မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ စမ်းသပ်မှုများကို ကျော်ဖြတ်ခြင်း

၂၀၂၆ ၊ မေ ၂၇

    'ရွှေတိဂုံခြေတော်ရင်း၌ သီတင်းသုံးစဉ်ကာလ အတောအတွင်း လာရောက် ဖူးတွေ့ကြသူများထဲတွင် မွတ်ဆလင်ဘာသာ အပါအဝင် ဘာသာခြားများသည် အများဆုံးဆို၏။ အချို့ကား ပစ္စည်းလေးပါး ဒါယကာခံကာ၊ ရဟန်းဒါယကာအဖြစ် ခံယူကြပြီး အချို့ကား ကိုယ်တိုင်ပင်လျှင် ရဟန်းဘဝသို့ ခံယူခဲ့ကြဆို၏။ ဘာသာတစ်ခုချင်း၏ အတိမ်အနက်ကိုလည်း ဆည်းပူးကြဆို၏။
- ဘာသာတစ်ခုစီ၏ မူလပေါ်ပေါက်လာစဉ် ဇာစ်မြစ်၊
- နောက်ပိုင်းကာလ ရွေ့လျောလာသော ဘာသာဓလေ့တို့၏ အခြေအနေ၊
- ဘာသာခေါင်းဆောင်တို့၏ ခေတ်ဆန်သော ဟိတ်လုံး၊ ထွင်လုံးများ၊
    ထိုသုံးချက်တို့ဖြင့် ဘာသာတစ်ခုချင်းတို့၏ ဦးတည်ချက်ပန်းတိုင်၊ လက်ရှိသွားနေသော ခရီးတို့ကို နှိုင်းယှဉ်ပြရာ အတွေးအခေါ်မဟုတ်၊ လက်တွေ့ကျသော၊ မျက်စိမှိတ်ယုံကြည်မှုမျိုးမဟုတ် ကိုယ်တိုင် အသိဉာဏ်ဖြင့်သိမှ ယုံကြည်ခွင့်ရသော ဗုဒ္ဓဝါဒကို ပို၍ နှစ်သက်လာကြသည်ဆို၏။ ထို့ကြောင့် အမည်ခံ သူ့ဘာသာ၊ အတွင်းခံအားဖြင့် ဗုဒ္ဓဘာသာ ဖြစ်လာကြသူများ မနည်းတော့ပြီ။ (၂၀၂၆၊ ဇန်နဝါရီထုတ်၊ မဟာဗောဓိမြိုင် ဆရာတော်၊ သူတို့သိသော ဘသန့်ရှင်း၊ စာ-၁၄၀)
    အဘဝိမလ (ဘသန့်ရှင်း)ရဲ့ သာသာနပြုခရီးမှာ ဘာသာခြားများကို လက်တွဲခေါ်ယူခြင်းဟာလည်း အကြောင်းတစ်ခုအနေနဲ့ ပါဝင်နေလျက်ရှိပါတယ်။ ဒီလိုနဲ့ အဘဝိမလထံပါး လာရောက် ညွတ်တွားဝင် ထွက်သွား လာနေသူတွေနဲ့ စည်ကားလို့ နေပါတယ်။ နောက်တစ်နှစ်မှာတော့ ရွှေတိဂုံစေတီတော် မြတ်ကြီးရဲ့ နည်းဥပဒေအရဆိုကာ ဖွားသဲနုဇရပ်မှာ မနေဖို့ စာအားဖြင့် တားမြစ်လာပါတယ်။ သို့သော် ဆက်လက်နေထိုင်သီတင်းသုံး သာသနာပြုပါရန်လည်း လျှောက်ထားလာကြတယ်လို့ဆို ပါတယ်။ အဘ ဝိမလရဲ့ သဘောထားကတော့ နှုတ်တစ်ရာ စာတစ်လုံး၊ စာဖြင့် လျှောက်ထားခြင်းက အဓိက၊ နှုတ်ပြောနဲ့ ဆက်နေပါလို့ လျှောက်ထားတာက သာမည၊ ဒါ့ကြောင့် အဘဝိမလဟာ ရွှေတိဂုံဘုရားကြီးရဲ့ ဖွားသဲနု ဇရပ်ကနေ ချက်ချင်းပြောင်းရွှေ့ခဲ့ပါတယ်။
    ကြည့်မြင်တိုင်ရှိ ဒကာတစ်ယောက်ရဲ့ အိမ်မှာ ခေတ္တသီတင်းသုံးနေစဉ် စစ်ကိုင်းတောင်ရိုးရှိ ဝိမုတ္တိရ သာရုံချောင်သို့ ပြန်ကြွဖို့ စီစဉ်ပါတယ်။ ဒီလို စီစဉ်လုပ်ဆောင်နေတာ ဘိုးတော်အောင်မင်းခေါင် ကြီး သိသွားတော့ 'အောက်မြန်မာပြည်မှာပဲ ဆက်လက်သာသနာပြုပါ'လို့ လျှောက်ထားတယ်လို့ ဆိုပါတယ်။
    'သာသနာပြုဖို့ဆိုတာ နေစရာကျောင်းရှိဦးမှ'လို့ဆိုတော့ ဘိုးတော်အောင်မင်းခေါင်ကြီးက 'ရမှာ ပေါ့'လို့ ပြောပြီး ပြန်ကြွသွားပါရောတဲ့။ အဘဝိမလကဖြင့် စစ်ကိုင်းပြန်ဖို့ ရထားလက်မှတ်တောင် ကြိုတင်ဝယ်ယူ ထားခဲ့ပြီ။ နောက်တစ်နေ့ ညနေ ရန်ကုန်ဘူတာကြီးသွား ဖို့ ပြင်ဆင်နေစဉ် တပည့်ဒကာ ဦးတင်အုန်း ရောက်လာတယ်။
    'ဆရာတော်သီတင်းသုံးဖို့ ဘောက်ထော်၊ သင်္ဃန်းကျွန်း၊ မိကျောင်းကန်အပိုင်(၃)၊ သီရိရတနာ လမ်းမှာ အားလုံးအသင့်စီစဉ်ပြီး ဖြစ်ပါသဖြင့် အလှူခံ ကြွရောက်တော်မူပါဘုရား'လို့ လျှောက်တင်ပါတယ်။ မရှေးမနှောင်းမှာပဲ ရှစ်မိုင်မှာနေတဲ့ မွတ်ဆလင်ဘာသာဝင် ဦးစံဖေ+ဒေါ်ခင်ခင် မိသားစုတို့က အမေရိကန်သံရုံးက ဝယ်ယူထားတဲ့ ဘဲလ်ကယားကားကြီးကို လာရောက်လှူ ဒါန်းပြန်တယ်။ ဒါ့ကြောင့် အဲဒီကားကြီးစီးပြီး ကျောင်းအလှူခံဖို့ မိကျောင်းကန်ကို ထွက်လာခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး မိကျောင်းကန်သာသနာ့ဗိမာန်ကျောင်းမှာ သီတင်းသုံးပြီး နှစ်စဉ် ဆောင်းဦးပေါက်ရောက်မှသာ စစ်ကိုင်းတောင်ရိုး ဝိမုတ္တိရသာရုံသို့ ကြွရောက်ပြီး ဝတ်ဆောက်တည်လေ့ရှိတယ်လို့ ဆိုပါတယ်။
    'ဦးစံဖေ+ဒေါ်ခင်ခင်တို့၏ အစ်ကိုရင်းဖြစ်သူ ဦးသန်းညွန့်ကား မွတ်ဆလင်ဘာသာမှ အတိအလင်း ပြောင်းလဲလာကာ ဘုရားဟောင်းများ ပြုပြင်ခြင်း၊ တရားအားထုတ်ခြင်းဖြင့် အသက်ထက်ဆုံး ပြုကျင့် သွားချေတော့၏။ ပုဇွန်တောင်ကြက်တန်းရှိ မိဘများ တည် ဆောက်ထားသော ဗလီကြီးကိုလည်း ငါနှင့် မဆိုင်ဆိုကာ ဥပေက္ခာပြုချေတော့၏။ အဘဝိမလသည် ထိုကျောင်း၌ သီတင်းသုံးနေစဉ်အတွင်း ပြည်မြို့ ၏ နိဗ္ဗိန္ဒချောင်အနီး အောင်တော်မူကုန်းတွင် လောကချမ်းသာအောင် သစ္စာစေတီကို ၄၅ ရက်နှင့်အပြီး တည်ခဲ့၏။ ထိုစဉ်က ကမကထ ပြုသူများမှာ ဦးသန်းညွန့်၊ ဦးကြည်၊ ဦးအောင်သန်းတို့ပင် ဖြစ်ခဲ့၏။} (စာ-၁၄၁)
    အဲဒီ ကာလက အဘဝိမလ (ဘသန့်ရှင်း)ဟာ တိုက်ကြီးမြို့နယ်ရှိ အဘဣန္ဒာသက္ကဘွဲ့ခံ ဂျိုးဖြူ ဆရာ တော်ဘုရားကြီးနှင့် တွဲဖက်ပြီးတော့လည်း သာသနာ့ကိစ္စ တွေ ဆောင်ရွက်ခဲ့ရပါသေးတယ်။
    'ထိုစဉ် မမျှော်လင့်သော မျှော်လင့်စရာသည် အရေးပေါ်စေခဲ့၏။ ဂျိုးဖြူအား ကိုးကွယ်ဆည်းကပ်နေသူ အမြင့်ဆိုသူသည် အဘဝိမလကို တွေ့ကတည်းကအတင်းဝင် အတင်းထွက်စနစ်ဖြင့် ချဉ်းကပ်လာခဲ့၏။ အဘကား တားဆီးခြင်း၊ ခွင့်ပြုခြင်း လုံးဝမပြုခဲ့ချေ။ သို့တစေလည်း ထိုအမြင့်၏ ချဉ်းကပ်မှုကား အထင်လွဲမှားစရာထက်ပို၍ အထင်မြင်လွဲမှားစေသော အမူအကျင့်များချည်း ဖြစ်နေရာ အဘအား ပုဂ္ဂိုလ် ရေး ဆည်းကပ်နေသူတို့ ဟင်ခနဲဖြစ်စေတော့၏။ အဘ၏ သိက္ခာ၌ ယုံကြည်သူများကသာ ဆိတ်ငြိမ်ခဲ့ကြ ဆို၏။ သို့တစေလည်း ဤသို့သော သူတော်ကောင်းကြီးတို့၏ ဝန်းကျင်ဝယ် ပုဂ္ဂိုလ်ရေးဆည်းကပ်မှုရနိုးနိုး ကိုးကွယ်မှုပြုသူတို့ ချည်းသာများလေရာ တစ်နေ့တခြား နောက်သို့ ခြေတစ်လှမ်းစီ ဆုတ်ခွာသွားစေတော့၏။' (စာ-၁၄၂)
    အဘဝိမလ ဆရာတော်ဘုရားကြီးအား မာတုဂါမနဲ့ အထင်မှားပြီး အနီးနေတပည့်ဒကာများပင် အဘဝိမလကို စွန့်ခွာသွားပုံတွေကို မဟာဗောဓိမြိုင်ဆရာ တော်ဘုရားကြီးက မခြွင်းမချန် ရေးသားဖော်ပြခဲ့ပါတယ်။
    'အခြံရံမဲ့သွားသော အဘ မည်သို့ စိတ်လှုပ် ရှားမည်နည်း။ သိက္ခာ၌မယုံ အထင်ကြီးမှုဖြင့် အုံသူတို့ မည်သို့ စိတ်လှုပ်ရှားမည်နည်း။ ဤသည်မှာ အကိုးကွယ်ခံနှင့် ကိုးကွယ်သူတို့နှစ်ဦးကြား၌ ဧရာမစမ်း သပ်မှုကြီး ပင်ဖြစ်၏။ ထိုစမ်းသပ်မှု၌ မတုန်သော၊ မဖြုံသော သူတော်ကောင်းကြီးများသာ ထွက်ခွင့်သာ စေ၏။ အဘကား မတုန်ခဲ့၊ မျက်နှာပင် သွေးမပျက်ခဲ့ဆို၏။ မကြာပါချေ။ ထိုအမြင့်သည် အဘ၏ မြေးတော်သူ အောင်ကြီးဟူသော ကာလသားပေါက်စလေးကို ခိုးယူကာ ထွက်ပြေးလေတော့၏။ ထိုအခါကျမှ အဘ၏ သိက္ခာပေါ်၌ အထင်မြင်လွဲမှားကြသော လူအပေါင်း၊ ရှင်အပေါင်းတို့သည် ငါတို့ အမြင်လွဲနေပြီဟူ၍ သဘောပေါက်ကြရ၏။ ဝစီနှုတ်ဖွင့် ရင့်သီးသူတို့ကား ပြန်လည်မကပ်ဝံ့၊ စိတ်ဖြင့် ပြစ်မှားသူတို့ကား ပြန်လည် ဝင်ထွက်လာကြကုန်၏။'(စာ-၁၄၂)
    ၁၃၃၇ ခုနှစ်မှာတော့ မင်္ဂလာဒုံ ကာယရပ်ကွက်၊ ၆ လမ်းရှိ ဣစ္ဆာသယဘုန်းတော်ပြည့်စေတီတော် ကို ပြန်လည်ပြုပြင်တော်မူခဲ့ပါတယ်။ ဒီစေတီဟာ နဂါးပြည်မှ ဆံတော်များကို ပင့်ဆောင်ကာ ရှေးပုဂ္ဂိုလ်များ တည်ထားတဲ့ စေတီဖြစ်ပါတယ်။ (၎င်းစေတီကို အဘဝိမလ၏ ထွက်စခန်းအဖြစ် ဘိုးတော် အောင်မင်းခေါင်က အပ်နှံခဲ့ဆို၏။)လို့ အလေးအနက် ဖော်ပြထားပါတယ်။
    'ထိုစေတီကြီး မြောက်ဘက်မှ အက်ကွဲသွား ပြန်သဖြင့် ၁၃၃၉ ခုနှစ်တွင် အဟောင်းကို ငုံလျက်က အသစ်တစ်ဖန် တည်ထားတော်မူရ၏။ ထီးတော်တင်ပွဲကား ရင်ကွဲစရာလည်းကောင်း၊ တက်ကြွစရာလည်း ကောင်းလှချေ၏။ နယ်မြေခံဦးကျန်တို့ အဖွဲ့မှလည်း တစ်ဝိုင်း၊ အဘဝိမလ၏ တပည့်များကလည်း တစ်ဝိုင်း ဖြင့် နှစ်ဝိုင်းစုံဖြစ်နေရာ စားသောက်ရာ၌လည်း နှစ်ဝိုင်း၊ ဆိုင်းသည်ပင် နှစ်ဝိုင်းဖြစ်နေပြီး အပြိုင် အဆိုင် မြိုင်လှချေ၏။ တောကြားပင် ဖြစ်လင့်ကစား ကားကြီးကားငယ် အသွယ်သွယ်တို့ဖြင့် စည်ကား လှ၏။'
    'ဘုရားဝင်းတစ်ခုလုံး သာသနာ့အလံ၊ ရာဇအလံ၊ ဓမ္မအလံတော်များ တလူလူ တလွင့်လွင့် အထူးတင့်တယ်လှချေ၏။ သင်္ဃန်းကျွန်းကြီး ကျေးရွာ၌ကား နှစ်လောင်းပြိုင် ညီအစ်မတို့ ပြင်ဆင်ထားလျက်က ရင်ထုမနာ ဖြစ်နေကြ၏။ ထိုညီအစ်မ (သန်းသန်းဆင့်နှင့် တင်တင်နွဲ့)တို့ နှစ်ဦးသည် ထိုထီးတော်လှည့်စဉ် ဆင်ပုံ ချောင်းအရောက်တွင် မိန်းမကြီးက ခေါ်နေသည်ဆိုကာ ရင်ဘတ် တဘက်စီးလျက်က ချောင်းထဲ ခုန်ချကာ သေဆုံးသွားကြရှာသူများ ဖြစ်ကြ၏။'
    'ထီးတော်တင်ပွဲကား နံနက်ပိုင်းဖြစ်၏။ စိန်ဖူးတော်တပ်ဆင်ပြီးသည်နှင့် အဒေါ်ကြီးတစ်ဦးအား ဝင်ပူးကာ ထိုညီအစ်မတို့က ထိုဘုရားအား စောင့်ရှောက်ခွင့်ပြုပါရန် အဘအား တောင်းပန်နေကြရာ ကြားရသူတိုင်း ရင်ဆို့စေ၏။ ညနေပိုင်းတွင်ကား ထီးတော်ရေစက် ချတရားပွဲ ကျင်း ပရာ ရွှေဘုန်းပွင့်ဆရာ တော်ဘုရားကြီး (အိန္ဒိယ-နီပေါ သာသနာတော်ပြု ဆရာတော်ဘုရားကြီး)က ရေစက်ချ တရားဟောတော် မူ၏။ ပြီး၍ အမျှဝေသောအခါ တစ်ဖန်ထပ်ဆင့်၍ပင် ပရိသတ်အလယ်ရှိ ရန်ကုန်မှ မိန်းကလေးတစ်ဦးအား ပူးကပ်ခါ ထိုဘုရား၌ ၎င်းတို့ညီအစ်မအား အစောင့်အရှောက်အဖြစ်ထားပါရန် အဘဝိမလအား လျှောက်ကြားကြပြန်၏။ အဘက 'ရန်သူများ မဝင်ရောက် မနှောင့်ယှက်ရန် တာဝန်ယူကြလေ'ဟူ၍ မိန့်မှ ထွက်ခွာသွားချေ၏။ ကြားရသူတိုင်း စိတ်မကောင်း ဖြစ်စေ၏။ ဘုရားဟောင်းပြုပြင် စီမံလေတိုင်း ထိုမြင်ကွင်းမျိုးကား တွေ့ရတတ်စမြဲဖြစ်၏။ (စာ-၁၄၃)
    အဘဝိမလ(ဘသန့်ရှင်း)ဟာ သာသနာပြု တာဝန်များကို အားကြိုးမာန်တက် ဆောင်ရွက်တော်မူခဲ့ပါတယ်။ မင်္ဂလာဒုံ ဣစ္ဆာသယဘုရားကြီး ပြုပြင်ပြီးတာနဲ့ မော်လမြိုင် ညောင်ပင်ဆိပ်ရှိ ကပ်ကျော်စေတီတော်ကြီးကိုလည်း ဆက်လက်ပြုပြင်တော်မူခဲ့ပါတယ်။ သံဖြူဇရပ်ရှိ ဝါကဂူဘုရားကြီးကိုလည်း သွားရောက်ပြုပြင်ပေးခဲ့ပါတယ်။ သင်္ဃန်းကျွန်းရှိ ရွှေစည်းခုံစေတီတော်ကြီးကိုလည်း ပြုပြင်ပေးတော် မူခဲ့၏။' (စာ-၁၄၄)
    ဒါ့ကြောင့် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက 'အဘဝိမလ၏ သာသနာပြုလုပ်ငန်းကား ဘုရား ဟောင်းပြင်း၊ စေတီငြမ်းဆင်ခြင်းဖြင့် ပြီးစီးခဲ့ရပါချေ၏။ အတွင်းလုပ်ငန်းကား ဝိပဿနာဖြင့် ခန္ဓဉာဏ်ရောက်ခြင်းသာ ဖြစ်ခဲ့၏။ ဝါသနာတစ်မျိုး အကျိုးပေးတစ်နည်းဟူ၍ ဆိုသင့်လှချေ၏။ ဝါသနာသည် အသိဉာဏ်မှ ပေါ်ထွက်လာပြီး အကျိုးပေးကား ကံမှသာလျှင် ပေါ်ထွက်လာချေရကား ပါရမီဉာဏ်စု ဆောင်းတိုင်း ဖြည့်ဆည်းမှု ပါရမီကံသည် အကျိုးပေးသို့ ဥက္ခောင်းဆိုက်စေပြီး ဉာဏ်သည်ကား ဝါသနာသို့ ဦးလှည့်စေ၏။ ထို့ကြောင့် သူတော်ကောင်းတို့ ဝါသနာနှင့် ကိစ္စ တစ်သားတည်းမကျ စေတတ်}လို့ သုံး သပ်ဝေဖန်ထားတာ တွေ့ရပါတယ်။
    ဝါသနာနဲ့ အကျိုးပေးထပ်တူမကျတတ်ပုံကို ရဟန္တာလို့ ကျော်ကြားတဲ့ ညောင်လွန့်ဆရာတော်ကြီးနဲ့ သက်သေထူပြထားပြန်ပါတယ်။ ညောင်လွန့်ဆရာတော်ကြီးဟာ ရဟန္တာကြီးဖြစ်ပါလျက် တပည့် သံဃာတို့အား စာဝါပို့ချနေတာကို မြင်ရင် ဒီကိုယ်တော်ကြီးကို ဘယ်သူကမှ ရဟန္တာလို့ အထင်အမြင် ရှိမှာမဟုတ်၊ စာချဆရာ တော်ကြီးအဖြစ်နဲ့သာ အမြင်အတိုင်းလက်ခံကြမှာဖြစ်ပါတယ်။ အဘဝိမလကို လည်း ဘုရားဟောင်းတွေ ပြုပြင်နေတာကိုပဲ သိမြင်ကြပြီး ဝိပဿနာအားထုတ်တဲ့ ဘယ်မှာ ဘယ်လောက်ထိ ခရီးရောက်နေတယ်ဆိုတာ လူသာမန်တို့ရဲ့ ပုထုဇဉ်ဉာဏ်နဲ့ မသိမမြင်နိုင်ကြပါဘူး။
    ဒါ့ကြောင့် ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးက 'အမြင်အားကြည့်၍ အကဲခတ်ခြင်းထက် အတွင်းသား ဝင်၍ စနည်း နာခြင်းသည်သာ အရှိကိုအရှိအတိုင်း တွေ့နိုင်ကောင်းမြင်နိုင် ကောင်းပါသတည်း'လို့ မှတ်ချက်ပေးရေးသားခဲ့ခြင်း ဖြစ်ပါတယ်။
မောင်သွေးချွန်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 31

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

62460

© 2022 - 2026 News. All Rights Reserved.