ဂုတ်ကျားတို့ ခွေးလောက

၂၀၂၆ ၊ ဇူလိုင် ၃

    စည်ပင်သာယာ နယ်နိမိတ်ဈေးတစ်ခုအတွင်းမှာတော့ ဂုတ်ကျားဆိုတဲ့ သကောင့်သားက ဆရာကြီး ဖြစ်သည်။ သူ့မိခင် ဈေးခွေးမကြီး မိညိုက ဂုတ်ကျားအပါအဝင် ညီအစ်ကို ရှစ်ကောင်ကို ဒီဈေးထဲမှာပဲ မွေးဖွားခဲ့သည်။ အချိန်တန် အရွယ်ရောက်လာတော့ ဈေးမှာပဲ မွေး၊ ဈေးမှာပဲကြီးပြင်းလာတဲ့ ဂုတ်ကျားတို့ ညီအစ်ကိုတွေ ဈေးထဲ ဆရာကြီးတွေ ဖြစ်လာကြသည်။ ခွေးဆိုတာကလည်း သူကျင်လည်ရာ နယ်ပယ်မှာ သူတို့သာလျှင် ဆရာကြီးတွေဖြစ်ပြီး နယ်မြေကျူးကျော်လာတဲ့ ခွေးတွေဆိုရင် ဘယ်ခွေးမှ လူမထင်တတ်ကြပေ။ ဒီတော့ ဂုတ်ကျားတို့အပိုင် ဈေးထဲကို မျက်စိလည်လမ်းမှားလာတဲ့ ကောင်မှန်သမျှ အုပ်စုလိုက် ဝိုင်းကိုက်လိုက်ရင် အရိုးတခြား၊ အသားတခြား ဖြစ်သွားနိုင်သည်။ ဈေးခွေးတစ်သိုက်မှာတော့ အကောင်ကြီးကြီး၊ အသားတန်းကို အပိုင်စားသော ဂုတ်ကျားကဆရာကြီး ဖြစ်သည်။
    ဂုတ်ကျားက တိတ်ဆိုရင် တိတ်၊ ဝုတ်ဆိုရင် ဝုတ်ကြတာက ဈေးခွေးတစ်သိုက်ပင် ဖြစ်သည်။ လူတွေကလည်း ခက်တော့ခက်လှသည်။ ခွေးချင်းတူရင်တောင် နိုင်ငံခြားကလာတဲ့ ဘိလပ်ခွေး၊ အိမ်မွေး ခွေး၊ လမ်းဘေးခွေး၊ ဈေးခွေး စသဖြင့် ခွဲခြားဆက်ဆံလေ့ရှိသည်။သူဌေး ကား ပြတင်းပေါက်က လျှာလေး တန်းလန်းတန်းလန်းနဲ့ လိုက်ပါသွားတဲ့ ခွေးဆိုရင် အင်မတန် ချစ်ဖို့ကောင်းပြီး လမ်းထိပ်က ခြေထောက် ဖြင့် တဗြစ်ဗြစ်ဝဲကုတ်နေတဲ့ ခွေးဆိုရင်တော့ ရွံရှာဖွယ်သတ္တဝါများအဖြစ် ရှုမြင်ကြသည်။
    တချို့ကလည်း ဘယ်ခွေးအမျိုးအစားမဆို ချစ်ကြသည့် တိချစ်သူတွေလည်း ရှိကြပြန်သည်။ ခွေးဂေဟာကြီးတွေဆောက် အလှူခံပြီး လမ်းဘေးခွေးတွေကို စုစည်းကျွေးမွေးထားကြသူများလည်း ရှိကြသည်။ တချို့ကလည်း မိမိမွေးထားသည့်ခွေးကိုသာ တယုတယချစ်ကြပြီး ကျန်သည့်ခွေးတွေနဲ့ ဆက်ဆံရေး မတူမတန်သလို ဆက်ဆံကြသည်။ တချို့ကလည်း မွေးထားတဲ့ သတ္တဝါကို ခွေးဟုခေါ်ရင် မကြိုက်၊ အာဝု ဟုခေါ်ကြတဲ့အထိ အကဲပိုကြပြန်သည်။ လူတစ်ကိုယ် ဝါသနာတစ်မျိုးရှိကြသည်။ခုခေတ်က အိမ်မွေးတိရစ္ဆာန် ခွေး၊ ကြောင် သာမက ထူးထူးဆန်းဆန်း သတ္တဝါတွေပါ မွေးမြူလာကြသည်။ နာမည်ကျော် မင်းသားတစ်လက်ဆိုရင် တိရစ္ဆာန်ပေါင်းစုံကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူထားသည်။ ငှက်တွေ၊ ပုတ်သင်ညိုတွေ၊ နောက်ရှားပါး သတ္တဝါတွေအထိ ယနေ့ခေတ်တွင် သိန်းရာချီပေးကာ အိမ်မွေးတိရစ္ဆာန်  အဖြစ် မွေးကြလေ့ရှိသည်။ အရှေ့အလယ်ပိုင်း နိုင်ငံအချို့တွင် ငွေကြေးတတ်နိုင်သူ သူဌေးကြီးတွေဆိုရင် တောရိုင်းတိရစ္ဆာန်ပေါင်းစုံကို မွေးပြီး ကိုယ်ပိုင်တိရစ္ဆာန် ရုံတွေတောင် ရှိကြသည်ဟု ကြားဖူးသည်။
    တိရစ္ဆာန်ထဲမှာတောင် သူ့ကံနဲ့သူ လာတာဖြစ်သည်။ တချို့တိရစ္ဆာန်တွေကတော့ ဂုတ်ကျားတို့လို ဈေးထဲမှာ ကျင်လည်ပြီး ငါးစိမ်းတန်းက ဘယ်တော့ ဓားပျံဝဲလာမလဲဆိုပြီး ကျီးလန့်စာ စားနေရတဲ့ ခွေးတွေရှိသလို  စတိုင်ကျကျ စားသောက်နေထိုင်ပြီး လူတွေပွတ်သီးပွတ် သပ်လုပ်ကြသည့် ခွေးတွေလည်း ဒုနဲ့ဒေးပင်ဖြစ်သည်။တချို့ခွေးတွေဆိုရင် ဘယ်သူမွေးထားတဲ့ခွေးဆိုပြီး ဝိုင်းဂုဏ်ပြုကြတဲ့အထိ ရှိသည်။ ရွှေပြည်ကြီးမှာလည်း ဟိုအရင်ခေတ်က မြန်မာ့ရိုးရာ မဟာသင်္ကြန်မှာ ခွေးနာမည်ပေးတဲ့ မဏ္ဍပ်ကြီးမှာ လူတစ်စုပျော်ကြရွှင်ကြ၊ မုန့်လုံးရေပေါ်တွေ စားကြသေးသည်။ သင်္ကြန်ဆိုရင် 'သင်္ကြန် မောင်မယ် များ'၊ 'ရှာပုံတော်မင်းသားကြီး' စတဲ့ လူနာမည်ပေး မဏ္ဍပ်တွေသာ ခေတ်အဆက်ဆက် ပေးခဲ့ကြ သော်လည်း တစ်ခေတ်တစ်ခါက ကောင်းမှုအကြောင်းပြုပြီး ခွေးအမည်ပေးမဏ္ဍပ်ကြီးမှာ လူတွေပျော်ပျော်ပါးပါး ရေကစားခဲ့ကြသည်။ ထားပါတော့လေ ဂုတ်ကျားအကြောင်း ဆက်ပြောရမည်။
    ဂုတ်ကျားတို့ ဈေးခွေးတစ်သိုက် နေ့စဉ်ကြုံရသည့်ပြဿနာက အစားအသောက် စားရရေးဖြစ်သည်။ ဈေးထဲမှာဆိုတော့ မာမွတ်တို့ ဆိတ်၊ အမဲဆိုင်က အရိုးအရင်းလေးတွေကလည်း ဂုတ်ကျားတို့အတွက် တစ်နေ့တာ အင်အားဖြစ်စေသည်။ ဒါတင်မကသေး ဝက်သားသည် ဦးအဟုတ် လွှင့်ပစ်လေ့ရှိသည့် ဝက်ရိုး အတိုအစတွေကလည်း  ဂုတ်ကျားတို့အတွက် မျှော်လင့်ချက်ဖြစ်သည်။ ငါးစိမ်းတန်းက အပေါက်ဆိုးသော်လည်း  ငါးပါးဟပ်တွေ၊ အမြီးတွေ၊ ငါးအရေခွံတွေ ပစ်ကျွေးလေ့ရှိသည့် ဒေါ်ဘုမက လည်း ဂုတ်ကျားတို့ တစ်သိုက်အတွက် မျှော်လင့်ချက်ရောင်နီတစ်ခု ဖြစ်သည်။ ဒါတင်မကသေး လေလွင့် ခွေးတွေကို ကျွေးဖို့မွေးဖို့ဆိုပြီး ရပ်ကွက်ထဲမှာ အလှူပတ်ခံပြီး တစ်လတစ်ခါလောက် အမဲရိုးနဲ့ဆန်ကြမ်း ပြုတ်ကျွေးလေ့ရှိသည့် ဒေါ်စာဥကလည်း ဂုတ်ကျားတို့အတွက် အားထားရသော ရိက္ခာထောက်ပို့ ကြီးဖြစ်သည်။ ဒီလိုအခွင့်အရေးတွေကြောင့် ဂုတ်ကျားနဲ့ အပေါင်းအပါ လမ်းဘေးဈေးခွေးတစ်သိုက် အနေအစား ချောင်ကြသည်။ အရိုးအရင်းလေး စားပြီး အင်လေးအား လေးပြည့်ရင် ဈေးသွားဈေးလာ၊ လမ်းသူလမ်းသားတွေကို ထွက်ကိုက်လိုက်ကြ၊ စည်ပင်ကလာဖမ်းရင် ပတ်ပြေးလိုက်ကြနဲ့ ဂုတ်ကျားတို့ ဈေးထဲမှာနေလာတဲ့ သက်တမ်းက ငါးနှစ်ကျော်၊ ခြောက်နှစ်ထဲ ဝင်လာကြပြီဖြစ်သည်။
    ဂုတ်ကျားအမေ မိညိုကြီးတောင်တလောက ခွေးကြီးရောဂါဖြင့် ကုန်စိမ်းတန်းဘက်မှာ သေသွားရှာသည်။ ဘယ်ခွေးတစ်ကောင်မှ အသုဘလိုက်ပို့တာမရှိ၊ မနေနိုင်တဲ့ ဈေးသူဈေးသားတွေက လမ်းဘေးမှာ သေနေတဲ့ခွေးမကြီးကို ဂုန်နီအိတ်ထဲထည့် အမှိုက်သိမ်းကား ပေါ်တင်ပေးလိုက်ကြသည်။ ဒါက သဘာဝပင်ဖြစ်သည်။ တချို့ဈေးခွေးတွေဆိုရင် အချင်းချင်း အဝေမတည့်ဘဲ ကိုက်ကြသည်။ အခန့်မသင့်လို့ ဒဏ်ရာပြင်းရင် ချောင်မှာကပ်ပြီး မာလကီးယားသွားကြသည်။ ထုံးစံအတိုင်း စည်ပင်အမှိုက်သိမ်းကားကနေ တင်ဆောင်ပြီး အမှိုက်ပုံမှာ မြေသြဇာဘ၀ ရောက်ကုန်ကြသည်။ ဘယ်သူကမှ လည်း ဈေးထဲကခွေးလေးတွေသေလို့ မသနားကြသလို တစ်ကောင်သေရင် အမဲရိုးတစ်ချောင်း ဝေစု လျော့တာကြောင့် ဂုတ်ကျားတို့အတွက်ကတော့ ထူးပြီး ဝမ်းနည်းစရာမရှိချေ။ ဂုတ်ကျားလို ဈေးခွေး ဆရာကြီးကို ကျော်ချင်ခွချင်လို့ ဈေးခုံပေါ်တက်အိပ်ရင် ဂုတ်ကျားသစ္စာခံခွေးတွေ ဝိုင်းကိုက်လို့ အစအန ပျောက်သွားတဲ့ ခွေးပေါင်းက မနည်းပေ။
    ဘယ်သူကမှလည်း အရေးမလုပ်၊ လူမသိ၊ ခွေးမသိ မာလကီးယားသွားတဲ့ကောင်တွေရှိသည်။
    လူနဲ့ နီးစပ်တဲ့ဂုတ်ကျားတစ်ကောင်ကတော့ တစ်ခါတလေ ငါးစိမ်းသည် ဒေါ်ဘုမတစ်ယောက် ဈေးရောင်းပါးတဲ့အချိန် ဈေးခုံအောက်မှာ ကြည်ကြည် ဖြူဖြူအိပ်ခွင့်ရသည်။ လူတွေနဲ့ အနေနီးတော့ လူတွေပြောသမျှ ဂုတ်ကျားတို့ အတန်အသင့်နားလည်သည်။ တစ်နေ့ ဒေါ်ဘုမနှင့် ငါးစိမ်းသည် ဖုန်းဟုခေါ် သော အပြားလေးတစ်ခုကိုပွတ်ရင်း ပါးစပ်ကလည်း "ဟိုခွေးလေး သေသွားတာ သနားပါတယ်"၊ "အောင်မလေးတော် ခွေးလေးတစ်ကောင်သေတာများ ဖေ့စ်ဘုတ်ပေါ်မှာ ပလူပျံ လို့ပါလား"၊ "ညည်းတို့များအေ ခွေးသေတာများ RIP တို့၊ ဘာတို့ သွားရေးရလောက်အောင် ညည်းတို့လင်တွေ သေတယ်များ မှတ်နေလား"၊ "အိုအေ ခွေးပဲ သက်တမ်းစေ့ သေမှာပေါ့ သခင်မျှော်ရင်းသေတယ်လို့ သတင်းရေး ရရအောင် ခွေးက အင်တာဗျူး ဖြေခဲ့လို့လား"။ "သြော် ခွေးကိုများ ရည်စူးပြီး ဆွမ်းကျွေးကုသိုလ်ပြုသတဲ့ အံ့သြပါ့"ဟူ၍ တစ်ယောက် တစ်ပေါက် ပြောဆိုနေကြသည်။ ဂုတ်ကျားတစ်ကောင် နားထောင်ရင်း အကြောဆန့်ကာ ခန္ဓာကိုယ်ပေါ်က ဖုန်တွေခါရင်း ဆွဲဆွဲငင်ငင် ထအူလေသည်။
    ငါးစိမ်းသည်တစ်သိုက် လန့်ဖြန့်သွားပြီး "ဟဲ့ ခွေးသွားသွား ကျက်သရေကို မရှိဘူး"ဟု ခွေးအဆင့် အတန်းခွဲခြား မောင်းထုတ်လေရာ ဂုတ်ကျားတစ်ကောင်  ပမာမခန့်ဖြင့်  ဈေးထိပ်မှာ ဟိုဘက်ရပ်ကွက်က ရန်ကြီးအောင်တို့နှင့် အပျင်းပြေကိုက်ရန် ထွက်သွားလေတော့သည်။          ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 85

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63356

© 2022 - 2026 News. All Rights Reserved.