်ခိုဆိုတာ ကြားဖူးမှာပါ။ အခုက အဲဒီပုံစံမျိုးတွေဖြစ်နေတယ်။ 

TREND ။        ။ မြဝတီ နယ်စပ်ကုန်သွယ်ရေးမှာ တရားမဝင် လမ်းကြောင်းကနေ သယ်နေတာ။ X-Ray ဂိတ်တွေ၊ စစ်ဆေးရေးဂိတ်တွေကိုရှောင်တဲ့ လမ်းကြောင်းတွေ ရှိနေတာ။ တချို့နေရာတွေမှာဆိုရင် နယ်စပ်ကနေ ဒိုက်ဦးအထိအောင် ရောက်တဲ့ တရားမဝင် ရေလမ်းကြောင်းရှိနေတာ၊ လက်နက်ကိုင်အဖွဲ့‌တွေရဲ့ ဂိတ်တွေကနေ ဝင်ရောက်နေတာ အဲဒီလိုမျိုး ကြားသိနေရပါတယ်။ ဒီအခြေအနေအပေါ် ဘယ်လို သုံးသပ်ချင်လဲ။
SKL    ။    ။
ဒီတရားမဝင် လမ်း‌ကြောင်းကနေ မြန်မာနိုင်ငံအသီးသီး ရောက်လာတဲ့ ကိစ္စကတော့ ကိုယ်တိုင်က စီးပွားရေးလုပ်ငန်းလုပ်တဲ့သူ မဟုတ်တော့ သူတို့ လမ်းကြောင်းတွေ ဘယ်လိုသွားသလဲဆိုတာတော့ တိတိကျကျ မသိနိုင်ပါဘူး။ ဒါပေမဲ့ သိရသလောက်ကတော့ အကြောင်းအမျိုးမျိုးကြောင့် နယ်စပ်ကုန်သွယ်ရေးက Fuction မဖြစ်တော့ဘူးလေ။ ဒီကိစ္စတွေက မြန်မာဘက်မှာလည်း Public Need  ပဲလေ။ တကယ်လိုအပ်နေတဲ့ ကိစ္စပဲလေ။ စားဝတ်နေရေး ကိစ္စတွေ၊ လိုအပ်တဲ့ လူသုံး ကုန်တွေ ရှားပါးမှု‌ကို သူတို့ဖြေရှင်းတဲ့ နည်းကတော့ ကုန်သွယ်ရေး မရှိတဲ့အခါကျတာ့ တရားမဝင်တဲ့ နည်းလမ်းတွေနဲ့ လုပ်သွားကြတာပေါ့။ နိုင်ငံတော်ရဲ့ ဥပဒေနဲ့ ဆန့်ကျင်ပြီးတော့ လုပ်ရတဲ့ အနေအထားမျိုး ဖြစ်သွား တာပေါ့။ နယ်စပ်ဒေသဆိုတာကလည်း အစိုးရက အာဏာစက် သက်ရောက်တဲ့ နယ်မြေတွေရှိသလို EAO တွေ လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း အစုံဆိုတော့ အဲဒါတွေနဲ့ ကုန်သည်တွေနဲ့ ပူးပေါင်းပြီး တော့မှ နည်းမျိုးစုံနဲ့ တစ်ဖက်နိုင်ငံက လူသုံးကုန်ပစ္စည်းတွေကို သွင်းကြတာ ပုံမှန်လိုဖြစ်နေတာ။ ကုန်သွယ်ရေးဇုန်ကြီးကလည်း ပိတ်ထား၊ ကုန်သွယ်ရေးကလည်း မရှိတာ။ ဒါတွေက နိုင်ငံမတည်ငြိမ်တဲ့ အခါမှာတော့ ဖြစ်တတ်တဲ့ သဘောသဘာဝလို့ မြင်တယ်။ နယ်စပ်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့‌တွေနဲ့ ကုန် သည်‌တွေ ပေါင်းပြီးတော့ ထိုင်းနိုင်ငံက ကုန်ပစ္စည်း‌တွေ သွင်းတာပေါ့။ ထိုင်းနိုင်ငံက ဆိုရင်လည်း တရားဝင် မဟုတ်လောက်ပါဘူး။ သူတို့လည်း သူတို့ပစ္စည်းကို တရားဝင်နယ်စပ်ကုန်သွယ်ရေး လုပ်ချင်မှာကိုး။ တရားဝင် အနေအထားက မရတဲ့အခါ ကျတော့ ထိုင်းဘက်က ကုန်သည်တွေလည်း သူတို့နိုင်ငံက ဥပဒေတွေကို ဆန့်ကျင်ပြီးတော့ လုပ်ကြမှာပဲ။ အဲဒီလိုနဲ့ပဲ တရားမဝင်လမ်းကြောင်းတွေ ပေါ်လာတာပေါ့။ သောင်ရင်းမြစ်ဆိုတာလည်း အမြဲတမ်း ရေပြင်ကျယ်ကြီးမှ မဟုတ်ဘဲ။ ချောင်းလောက်ပဲ ရှိတာကိုး။ နွေအခါဆိုရင် လူကူးလို့၊ ဖြတ်လို့ရတဲ့ အနေအထား။ မြဝတီနယ် စပ်မှာက တရားမဝင် ကုန်ပစ္စည်း ဝင်လာနိုင်တဲ့ လမ်းကြောင်းတွေဆိုတာ သောင်ရင်းမြစ် တစ်လျှောက်လုံးမှာကို ရှိနေကြတာပဲ။ လမ်းကလည်း ဥပမာ မြန်မာနိုင်ငံအနေနဲ့ ပြည်ထောင်စုလမ်းမကြီးကတော့ ဘားအံ-ကော့ကရိတ်-မြဝတီ လမ်းမကြီးက ရှိပါတယ်။ ဒါပေမဲ့ ဒီလို မြို့လမ်းအပြင် နယ်စပ်ဒေသဆိုတော့  ကိုယ်တိုင်ဖောက်တဲ့ လမ်းတွေကတော့ တပုံတပင်ကြီးပါ။ လမ်းကြမ်းတာလည်း ဖြစ်နိုင်သလို လမ်းချောချောမွေ့မွေ့လည်း ဖြစ်နိုင်တယ်။ အဲဒီတော့ ဒီနှစ်နိုင်ငံနယ်စပ် အပေါက်အသီးသီးကနေ ရှိသမျှ ဟိုဘက်နိုင်ငံက ကုန်စည်တွေဟာ တရားမဝင်တဲ့ နည်းလမ်းတွေနဲ့ ဝင်လာကြတယ်။ အဲဒီလို ဝင်လာကြပြီး‌တော့မှ သူ့နည်းသူ့ဟန် မြန်မာနိုင်ငံရဲ့ သူတို့လိုချင်တဲ့ ဒေသအသီးသီးဆီကို ရောက်သွားကြတာပါ။ ရောက်သွားတာကလည်း ဖမ်းဆီးနေတဲ့ ကြားထဲကပဲ။ တရားမဝင်တဲ့ အခွန်အကောက် မပေးထားတဲ့ ကုန်ပစ္စည်းတွေ အကုန်လုံးက တရားမဝင်တာချည်းပဲ။ နယ်စပ်ကုန်သွယ်ရေးဆိုတာက နှစ်နိုင်ငံအကျိုးပြုရတဲ့ အနေအထားမျိုး သွားရတာကိုး။ အကျိုး ပြုနိုင်ဖို့နေရာ လမ်းကြောင်းကြီးက မရှိဘူး။ Border Trade ဇုန်ကြီးက မရှိဘူးဆိုရင် ဒီဘက်နိုင်ငံ တရားမဝင် လမ်းကြောင်းနဲ့ လုပ်မှာဖြစ်သလို ဟိုဘက်နိုင်ငံ‌ အနေနဲ့လည်း လုပ်ကြမှာပဲလေ၊ ဒါက စဉ်းစားကြည့်ရင် သိပါတယ်။ တရားဝင်ပို့ပြီဆိုရင် အစိုးရကို လိုအပ်တဲ့ Export ၊ Import အခွန်တွေ ပေးရမှာ ပဲလေ။ ကျွန်တော်တို့ဆီ ဝင်လာရင်လည်း ပေးရတာပဲ။ ဒါက တရားဝင်ပေါ့။ ကုန်ပစ္စည်းတစ်ခုကို တရား ဝင်ပို့ချင်တယ်၊ တရားဝင်ပို့နိုင်တဲ့ လမ်းမရှိတဲ့အခါကျတော့ ဒီဘက်နိုင်ငံက ကုန်သည်တွေ ဥပဒေကို ချိုးဖောက်သလို ဟိုဘက်နိုင်ငံကလည်း သူ့နိုင်ငံရဲ့ ဥပဒေကို ချိုးဖောက်မှာပဲ။ ဒါကြောင့်လဲ တစ်ဖက်နိုင်ငံက သူ့နည်းသူ့ဟန်နဲ့ သူတို့ ဥပဒေကို ချိုးဖောက်လို့ ဖမ်းဆီးအရေးယူတာ‌တွေ တွေ့နေရတယ်။ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဖြစ်လို့ တရားမဝင် ကုန်ပစ္စည်းကိစ္စ ကိုယ့်ဘက်က ချိုးဖောက်သလို ဟိုဘက်ကလည်း ချိုးဖောက်မှာပဲ။ နယ်စပ်ကုန်သွယ်ရေးဖြစ်လို့ နှစ်ဖက်လုံး ဥပဒေချိုးဖောက်လို့ တရားမဝင် လမ်းကြောင်းဆိုတာ ပေါ်လာတာပါ။ အဲဒီလို တရားမဝင်တဲ့ နည်းလမ်းတွေ၊ တရားမဝင်လမ်းကြောင်း‌တွေနဲ့ ရန်ကုန်လိုနေရာမျိုး၊ မန္တလေးလိုနေရာမျိုး‌တွေနဲ့ မြန်မာနိုင်ငံရဲ့ ဒေသအသီးသီးကို ရောက်သွားကြတယ်။ ဥပမာပြော ရရင် ဘားအံနဲ့ ရန်ကုန်လမ်းပိုင်းမှာ‌ဆိုရင် စစ်ဆေးရေး ဂိတ်တွေအများကြီးရှိတယ်။ X-Ray  နဲ့တောင် စစ်တဲ့ ဂိတ်တွေရှိတယ်။ အဲဒီလိုနေ ရာမျိုးတွေကို တရားမဝင် ကုန်စည်တွေက ဘယ်လိုနည်း၊ ဘယ်လိုဟန်နဲ့ ဖြတ်ကျော်သွားလဲ။ ဒါကတော့ စဉ်းစားစရာပါ။

TREND ။        ။ ယိုးဒယားပစ္စည်းတွေ ဖမ်းဆီးနေ တာတွေနဲ့ပတ်သက်ပြီး နားလည်မှုတရဝယ်အမျိုးမျိုး ဖြစ်နေတယ်။ ယိုးဒယားပစ္စည်းတိုင်းကို ဖမ်းတာလား၊ လက်ဆောင်ပစ္စည်းတို့၊ အလည်အပတ်သွားရင် အမှတ်လာတဲ့ ပစ္စည်းမျိုးဆိုရင်ရော ဖမ်းတာလား၊ တချို့က မရှင်းကြတာတွေ ရှိပါတယ်၊ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုနားလည်လဲ။
SKL    ။    ။
ထိုင်းကပစ္စည်းတွေနဲ့ ပတ်သက်ပြီး အခွန်မရတဲ့ ပစ္စည်းဆိုရင် လက်မခံတာ။ အခုက မြန်မာတစ်နိုင်လုံးမှာ ထိုင်းကပစ္စည်းတွေ ရှိနေ‌တာပဲ။ နေအိမ်တစ်အိမ်မှာ သွားကြည့်လိုက် ထိုင်းက ပစ္စည်းက တစ်ဝက်လောက်ရှိနေတယ်။ စားကုန်သောက်ကုန်၊ လူသုံးကုန် မျိုးစုံရှိတယ်၊ အဲဒါကို ဖမ်းတာ မဟုတ်ဘူးဗျ။အမှန်တော့ တရားမဝင် ဝင်ရောက်လာတဲ့ ကုန်ပစ္စည်း တွေကိုပဲဖမ်းတာ။ အခွန်အကောက် မပါတဲ့ ထိုင်းကုန်ပစ္စည်းကို ဖမ်းတာလို့ နားလည်ပါတယ်။ မြဝတီကုန်သွယ်ရေးဇုန်ကြီး မရှိတော့လည်း အခွန်အကောက်က ဘယ်လိုလုပ်ရမလဲ။
    သဘောက ထိုင်းကနေ ကုန်ပစ္စည်းတွေ ဝင်လာတယ်။ ဝင်လာတာကို ကုန်သွယ်ရေးဇုန်မှာ လက်ခံပြီးတော့မှ အခွန်ကောက်၊ ပြီးရင် မြန်မာနိုင်ငံထဲ လာပေါ့။ အဲဒါမျိုး ဘယ်သူမှ ဖမ်းမှာမဟုတ်ဘူး။ အဲဒီလိုမျိုး အခွန်ကောက်ဖို့အတွက် ကုန်သွယ်ရေးဇုန်ကြီးက ဖွင့်မထားဘူးဆိုတော့ ဘယ်လိုလုပ်မလဲ။ ဒီဘက်ကလည်း လိုအပ်နေတယ်ဆိုတော့ မှောင်ခိုလုပ်ကြတာပေါ့။ နောက်ပြီး ယိုးဒယားကုန်ပစ္စည်းက အများကြီး မဟုတ်ဘူး၊ ဥပမာ ကိုယ့်အိမ်သုံးဖို့အတွက်ပေါ့၊ အိမ်သုံးလေး တွေကျတော့ တချို့ဂိတ်တွေကတော့ ခွင့်ပြုတာပေါ့။ တချို့ဂိတ်တွေကျတော့ ဖမ်းတာမျိုး ရှိမှာပေါ့၊ ဒါတွေကတော့ ဖမ်းတဲ့သူအပေါ် မှာ မူတည်ပါတယ်။ အမှန်ပြောရရင်တော့ တရားမဝင်တဲ့ ပစ္စည်းတွေဖြစ်တဲ့ အတွက်ကြောင့် နိုင်ငံတော် က အခွန်မရတဲ့ပစ္စည်း ဖြစ်တဲ့အတွက်ကြောင့် တရားမဝင်ဘူး။ ဒီလိုပစ္စည်းတွေကို အထုပ်ပေါင်း သိန်း နဲ့ချီပြီး ယူလာတယ်ဆိုရင်တော့ ဖမ်းပြီပေါ့။ အချိုမှုန့်တစ်ထုပ် အိမ်မှာစားဖို့ ယူလာတယ်ဆိုရင် နားလည် မှုနဲ့ ပေးရတာမျိုးပေါ့။ ဒါပေမဲ့ အစိုးရရဲ့ မူကတော့ တရား မဝင်တဲ့ ကုန်ပစ္စည်းဆိုတာ တစ်ထုပ်ဖြစ်စေ၊ နှစ်ထုပ်ဖြစ်စေ နိုင်ငံတော်က အခွန်မရဘူးလေ။ အခွန်အကောက်မရတဲ့ပစ္စည်းကို ယူလာကတည်းကိုက သူ့ဘာသာ လက်ဆောင်ရတာပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် မူအရဆို ရင်တော့ ဖမ်းရမယ့်၊ သိမ်းဆည်းရမယ့် ပစ္စည်းထဲမှာ ပါတာပေါ့ဗျာ။ တချို့ကျတော့လည်း ကျွန်တော်တို့ စားဖို့ သောက်ဖို့အတွက် ဘယ်သူကနေ ပို့လိုက်တာပါ၊ ဘယ်က လက်ဆောင်ပေးလိုက်တာပါဆိုတာမျိုး ရှိတယ်။ ရှိပေမယ့် မူအရဆိုရင် ဖမ်းရတာချည်းပဲ။ ဒါပေမဲ့အကျိုး သင့်အကြောင်းသင့် ရှင်းပြလို့ အဆင်ပြေတဲ့အခါကျတော့ လည်း ပြေသွားနိုင်ပါတယ်။ ပုံမှန်အရဆိုရင်တော့ တစ်တက်စားလည်း ကြက်သွန်၊ တစ်အိတ်ဆိုလည်းကြက်သွန်ပဲ၊ ကားတစ် စီးတိုက်လည်း ကြက်သွန်ပဲဆိုတော့  ဥပဒေအရကတော့ နည်းတာများတာတို့၊ လက်ဆောင်ရတာတို့ ဥပဒေမှာတော့ မပါလောက်ဘူး။ ဒါကြောင့် တရားမဝင် ကုန်ပစ္စည်းဆိုရင်တော့ ဥပဒေအရ ဖမ်းရတဲ့သဘောလို့ နားလည်ပါတယ်။

 

TREND ။        ။ မြဝတီနယ်စပ် ‌‌သောင်ရင်းမြစ်တစ်လျှောက် တရားမဝင်လမ်းကြောင်းတွေကို ပိတ်ဆို့ဖို့၊ တားဆီးဖြေရှင်းဖို့က လွယ်နိုင်လား၊ ဒီလမ်းကြောင်း တွေပပျောက်ဖို့ ဘယ်လိုအခြေအနေမှာ ဖြစ်နိုင်လဲ။
SKL    ။    ။
အဲဒါ ပြောရမယ်ဆိုရင်တော့ နောက်ဆုံးဘယ်မှာ အဆုံးသတ်သလဲဆိုရင် ဒီဒေသတွင်း တည်ငြိမ်ရေးတို့၊ လုံခြုံရေးတို့ နောက်ဆုံး ငြိမ်းချမ်းရေးကိစ္စတွေပါ ပါလာတာပေါ့ဗျာ။ ငြိမ်းငြိမ်းချမ်းချမ်း လေးဖြစ်သွားပြီးတော့ အားလုံးက အေးအတူပူအမျှ အတူတူပဲ နိုင်ငံကြီးကို တည်ဆောက်ကြမယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်ဖို့ပေါ့။ အဲဒီလို ဖြစ်သွားပြီဆိုရင် တရားမဝင် လမ်းကြောင်းတွေကို တားဆီးဖြေရှင်းဖို့က Minor တွေပါ။ တကယ့် Major မဟုတ်ပါဘူး။ အဲဒီလို အခြေအနေဖြစ်လာပြီဆိုရင် အားလုံးက တရားဝင် ဖြစ် ကုန်ပြီပေါ့။ အခုကျတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ တစ်ယောက်နဲ့ တစ်ယောက်က အမြဲတမ်း ရန်ဆောင်နေပြီး တော့ စစ်ဘောင်ကြီးက ကျယ်နေသရွေ့ကတော့ ဒီကိစ္စတွေကတော့ ရှိနေဦးမှာပါ။ နောက်ဆုံးအချုပ်ကတော့ တည်တည်ငြိမ်ငြိမ်လေးနဲ့၊ ‌လုံလုံခြုံခြုံနဲ့ ဖြစ်နိုင်တဲ့ ငြိမ်းချမ်းမှု၊ ငြိမ်းချမ်းရေးက အဓိက ဖြစ်ပါတယ်။ အဲဒီ ငြိမ်းချမ်းရေးသာ ရပြီဆိုရင် အခုပြောနေတဲ့ ပြဿနာတွေက ရှိတော့မှာ မဟုတ်ဘူး၊ အဆင်ပြေသွားမှာပါ။

TREND ။        ။ အာရှလမ်းမကြီးရဲ့ ကုန်သွယ်ရေး အသီးအပွင့်တွေ ခံစားကြရဖို့၊ မြဝတီနယ်စပ်ကုန် သွယ်ရေးလမ်းကြောင်းကြီး အသက်ဝင်လာစေဖို့ ‌ဒေသခံတစ် ဦးရဲ့ဆန္ဒက ဘယ်လိုရှိလဲ ဖြည့်စွက်ပြော ကြားပေးပါဦး။
SKL    ။    ။
ကုန်စည်စီးဆင်းဖို့၊ ကုန်သွယ်ရေး လမ်းကြောင်းပွင့်ဖို့ တံတားကြီးလည်း ဖွင့်ရမယ်။ ကုန်သွယ်ရေးဇုန်ကြီးလည်း Function ဖြစ်နေရမယ်။ အဲဒါမှပဲ ကုန်စည်စီးဆင်းမှုက အဆင်ပြေမှာပေါ့။ ပြီးတော့ လမ်းကလည်း သေသေချာချာ လုံခြုံရေး ကောင်းနေရမယ်။ တည်ငြိမ်မှုရှိရမယ်။ တည်ငြိမ်မှုရှိဖို့လည်း တကယ် လိုအပ်နေပါပြီ။ တည်ငြိမ်မှုရဲ့ အသီးအပွင့်တွေ ဖြစ်စေချင်ပါတယ်။ ဒီလိုပဲ တိုက်နေခိုက်နေ မယ်ဆိုရင်တော့ ဒီလူမှုဒုက္ခတွေလည်း ဆက်ရှိနေဦးမှာပါ။ အမှတ်(၂) တံတားကြီး ပိတ်ထားတယ်ဆိုတာကလည်း ဒေသတည်ငြိမ်မှုမရှိသေးလို့ဆိုတာ သွယ်ဝိုက်ပြီး ပြောလို့ရတယ်။ တစ်ဖက်နဲ့တစ်ဖက် နားလည်မှုရှိရှိနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေကြရအောင်ဆိုတာမျိုး ဖြစ်စေချင်ပါတယ်။ အဲဒီလို တိုက်နေခိုက်နေ၊ စစ်ဘောင်ကျယ်နေသမျှတော့ ဘယ်လိုမှလည်း ဆွေးနွေးပွဲတွေက ပေါ်လာမှာ မဟုတ်ဘူး။ အဓိက ကတော့ ကုန်သွယ်ရေး အဆင်ပြေလာဖို့၊ တိုးတက်မှုရှိဖို့က ‌ဒေသတွင်း လုံခြုံရေးအတွက် ငြိမ်းချမ်းရေး လိုပါတယ်။ တစ်ဖက်နဲ့တစ်ဖက် မတိုက်ကြ၊ မခိုက်တော့ဘဲနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တည်တည်ငြိမ်ငြိမ် ဖြစ်သွားရင် နယ်စပ်ကုန်သွယ်ရေး အပါအဝင် ကျန်တဲ့ကိစ္စတွေအကုန် အဆင်ပြေသွားမယ်။ ဒါက အဓိကပဲ။ ကျန်တဲ့အသေးအမွှား ကိစ္စတွေတော့ ရှိနိုင်တယ်။ အဓိကအချက်ကတော့ အဲဒါပါပဲ။ ငြိမ်းချမ်းရေး ရှိတယ် ဆိုရင် ဘာမဆို အကုန်လုံး လုပ်လို့ရတယ်။ နိုင်ငံရဲ့အဓိကပြဿနာက လက်နက်ကိုင်ပဋိပက္ခ ပြဿနာပဲ။ လက် နက်ကိုင်ပဋိပက္ခကို ချုပ်ငြိမ်းအောင် လုပ်နိုင်တဲ့တစ်နေ့ ကျွန်တော်တို့ နိုင်ငံကြီး တိုးတက်မှာပဲ။ အဲဒါကြောင့် ပြောချင်တာက တစ်‌ယောက်နဲ့တစ်ယောက် မတိုက်ကြ၊ မခိုက်ကြဘဲနဲ့ Ceasefire လို့ခေါ်တဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကိစ္စတွေက တစ်ဆင့်၊ ငြိမ်းချမ်းရေးကို တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်သွားရင် နယ်စပ်ကုန်သွယ် ရေးကိစ္စတင်မက ကျန်တဲ့ကိစ္စအ၀၀၊ လူမှုစီးပွားနဲ့ ပတ်သက်တဲ့ ကိစ္စမှန်သမျှ အားလုံးအဆင်ပြေသွားနိုင်လိမ့် မယ်လို့ ယုံကြည်ပါတယ်။

TREND    ။    ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ညီသစ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၉ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 61

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

62510

© 2022 - 2026 News. All Rights Reserved.