၂၀၂၅ ၊ ဒီဇင်ဘာ ၅
တိုက်ဆိုင်မှုတစ်ခုပါလို့ ပြောရင်တောင် အတော်လေး အံ့အားသင့်ဖွယ်ကောင်းသလို မြန်မာ့နိုင်ငံရေးအလှည့်အပြောင်းကို အထောက်အပံ့ဖြစ်စေတဲ့ နိုင်ငံရေး ဖြစ်ရပ်နှစ်ခုက ဒီရက်ပိုင်း ကြီးကြီးမားမား ဖြစ်ပေါ်ခဲ့တယ်။ နဂိုကတည်းက National Interest လို့ခေါ်တဲ့ အမျိုးသားအကျိုး စီးပွားကိုသာ ဦးထိပ်ထားတဲ့ ဒေါ်နယ်ထရမ့်က အမေရိကန်သမ္မတအဖြစ် တက်လာချိန်ကစပြီး တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကိစ္စတွေထက် ကိုယ့်နိုင်ငံအကျိုးစီးပွားအရေးနဲ့ ပတ်သက်တာတွေကိုပဲ ဦးစားပေးလုပ်ခဲ့တာ တွေ့ရလိမ့်မယ်။ ဒီထဲကမှ ကနေဒါကို အမေရိကန်ရဲ့ ပြည်နယ်သစ်တစ်ခုအဖြစ်နဲ့ သိမ်းပိုက်မယ်ဆိုပြီး ပြောဆိုခဲ့တာတွေ၊ ပနားမားတူးမြောင်းအရေးမှာ တရုတ်လုပ်ငန်းရှင်တွေ စွန့်ခွာဖို့ နည်းမျိုးစုံနဲ့ ဖိအားပေးခဲ့တာတွေအပြင် နိုင်ငံတွင်းကို ရောက်နေတဲ့ ခိုးဝင်တွေကို နည်းမျိုးစုံဖိအားပေးပြီး ပြန်လွှတ်နေတဲ့ ကိစ္စတွေလည်း ထင်ထင်ရှားရှား တွေ့ရတယ်။ တစ်ဖက်မှာလည်း ကြွေးနွံနစ်နေတဲ့ နိုင်ငံရဲ့စီးပွားရေးကို ပြန်လည်တည့်မတ်နိုင်စေဖို့ ကမ္ဘာနိုင်ငံအများစုအပေါ် နိုင်ငံရေးခေါင်းစဉ်အောက်ကနေ ကုန်သွယ်ရေးစာချုပ်တွေကို မတန်တဆ ရာခိုင်နှုန်းတွေအထိ တစ်ဖက်သတ်မြှင့် တင်ခဲ့တာတွေလည်း ပြင်းပြင်းထန်ထန် လုပ်ခဲ့တယ်။ ဒီ အကျိုးဆက်ကြောင့်ပဲ အမေရိကန်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးပါဝါကို မယှဉ်နိုင်တဲ့ နိုင်ငံငယ်အများစုဟာ အမေရိကန်အစိုးရနဲ့ ချိတ်ဆက်ပြီး ကုန်သွယ်ရေးအခွန်တွေ လျှော့ပေါ့ပေးနိုင်ဖို့ အပူတပြင်း ကြိုးစားခဲ့ရတော့တယ်။ ဒီလိုကြိုးစားရချိန်မှာ အမေရိကန်အစိုးရဘက်က လိုလားတဲ့ မြေရှားသတ္တုတူးဖော်ရေး ဆိုင်ရာ ကမ်းလှမ်းချက်တွေနဲ့ အပေးအယူလုပ်ပြီး ကုန်သွယ်ရေးအခွန် လျှော့ချနိုင်ဖို့ လုပ်ခဲ့ကြတယ်။ အထူးသဖြင့် ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနဲ့ မလေးရှားနိုင်ငံတို့နဲ့ပါ မြေရှား သတ္တုတူးဖော်ရေးဆိုင်ရာ စာချုပ်တွေ အပြန်အလှန် ချုပ်ဆိုခဲ့ကြတယ်။ တကယ်တော့ ဒီအချက်ကပဲ ဒေါ်နယ်ထရမ့်ကိုယ်တိုင် လိုလိုလားလားရှိခဲ့တဲ့ စီးပွားရေးပစ်မှတ်တစ်ခုတည်းက ကိုယ်ကျိုးစီးပွား ဆိုင် ရာအောင်မြင်မှုကိစ္စတစ်ခု ဖြစ်ခဲ့တယ်။
ခုလည်း ဒေါ်နယ်ထရမ့်ရဲ့ အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ပန်ဆင်တဲ့ ကိစ္စတစ်ခုက မြန်မာ့နိုင်ငံရေးကို ရိုက်ခတ်မှု ရှိခဲ့တယ်။ ဒါကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်က အမေရိကန်နိုင်ငံရဲ့ အမိမြေ လုံခြုံရေးဝန်ကြီး ဌာနကနေကြေညာခဲ့တဲ့ မြန်မာနိုင်ငံသား အယောက် ၄၀၀၀ ခန့်ကို TPS - Temporary Protected Status ပေးထားတာတွေကို ရုပ်သိမ်းပြီးရက်ပေါင်း ၆၀ အတွင်း နိုင်ငံတွင်းကနေ ပြန်လည်စေလွှတ် သွားမယ်ဆိုပြီး ကြေညာခဲ့တာပဲဖြစ်တယ်။ ၂၀၂၁ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ မြန်မာ့နိုင်ငံရေး အရေးအခင်းကာလမှာ အမျိုးသားညီညွတ်ရေးအစိုးရလို့ခေါ်တဲ့ NUG နဲ့ NLD ပါတီထောက်ခံကြသူ အများစုဟာ ဒီနိုင်ငံရေးဖြစ်စဉ်ကို အကြောင်းပြပြီး အမေရိကန်နိုင်ငံမှာ ခိုလှုံခွင့်လျှောက်ထားနေထိုင်ခဲ့ကြတာဖြစ်လို့ အမေရိ ကန်ရဲ့ TPS ရုပ်သိမ်းလိုက်တဲ့ဖြစ်စဉ်မှာ အဓိက သက်ရောက်မှုရှိစေခဲ့တယ်။ NUG ရဲ့ လက်နက်ကိုင်တော် လှန်ရေးလမ်းစဉ်ကို ထောက်ခံကြသူ အများစုအနေနဲ့ နိုင်ငံတွင်းက နိုင်ငံ့ဝန်ထမ်းတွေကို CDM လုပ်ဖို့ အားပေးခဲ့ကြသလို လက်နက်ကိုင်တော် လှန်ရေးဖြစ်စဉ်မှာလည်း ပူးပေါင်းပါဝင်မှုတွေရှိခဲ့လို့ အစိုးရအနေနဲ့ ပုဒ်မ ၅၀၅-က အရ ဖမ်းဆီးမှုတွေ ဆောင်ရွက်ခဲ့ချိန်မှာ ပြည်ပနိုင်ငံတွေကို ရောက်ရှိလာခဲ့ကြတာလည်းဖြစ်တယ်။ 'ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ' ဆိုသလို အာဖဂန်စစ်သားဟောင်းတစ်ယောက်က ဒီစီမှာ အမေရိကန်စစ်သားနှစ်ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ ဖြစ်ရပ်ကလည်း ပူပူနွေးနွေးဖြစ်လာခဲ့ပြန်တော့ တစ်ပူပေါ်တစ်ပူဆင့်ဆိုသလို မြန်မာအပါအဝင် ၁၉ နိုင်ငံက Green Card ကိုင်ထားသူတွေကို ပြန်လည်စစ်ဆေးမယ်ဆိုပြီး အမေရိကန်နိုင်ငံသားနဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက နိုဝင်ဘာ ၂၇ ရက်မှာ ထပ်ပြီး ကြေ ညာလာခဲ့တယ်။ ထရမ့်ရဲ့ ကိုယ့်ကျိုးစီးပွားကာကွယ်မှုဆိုပေမယ့် ဒီလုပ်ရပ်တွေကြောင့် အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေအတွက်တော့ အတော်လေး ခက်ခဲသွားစေခဲ့တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအစိုးရအနေနဲ့ အမေရိကန်ရဲ့ ဒီထုတ်ပြန်ချက်အပြီးမှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကနဲ့ ထွက်ပြေး တိမ်းရှောင်နေရသူတွေ အပါအဝင် တရားစွဲဆိုခံရတဲ့ ၅၅၈၀ ရဲ့ ကြားနာစစ်ဆေးမှုတွေကို အပြီးတိုင် ပိတ်သိမ်းပေးခဲ့ပြီး မြန်မာနိုင်ငံကို ပြန်လာလိုက လာနိုင်ဖို့အတွက် ဖြေလျှော့ကြိုဆိုခဲ့တာလည်း တွေ့ရတယ်။ ဒီလုပ်ရပ်တွေကပဲ နိုင်ငံတကာ အမြင်မှာတော့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်တက်ဖို့ ချိန်သားကိုက် ကြိုးစားနေတယ်ဆိုတဲ့ ပုံရိပ် ကောင်းမျိုး ဖန်တီးနိုင်ခဲ့ပြန်တယ်။
တစ်ဖက်မှာတော့ 'အမေရိကန်ရဲ့ ဒီမိုကရက်တွေအနေနဲ့ သူတို့ရဲ့နိုင်ငံသားတွေကို အွန်လိုင်းလိမ်လည်မှုက ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ Scam Center Strike Force(SCSF) အဖွဲ့ဖွဲ့စည်းပြီး ထိုင်းနိုင်ငံကတစ်ဆင့် မြန်မာ့နိုင်ငံရေးကိုခြေရှုပ်ဖို့ ကြိုးစားလာတဲ့ အချက်ရယ်၊ အောက်လွှတ်တော်မှာလည်း မြန်မာ့ရွေး ကောက်ပွဲနဲ့ပတ်သက်ပြီး ကြားနာမှုတွေလုပ်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး အစိုးရသတင်း ထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အမေရိကန်ရဲ့လုပ်ရပ်က 'ပွဲလန့်တုန်း ဖျာခင်း}တဲ့ လုပ်ရပ်တစ်ခုဆိုပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ထားတာလည်း တွေ့ရတယ်။ အစိုးရအနေနဲ့ အွန်လိုင်းလိမ်လည်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ၂၀၂၃ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၆ ရက်အထိ နိုင်ငံ ပေါင်း ၅၂ နိုင်ငံက နိုင်ငံခြားသား ၆၈၅၈၂ ဦးကို လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့လည်း ကြေညာ ထားတယ်။ လက်ရှိအချိန်မှာလည်း KNU အဖွဲ့အစည်း ခြေကုပ်ယူလုပ်ကိုင်ခဲ့တဲ့ KK Park နယ်မြေထဲက အဆောက်အအုံ ၂၅၆ လုံးကိုလည်း အပြီးသတ်ဖြိုချခဲ့ပြီးဖြစ်သလို ကျန်တဲ့ အဆောက်အအုံ ၃၇၉ လုံးကို လည်း ဆက်ပြီးဖြိုချဖျက်ဆီးဖို့ ဆောင်ရွက်နေတာ တွေ့ရတယ်။ အစိုးရရဲ့ သဘောထားကတော့ မြန်မာ နိုင်ငံရဲ့ပိုင်နက် နယ်မြေကို အသုံးချပြီး အွန်လိုင်းလိမ်လည်မှု လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့အပေါ်မှာ ပြင်းပြင်းထန်ထန် တိုက်ဖျက်ရှင်းလင်းနေတာ တွေ့ရမှာဖြစ်တယ်။
နောက်ထပ် နိုင်ငံရေးအရသက်ရောက်မှုကြီး ခဲ့တဲ့ဖြစ်စဉ်ကတော့ ဘီလာရုစ်နိုင်ငံသမ္မတ လူကာရှန်ကိုရဲ့ နှစ်ပေါင်း ၂၆ နှစ်အတွင်း နေပြည်တော်ကို ပထမဆုံးအကြိမ် ခရီးစဉ် လာရောက်ခဲ့တာကလည်း မြန်မာ့နိုင်ငံရေးအတွက်သာမက ဒေသတွင်းနိုင်ငံတွေပါ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေခဲ့တာပါ။ တကယ်တော့ ဘီလာရုစ်နဲ့ မြန်မာနိုင်ငံရဲ့ သံတမန်ဆက်ဆံရေးက ၁၉၉၉ ခုနှစ် ကတည်းကဆိုပေမယ့် တကယ်တမ်း နီးကပ်ခဲ့တဲ့အချိန်တွေကတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်မှာ EAEU ရဲ့ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ဘီလာရုစ်နိုင်ငံရဲ့ ဖိတ်ကြားချက်အရ စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ်ကို တက်ရောက်ဖို့ မင့်စ်မြို့ကို နိုင်ငံတော်အကြီးအကဲ ရောက်ရှိခဲ့တာက စခဲ့တယ်လို့ပဲ ဆိုရမယ်ထင်တယ်။ တကယ်တော့ အဲဒီချိန်ကတည်းက နှစ်နိုင်ငံရဲ့ လမ်းညွှန်မြေပုံ (Action Plan) ရေးဆွဲဖို့ အဆင်သင့် ဖြစ်နေခဲ့ကြပြီးသားလည်း တွေ့ရတယ်။ စီးပွားရေးအရ မြန်မာနိုင်ငံဘက်က UMFCCI နဲ့ ဘီလာရုစ်ဘက်က စက်မှုကုန်သည် အသင်း BelCCI တို့ ဆွေးနွေးခဲ့ကြပြီး စီးပွားရေးဖိုရမ်ကနေ အမေရိကန် ဒေါ်လာကိုးသန်း တန်ဖိုးရှိတဲ့ သဘောတူညီမှု စာချုပ် ၁၆ စောင်လည်း လက်မှတ်ရေးထိုး နိုင်ခဲ့ကြတယ်။ အဲဒီစာချုပ်တွေအရ ဘီလာ ရုစ်နိုင်ငံထုတ် စက်မှုလယ်ယာသုံး ထွန်စက်တွေ၊ ကုန်ကားနဲ့ လူနာတင်ယာဉ်တွေလည်း ပါဝင်သလို နောက်ထပ်အရေးကြီးတဲ့ အရာကတော့ ရန်ကုန်တက္ကသိုလ်နဲ့ ဘီလာရုစ်(BSUIR) တက္ကသိုလ်အကြားမှာ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု (MoU) လည်း ထိုးနိုင်ခဲ့ကြတယ်။ နှစ်နိုင်ငံခေါင်း ဆောင်တွေရဲ့ သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး၊ ဆေးဝါးနဲ့ စားနပ် ရိက္ခာ ထုတ်လုပ်ရေးအပါဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ လမ်းပြမြေပုံ (၂၀၂၆-၂၀၂၈) ကို လည်း ရေးဆွဲအတည်ပြုနိုင်ခဲ့ကြတယ်။
တကယ်တော့ ဘီလာရုစ်သမ္မတ လူကာရှန်ကို ရဲ့ခရီးစဉ်ဟာ ရွေးကောက်ပွဲလုပ်ဖို့ တာစူနေပြီး မြန်မာ့နိုင်ငံရေး အလှည့်အပြောင်းဖြစ်စေမယ့် အရေးကြီးကာလမှာ လာရောက်ခဲ့တာဖြစ်လို့ မြန်မာ့နိုင်ငံရေးကို အတော်လေး သက်ရောက်မှုကြီးမားတာ တွေ့ရတယ်။ အဓိက အနောက်နိုင်ငံတွေရဲ့ပိတ်ဆို့မှု ခံနေရချိန်မျိုးမှာ အချိန်ကိုက် လာရောက်ပေးခဲ့တာက မြန်မာ့နိုင်ငံရေးကို ထောက်ခံကြောင်း ပြသခဲ့တဲ့ လုပ်ရပ်တစ်ခုလို့လည်း ပြောလို့ရတယ်။ မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ သမ္မတကြီး လူကာရှန်ကိုရဲ့ ခရီးစဉ်ဟာ ရက်အားဖြင့် အချိန်သိပ်မကြာခဲ့ဘူး ဆိုပေမယ့် အိမ်ရှင်ဖြစ်တဲ့ မြန်မာနိုင်ငံကလည်း အနွေးထွေးဆုံးဖြစ်အောင် ပြင်ဆင်ထားနိုင်တာလည်း တွေ့ရတယ်။ အထူးသဖြင့် နှစ်နိုင်ငံချစ်ကြည်ရေး အဓွန့်ရှည်ဖို့ ရည်ရွယ်သလို သမ္မတကြီး လူကာရှန်ကိုရဲ့ ခရီးစဉ်ကို ကြိုဆိုတဲ့အနေနဲ့ နေပြည်တော် ရာဇသင်္ဂဟ လမ်းမကြီးနဲ့ ဇမ္ဗူကျက်သရေလမ်းမကြီးကို ဆက်သွယ်ထားတဲ့ လမ်းနာမည်ကိုလည်း ဘီလာရုစ်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ မင့်စ်မြို့ဆိုပြီး အမည်နာမပေး သတ်မှတ်ခဲ့တာမျိုးကလည်း ချိန်သားကိုက် ဆောင်ရွက်နိုင်ခဲ့တဲ့ သံတမန် အချိတ်အဆက်ပုံစံမျိုး မြင်တွေ့ခဲ့လိုက်ရတယ်။
ဘီလာရုစ်သမ္မတ လူကာရှန်ကိုအနေနဲ့လည်း နိုင်ငံတကာမျက်နှာစာနဲ့ အဖွဲ့အစည်းတွေကြားမှာ မြန်မာနိုင်ငံအပေါ် အမြဲတမ်းထောက်ခံ ရပ်တည်ပေးသွားမယ်ဆိုတဲ့ စကားလုံးတွေက နိုင်ငံရေးအတွက်တော့ အတော်လေး 'တာ'သွားခဲ့တဲ့ စကားလုံးတွေပဲဖြစ်တယ်။ နဂိုကတည်းက စက်မှုနိုင်ငံဖြစ်သလို အဆင့်မီနည်းပညာရပ်တွေ ပိုင်ဆိုင်ထားတဲ့ ဘီလာရုစ်နိုင်ငံနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ခွင့်သာရ မယ်ဆိုရင် စိုက်ပျိုး ရေးကို အခြေခံတဲ့ ကိုယ်တွေနိုင်ငံအတွက် စက်မှုလယ်ယာစနစ် Smart Agriculture ကို အလျင်အမြန်နဲ့ ကူးပြောင်းနိုင်မယ့် အခွင့်အရေးလည်း ရှိနေပြန်တယ်။ အဓိကအရေးကြီးတဲ့ အချက်ကတော့ သမ္မတကြီး လူကာရှန်ကိုရဲ့ ခရီးစဉ်က နှစ်နိုင်ငံသံတမန် ချစ်ကြည်ရင်းနှီးမှုကို အဓိကဦးတည် တယ်ဆိုပေမယ့် နိုင်ငံတကာရဲ့ နိုင်ငံရေးစာမျက် နှာတွေပေါ်အထိပါ အစိုးရရဲ့ ရွေးကောက်ပွဲပြင်ဆင် နေတဲ့လုပ်ငန်းစဉ်အထိ အကျိုးသက်ရောက်မှုရှိစေတာကိုတော့ ငြင်းရနိုင်မယ်မထင်ဘူး။ ၂၀၂၅ မှာ ကျင်းပမယ့် ရွေးကောက်ပွဲကတစ်ဆင့် ပေါ်ပေါက်လာမယ့် အစိုးရ သစ်အနေနဲ့ လက်ရှိအစိုးရ လမ်းခင်း ပေးထားတဲ့ ရုရှား၊ ဘီလာရုစ်နဲ့ ကာဇက်စတန်တို့ ပါဝင်တဲ့ EAEU ၊ BIMSTEC ၊ SCOနဲ့ မဲခေါင်-လန်ချန်းဆိုတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ထပ်ဆင့်ချိတ်ဆက်နိုင်ဖို့ မဖြစ်မနေ ကြိုးပမ်းရပါလိမ့်မယ်။ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို တွန်းလှန်နိုင်ဖို့၊ ဒေသတွင်း ပထဝီနိုင်ငံရေးအရ အားသာချက်ကို အသုံးချပြီး ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ (SCO)၊ BRICSနဲ့ ဥရောပ-အာရှ စီးပွားရေးသမဂ္ဂတွေမှာ အဖွဲ့ဝင်နိုင်ငံဖြစ်လာဖို့ သေချာပေါက် ကြိုးစားဖို့လိုတာ တွေ့ရတယ်။ BRICS ရဲ့ အမာခံ အင်အားဖြစ်တဲ့ အိမ်နီးချင်းနိုင်ငံ၊ တရုတ်ရဲ့လိုလားချက်ဖြစ်တဲ့ ပစိဖိတ်သမုဒ္ဒရာကနေ အိန္ဒိယသမုဒ္ဒရာကို ဆက်သွယ်တဲ့ အဓိက မြေပေါ်တံတားအဖြစ်နဲ့ ရှုမြင်ဖို့၊ တရုတ်နိုင်ငံရဲ့ စွမ်းအင်လုံခြုံရေးနဲ့ BRICS ရဲ့ ရေကြောင်းကုန် သွယ်ရေးလမ်းကြောင်း ရည်မှန်းချက်အောင် မြင်ရေးကဏ္ဍတွေမှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC)က အဓိကကျတယ် ဆိုတဲ့အချက်ကို ပေါ်လွင်ဖို့ အားထုတ်ကြိုးစားရလိမ့်မယ်။
တကယ်တော့ မြန်မာ့နိုင်ငံရေး အလှည့်အပြောင်းကို တွန်းအားဖြစ်စေမယ့်၊ မကြာခင် ကျင်းပတော့မယ့် ရွေးကောက်ပွဲတစ်ရပ်က သာမန်ရွေးကောက်ပွဲအ ခင်းအကျင်းဆိုတဲ့ ပြယုဂ်တွေထက် နောက်ကွယ်မှာ နိုင်ငံရေးနဲ့ စီးပွားရေးအရ ပိုလေးနက်တဲ့ အခင်းအကျင်းပုံစံ မျိုးရှိနေတာ ထင်ထင်ရှားရှား တွေ့နိုင်တယ်။ ဒေသတွင်းနိုင်ငံရဲ့ ပြည်တွင်းနိုင်ငံရေးအလှည့် အပြောင်းကာလ၊ ကျားဖျန့်လုပ်ငန်းစု တွေရဲ့ အခန်းကဏ္ဍအပါအ ဝင် တရုတ်နဲ့ အမေရိကန်တို့ရဲ့ ဒေသတွင်း အားပြိုင်လွန်ဆွဲ မှုတွေကလည်း ဒီလိုချိန်မှာကျင်းပရမယ့် ရွေးကောက်ပွဲကို ပိုပြီး ရိုက်ခတ်မှုရှိစေနိုင်တာ သတိပြုကြဖို့ လိုလိမ့်မယ်။ လက်ရှိ အစိုးရကတော့ အနာဂတ် မြန်မာနိုင်ငံအတွက် ရေတို၊ ရေရှည် အကျိုးဖြစ်ထွန်းစေမယ့် စီမံကိန်း တွေကို ကြိုတင်ပြင်ဆင်လမ်းခင်းခဲ့တာမျိုးလည်း တွေ့နေရတယ်။ ဥပမာ 'ဧရာဝတီမြစ်ဆုံ' မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်ကော်မတီတွေ ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်တွေ အသီးသီး ပေးအပ်ထားတာ၊ မူဆယ်-မန္တလေး ရထားလမ်းသစ်ဖောက်လုပ်ရေး စီမံကိန်းအတွက် အကောင်အထည် ဖော်ဆောင်ရွက်ရေး ဦးဆောင်ကော်မတီ ဖွဲ့စည်းထားရှိစေတာ၊ နျူကလီးယားစွမ်းအင် ပရောဂျက်၊ မြန်မာအာကာသအေဂျင် စီလိုမျိုး အဖွဲ့အစည်းတွေထူထောင်ပြီး အာကာသနည်း ပညာတွေ အစပျိုးစေဖို့ အားထုတ်နေတာ၊ ရန်ကုန်လိုမျိုး စီးပွားရေးမြို့တော်ကြီးမှာ မဖြစ်မနေ လိုအပ်နေတဲ့ မိုးပျံ အမြန်လမ်းနဲ့ မြို့တော်အပြင်ပတ်လမ်း စီမံကိန်းတွေနဲ့ လျှပ်စစ်ရထားစီမံကိန်းတွေက ရွေးကောက်ပွဲကတစ်ဆင့် ပေါ် ပေါက်လာမယ့် အစိုးရသစ်အတွက် ကနဦးခြေလှမ်းအစ အုတ်မြစ်တွေလို့ဆိုရင်လည်း မမှားဘူး။
တကယ်တော့ နှစ်ပေါင်း ၂၆ နှစ်ကြာမှ နေပြည်တော်ကို ပထမဆုံးအကြိမ်ရောက်လာတဲ့ သမ္မတကြီး လူကာရှန်ကိုရဲ့ခရီးစဉ်က မြန်မာ့နိုင်ငံရေးမှာ သံတမန်ဆိုတဲ့ အခင်းအကျင်းထက်ပိုတဲ့ ရွေးကောက်ပွဲ အသိအမှတ်ပြုမှုဆိုင်ရာ ရပ်တည်ချက်မျိုးပါတဲ့ သမိုင်းဝင်ခရီး စဉ်တစ်ခုလို့တောင် ညွှန်းဆိုလို့ရပါတယ်။ ဒါကလည်း ဒေသတွင်းနိုင်ငံတွေကြားမှာ ပထဝီနိုင်ငံရေးအရ အရေးပါမှု၊ ကမ္ဘာ့နိုင်ငံရေးစနစ် ပြောင်းလဲမှု၊ ရုရှား၊ တရုတ်အပါအဝင် ဘီလာရုစ်နိုင်ငံတွေကြားမှာ ခေါင်းဆောင်ပိုင်းဆိုင်ရာ အချင်းချင်းရဲ့ နိုင်ငံရေးယုံ ကြည်ချက် တည်ဆောက်နိုင်မှုကလည်း အဓိကကျတယ်လို့ ပြောလို့ရတယ်။ စီးပွားရေးပိုင်းအရဆိုရင်လည်း အမေရိကန် အပါအဝင် EU တို့လို နိုင်ငံတွေက စီးပွားရေးအရ ပိတ်ဆို့ထားချိန်မှာ EAEU ၊ BRICS ? BIMSTEC ? SCO နဲ့ မဲခေါင်-လန်ချန်းတွေမှာ အဖွဲ့ဝင်အဖြစ်နဲ့ ပါဝင်နိုင်ရင်လည်း သိပ်အဆိုးကြီး မဟုတ် တော့တာမျိုး မြင်ရတယ်။ တစ်ခုရှိတာက ရွေးကောက်ပွဲကျင်းပဖို့ လပိုင်းလောက်ပဲ လိုတော့တဲ့အချိန်၊ ကျားဖျန့်ရှင်းလင်းရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ တက်တက်ကြွကြွ ဆောင်ရွက်နေချိန်မျိုးမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဖြစ် သူက တရားရေးအရ ထောင်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ် ပေးဖို့ အစပြန်ဆွဲထုတ်လာတဲ့ အခင်းအကျင်းတွေက နိုင်ငံရေးအရ သိပ်ရိုးသားမှုမရှိဘူးလို့ဘဲ သုံးသပ်ရ မယ်။ အာဆီယံအသင်းအဖွဲ့ကြားမှာ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေ ရှိနေသလို ဘုံသဘောတူညီချက်ငါးရပ်ကို ဆုပ်ကိုင်ထားပေမယ့် ရွေးကောက်ပွဲအရ ပေါ်ပေါက်လာမယ့် အစိုးရသစ် အနေနဲ့ အာဆီယံနဲ့ပတ်သက်တဲ့ မူဝါဒတွေကိုလည်း ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်လိမ့်မယ်။ စစ်ရေး ဘက်မှာလည်း ကူမင်းသဘောတူညီချက်အရ TNLA ထိန်းချုပ်ခဲ့တဲ့ မိုးကုတ်မြို့ကို တပ်မတော်က ပြန်လည် ထိန်းချုပ်နိုင်ခဲ့တဲ့အပေါ်မှာလည်း တရုတ်ကြားဝင်စေ့စပ်မှုအရဆိုတာထက် State Actor နဲ့ Non-State Actor တွေရဲ့ Level အကြား နိုင်ငံရေးအရ Legitiamte ဖြစ်မှုကို ပိုပြီး သိသာထင်ရှားစေခဲ့တယ်။ ခြုံပြောရရင်တော့ ဒေသတွင်း အာဆီယံနိုင်ငံတွေကြား ဘယ်လိုပဲသဘောထားအမြင်တွေ ရှိနေပါစေ ပထဝီနိုင်ငံရေးအရ အရေးပါမှုကို အသုံးချပြီး အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်၊ အိန္ဒိယနိုင်ငံတို့အပြင် ရုရှား၊ ဘီလာရုစ်နိုင်ငံ တွေနဲ့ပါ လက်တွဲပူးပေါင်း ဆောင်ရွက်နိုင်ရင် ပြည့်အကျိုးစီးပွားအပြင် နိုင်ငံရေးနဲ့ စစ်ရေးအရပါ အကာအကွယ်သဘောမျိုး လုံခြုံမှုရှိစေလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ရတယ်။ ဆိုတော့ ဘီလာရုစ်သမ္မတကြီး လူကာရှန်ကိုရဲ့ နေပြည်တော်ခရီးစဉ်က နှစ်နိုင်ငံလုံးရဲ့ ရှိရင်းစွဲ သံတမန်ဆက်ဆံရေးကို တိုးမြှင့် ပေးတယ် ဆိုတာထက် မကြာခင် ပြုလုပ်တော့မယ့် ရွေးကောက်ပွဲကို ထောက်ခံအားပေးရပ်တည်သော ပြယုဂ်၊ ဒေသတွင်းနိုင်ငံတွေကြားမှာ နှစ်နိုင်ငံဆက်ဆံရေး နက်ရှိုင်းမှုကို သတိပြုမိစေတဲ့ နိုင်ငံရေးအခင်းအကျင်း နဲ့ မြန်မာ့နိုင်ငံရေးကို ခိုင်ခိုင်မာမာ ရပ်တည်ပေးဖို့ ရည်ရွယ်တဲ့ နှစ်ပေါင်း ၂၆ နှစ်အကြာမှာ ရောက်လာတဲ့ သမိုင်းဝင် ခရီးစဉ်တစ်ခုလို့သာ ညွှန်းဆိုသတ်မှတ်ယူဆမိပါတော့တယ်။ (နရီမိုး)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၄၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )