မျိုးဆက်သစ်အတွက် အစိုးရရဲ့စေတနာ

၂၀၂၆ ၊ ဇွန် ၁၂

    နိုင်ငံတစ်နိုင်ငံ ကြီးပွားတိုးတက်ဖို့ဘာလို အပ်သလဲလို့မေးရင် ခေါင်ဆောင်ကောင်းရှိဖို့၊ စနစ် ကောင်းဖို့လို့ ပြောကြပါလိမ့်မယ်။ မှားသလားဆိုတော့ မမှားပါ။ သို့သော် ပြီးပြည့်စုံတယ်လို့တော့ မဆိုနိုင်။ နိုင်ငံတစ်နိုင်ငံ ကြီးပွားတိုးတက်ဖို့ အခြေခံအကျဆုံးက လူသားအရင်းအမြစ်ပဲ ဖြစ်ပါတယ်။ ခေါင်းဆောင်ဘယ်လောက်ကောင်းကောင်း၊ စနစ်ဘယ်လောက်ကောင်းကောင်း၊ လူ့အရင်းအမြစ်မကောင်းရင် ဘာမှလုပ်လို့မရ ပါဘူး။ ပညာရှိတွေ၊ ကျွမ်းကျင်သူတွေရှိရင် စီးပွားရေး၊ နည်းပညာ အစရှိသဖြင့် အရာရာ တိုးတက်နိုင်စေမှာ ဖြစ်ပါတယ်။ လူ့အရင်းအမြစ်ဆိုတာ နိုင်ငံရဲ့အင်ဂျင် အစိတ်အပိုင်းပါ။ အင်ဂျင် မကောင်းသမျှ စက်တစ်ခုကောင်းမွန်စွာ မလည်ပတ်နိုင်သလို လူ့အရင်းအမြစ် အားမကောင်းသမျှ နိုင်ငံ့ ယန္တရားလည်ပတ်မှု အရှိန်ဘယ်လိုမှ မတတ်နိုင်ပါ။ 
    ဒါဆို စနစ်နဲ့ ခေါင်းဆောင်ကောင်း မလိုဘူးလားလို့မေးရင် လိုတာပေါ့လို့ ဖြေရမှာ ဖြစ်ပါတယ်။ လူ့ အရင်းအမြစ်နဲ့ စနစ်၊ လူ့အရင်းအမြစ်နဲ့ ခေါင်းဆောင် ဘယ်ဟာက အရေးကြီးသလဲဆိုရင် အားလုံးညီ ညွတ်မျှတဖို့က ပိုအရေးကြီးတယ်လို့ ဆိုချင်တယ်။ တစ်ဆင့်ချင်းဆီသွားရရင် အခြေခံအကျဆုံးနဲ့ ရေရှည် လိုအပ်ချက်က လူ့အရင်းအမြစ်ပါ။ ပြီးရင် ခိုင်မာတဲ့စနစ်ရှိဖို့ လိုပါတယ်။ ဒီအတွက် စတင်အကောင်အ ထည်ဖော်ပေး ရမှာက ခေါင်းဆောင်ကောင်းပါ။ ခေါင်းဆောင်ကောင်းက စနစ်ကို အကောင်အထည်ဖော်နိုင်သလို စနစ်ယိမ်းယိုင်တော့မယ်ဆိုရင် ခေါင်းဆောင်ကောင်းကသာပြောင်းလဲ တည့်မတ်ပေးနိုင်မှာ ဖြစ်ပါတယ်။  
    ထို့အတူ စနစ်ကောင်းမယ်၊ လူ့အရင်းအမြစ် အားကောင်းမယ်ဆိုရင် ခေါင်းဆောင်မကောင်းလည်း တိုင်းပြည် မပြိုလဲသလို လူကောင်းတွေ၊ ခေါင်းဆောင်ကောင်းတွေ အလိုအလျောက် ထွက်ပေါ်လာနိုင်မှာ ဖြစ်ပါတယ်။ စနစ်မရှိရင် ခေါင်းဆောင်ကောင်းလည်း တည်တံ့မှုမရှိ နိုင်သလို တစ်ယောက်ကောင်းပြီး သွားရင် အချိန်မရွေး ပြန်ပြိုလဲသွားနိုင်တာပဲ ဖြစ်ပါတယ်။ အပြန်အလှန် သဘောတရားအရ ခေါင်း ဆောင်ကောင်း မရှိရင်လည်း စနစ်ကို တည်ဆောက်နိုင်မှာ၊ ပြန်လည်ထူထောင်မှု လုပ်နိုင်မှာ မဟုတ်ပါ။ ဒီလူ့အရင်းအမြစ်၊ စနစ်နဲ့ခေါင်းဆောင် အချိတ်အဆက် မှန်ကန်ကောင်းမွန်မှသာ တိုင်းပြည်တစ်ပြည်အနေနဲ့ တည်ငြိမ်အေးချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှု ခိုင်မာနေမှာ ဖြစ်ပါတယ်။ ဒီလိုအပြန်အလှန် ထောက်ကူ နိုင်ဖို့အတွက် အခြေခံအကျဆုံး လိုအပ်ချက်က လူ့အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးပါ။ ဆင့်ကဲဆင့်ကဲ ဖွံ့ဖြိုးတိုးတက်ရေးကို ဖန်တီးထောက်ကူပေးနိုင်တာက စနစ်နဲ့ခေါင်းဆောင်ပါ။  
    အချုပ်ဆိုရရင် ပထမအဆင့် ခေါင်းဆောင်အရေးကြီးပါတယ်။ ဒုတိယအဆင့်စနစ်ကို ခိုင်မာစွာ တည်ဆောက်ဖို့ပါ။ တတိယအဆင့်မှာတော့ စနစ်ကသာ နိုင်ငံကိုဦးဆောင်ပြီး ခေါင်းဆောင်က စနစ်ရဲ့ အစိတ်အပိုင်း ဖြစ်သွားပါပြီ။ ဖွံ့ဖြိုးပြီး တည်ငြိမ်အေးချမ်းနေတဲ့ နိုင်ငံတွေရဲ့ သဘာဝကိုကြည့်ရင် ဒီအပြောင်းအလဲကိုတွေ့ရမှာဖြစ်ပြီး စနစ်ခိုင်မာသွားတဲ့အခါ ခေါင်းဆောင်က စနစ်အတွင်းမှာနေပြီး ဦးဆောင် မောင်းနှင်နေကြတာကို တွေ့ရမှာဖြစ်ပါတယ်။ စနစ်ဆိုတာ ပုံတူကူးချလို့ မရသလို ထင်ကြေးနဲ့လည်း တည်ဆောက်လို့မရပါဘူး။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူနေမှုစနစ်နဲ့ ကိုက်ညီဖို့သာ လိုပါတယ်။ ခေါင်းဆောင် ကောင်းဆိုတာလည်း လူ့အရင်းအမြစ်ပါ။ လူ့အရင်းအမြစ်ကို အခြေခံခဲ့ရာက ခိုင်မာလာ တဲ့ စနစ်အတွင်း မှာ လူ့အရင်းအမြစ်ကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ထောက်ကူပံ့ပိုးပေးကြတဲ့အတွက် ဖွံ့ဖြိုးပြီးနိုင်ငံတွေအနေနဲ့ ဖွံ့ဖြိုးပြီးရင်း ဖွံ့ဖြိုးနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ လူ့အရင်းအမြစ် မပြတ်ဖွံ့ဖြိုးတိုးတက်နေတာဟာ လူ့ဘောင်အဖွဲ့အစည်းအတွက် အရေးအကြီးဆုံး လိုအပ်ချက် ဖြစ်ပါတယ်။ 
    လူ့အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု (Human Resource Development) ဆိုတာ လူသားကို အရည်အသွေးရှိတဲ့ စွမ်းအားအဖြစ် မြှင့်တင်ဆောင်ရွက်တာပဲ ဖြစ်ပါတယ်။ အောင်မြင်ဖွံ့ဖြိုးတိုးတက်ဖို့ အခြေခံအချက် တွေရှိပါတယ်။ ပညာရေး(Education)၊ ကျွမ်းကျင်မှု (Skills Development) ၊ ကျန်းမာရေး (Health)၊ သဘော ထားနဲ့စိတ်ဓာတ် (Attitude and Mindset)၊ လေ့ကျင့်သင်ကြားမှု (Training and Development)၊ အခွင့်အလမ်းနဲ့ပတ်ဝန်းကျင် (Opportunities and Environment) တို့ပဲ ဖြစ်ပါတယ်။ 
    အခြေခံအကျဆုံး လိုအပ်ချက်က  ကျန်းမာ သန်စွမ်းတဲ့ လူငယ်လေးတွေ မျိုးဆက်မပြတ်ရှိဖို့ပဲ ဖြစ်ပါတယ်။  ဒီလူငယ်လေးတွေရဲ့ စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ဖို့ အခြေခံအကျဆုံးကပညာ ရေးပါ။ အကြောင်းအမျိုးမျိုးကြောင့် ပညာရေးမှာ ထူးချွန်စွာ ဖွံ့ဖြိုးမလာနိုင်သူတွေအတွက် လုပ်ငန်းခွင် လက်တွေ့အသုံးဝင်မယ့် ကျွမ်းကျင်မှု သင်တန်းတွေပဲ ဖြစ်ပါတယ်။ အခြေခံပညာရေးမှာ အတတ်ပညာ အပြင် သဘော ထားနဲ့ စိတ်ဓာတ် (Attitude and Mindset) ကိုပါ တစ်ပါတည်း ပူးတွဲသင်ပေးရပါတယ်။ Attitude က သီးခြားသင်တန်းအနေနဲ့ မရှိသလောက် ရှားပါတယ်။ ဘာသာအလိုက် ကျင့်ကြံနေထိုင်ရမယ့် အဆုံးအမရှိသလို စာသင်ကျောင်းတွေမှာ အခြေခံကြတဲ့ လူ့ကျင့်ဝတ်တွေက ပါပြီးသားဖြစ်ပါတယ်။ အမိအဖ ဆရာသမားအပေါ် ရိုသေမှု၊ အကြီးအကဲအပေါ်လေးစားမှု၊ လူမှုဆက်ဆံရေး၊ စည်းကမ်းလိုက်နာမှု၊ အမိန့်နာခံတတ်မှု ဒီအခြေခံကျတဲ့ Attitude တွေဟာ စာသင်ကျောင်းတွေ တက်ရောက်နေခြင်းဖြင့် အခြေခံ ရရှိနေတဲ့ လူ့အရင်းအမြစ်အကျိုးတွေပါ။ ဖွံ့ဖြိုးတိုးတက် ခိုင်မာဖို့ ကျောင်းစည်းမျဉ်းစည်းကမ်းနဲ့ ဆရာ ဆရာမတွေရဲ့ Attitude နဲ့ Mindset နဲ့ လည်းဆိုင်သလို မိဘရဲ့ ပံ့ပိုးကူညီမှု၊ ပတ်ဝန်းကျင်ရဲ့ ထောက်ပံ့မှုတွေ လည်း အရေးကြီးပါတယ်။ 
    ဆိုလိုတာက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ လူ့စွမ်းအားအရင်းအမြစ်က အခြေခံအကျဆုံး အရင်းအနှီးလိုအပ်ချက်၊ ဒီအရင်းအနှီးလိုအပ်ချက်ကို အဓိကဖြည့် ဆည်းပေးရမှာက ပညာရေး၊ ထောက်ပံ့ကူညီပေးရမှာက စနစ်၊ မိဘ၊ ဆရာနဲ့ ဒီနိုင်ငံအတွင်းမှာရှိကြတဲ့ လူ့ပတ် ဝန်းကျင်ပဲဖြစ်ပါတယ်။ အဓိက ကလေးတွေ ရဲ့ပညာရေးကို ပံ့ပိုးကူညီပေးဖို့သာ ဖြစ်ပါတယ်။ ဘယ်လိုအခြေ အနေမှာဖြစ်ဖြစ် လူ့စွမ်းအား အရင်းအမြစ်ဖြစ်တဲ့ ကလေးတွေရဲ့ ရှင်သန်မှု၊ လေ့လာသင်ယူမှု၊ ကိုယ်ရော စိတ်ပါဖွံ့ဖြိုးတိုးတက်မှုတွေကို မထိခိုက်အောင် ပိုမိုတိုးတက်ဖွံ့ဖြိုးအောင် နည်းမျိုးစုံနဲ့ ပံ့ပိုးပေးရမှာဖြစ်ပါတယ်။ နိုင်ငံရေးမပြေလည်မှု၊ အခွင့်အရေး တန်းတူမရလို့ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေမှု အစရှိတဲ့ ဘယ်ပြဿနာမဆို ကြုံ တွေ့ဖြေရှင်းနေရပါစေ၊ အခြေခံလူ့အရင်းအမြစ်ဖြစ်တဲ့ ကလေးတွေနဲ့ အခြေခံလူ့အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဖြစ်တဲ့ ပညာသင်ကြားခွင့်တွေ မထိခိုက်အောင် ဝိုင်းဝန်းထိန်းသိမ်းဖို့လိုပါမယ်။ 
    ၂၀၂၁ ခုနှစ်က ဖြစ်ပေါ်ခဲ့တဲ့ အပြောင်းအလဲကို အခြေခံပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုကို ပြန်လည်ဆန်းစစ်ကြည့်ရင် တိုးတက်နေသလား၊ ဆုတ်ယုတ်နေသလားဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ကလေးတွေရဲ့ ပညာရေးအခြေအနေကို ပြန်ကြည့်ရင် လက်နက်ကိုင် တိုက်ပွဲဖြစ်နေတဲ့ နေရာတွေ၊ NUG, PDF ကြီးစိုးတဲ့နေရာတွေနဲ့ နိုင်ငံတော်အစိုးရနဲ့ တပ်မတော် ကြီးစိုးတဲ့ဒေသတွေကို ယှဉ်ထိုးတွက်ဆရမှာ ဖြစ်ပါတယ်။ ကိန်းဂဏန်းအရ ထုတ်ပြန်ချက်တွေရှိပေမယ့် အခြေအနေသဘာဝက လက်တွေ့ ရှုမြင်နိုင်မှာ ဖြစ်ပါတယ်။   
    လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေတယ်၊ NUG ရဲ့ကွပ်ကဲမှုအောက် ပကဖတွေကြီးစိုးနေတယ်ဆို တဲ့ဒေသတွေမှာ ကလေးတွေ ပညာသင်ကြားရေးတိုးတက်မှုက လုံးဝမရှိသလောက်လို့ ဆိုရမှာဖြစ်ပါ တယ်။ အလားတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ သိမ်းပိုက်ထားတဲ့ဒေသတွေမှာလည်း ပညာရေးကို တန်ဖိုးထားကြတာ အတော်အားနည်းပါတယ်။ အစိုးရယန္တရားအောက်မှာရှိတဲ့ ဒေသတွေမှာ ကလေးတွေ ပညာသင် ယူနိုင်မှုက အတန်အသင့် မြင့်မားပါတယ်။ သို့သော်  ယခင်အေးချမ်းတည်ငြိမ်ချိန်ကလို ရာနှုန်းပြည့် မဟုတ်တာတော့ ဝန်ခံရမှာပါ။ အဓိကပြဿနာက NUG မဖြစ်ခင် NLD ရဲ့ နိုင်ငံရေးလှုံ့ဆော်မှု ဖြစ်တဲ့ CDM နဲ့ SP လှုပ်ရှားမှု၊ CRPH ၊ NUG ဖွဲ့စည်းပြီးနောက် CDM ကိစ္စ အတင်းအကျပ်လှုံ့ဆော်မှု၊ ဥပဒေထုတ်ပြန် ခြိမ်းခြောက်မှုတွေအရ CDM ဆရာ ဆရာမတွေရှိလာခဲ့သလို မိဘတွေရဲ့ နိုင်ငံရေးခံယူ ချက်နဲ့ ချစ်ခြင်းမုန်းခြင်း အကျိုးဆက်တွေအရ သားသမီးတွေကို ကျောင်းမတက်စေခဲ့တာ၊ SP လှုံ့ဆော်မှုကြောင့် ကာယကံရှင်ကလေးရော၊ မိဘပါ ပညာရေးက ရှောင်ခွာခဲ့တာတွေကြောင့်လို့ ဆိုရမှာပါ။ 
    ဒီပြဿနာကို မှန်ကန်စွာရှုမြင်ပြီး မျက်ခြည်မပြတ်ကုစားပေးနေတာက နိုင်ငံတော်အစိုးရပဲ ဖြစ်ပါတယ်။  ၂၀၂၁ ခုနှစ်  အစိုးရအပြောင်းအလဲကစပြီး အရေးပေါ်ကာလ အစိုးရအနေနဲ့ ကျောင်းပညာရေးနဲ့ လူငယ်အရေးကို မျက်ခြည်မပြတ် ဆောင်ရွက်ခဲ့တာတွေ့ ရမှာဖြစ်ပါတယ်။
    လမ်းမှားလိုက်သွားတဲ့ ပြည်ပရောက်လူငယ်တွေပြန်လာဖို့၊ လက်နက်ကိုင်လမ်းစဉ်ထဲ ရောက် သွားတဲ့လူငယ်တွေ အလင်းထဲပြန်ဝင်လာဖို့၊ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာဒေသက ထွက်ပြေးလာရတဲ့ စစ်ဘေးရှောင်လူငယ်တွေပညာရေး မလစ်ဟင်းစေဖို့ နည်းမျိုးစုံသုံး စည်းရုံးပံ့ပိုးပေးခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။ ဒါတွေကို နိုင်ငံရေးအရရော၊ အကြောက်တရားအရပါ ခြိမ်းခြောက်တားမြစ်ခဲ့ကြတာတွေကို ဘယ်သူတွေ လုပ်ခဲ့ကြသလဲဆိုတာ အများအသိပါ။ 
    တပ်မတော်က ဆေးရုံတွေ၊ စာသင်ကျောင်းတွေကို ဗုံးကြဲဖျက်ဆီးပြီး လူငယ်တွေကို သတ်နေတာ၊ ပညာရေး၊ ကျန်းမာရေးကို ဖျက်ဆီးနေတာဆိုပြီး အွန်လိုင်းပေါ်ကတစ်ဆင့် မျက်ရည်ချူနေတာ၊ အမုန်းတရား ရိုက်သွင်းပေးနေတာ၊ နိုင်ငံတကာကို မျက်ရည်ခံထိုး တပ်မတော်ကို ပုံချနေတာတွေဟာ လက်တွေ့မကျသလို တိုင်းပြည်အတွက် ကောင်းတဲ့အလားအလာ မဟုတ်ပါ။ နိုင်ငံရေး သဘောတရားအရ ဆုံးရှုံးသွားတဲ့ဖြစ်ရပ်တွေမှာ ကိုယ့်အပြစ်ကိုယ်ဖုံးပြီး တရားခံရှာတာ သက်သက်ပဲ ဖြစ်ပါတယ်။ တပ်မတော်က ဆေးရုံတွေ စာသင်ကျောင်းတွေ ဗုံးကြဲ၊ မကြဲနဲ့ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးရေးအတွက် ပံ့ပိုးပေးမှု ရှိ၊ မရှိအထင်အရှားပါ။ လက်နက်ကိုင်ပဋိပက္ခမဖြစ်တဲ့ ဒေသတွေမှာ အေးချမ်းစွာဆေးကု နေနိုင်တာတွေ၊ ဆေးကုပေးနေတာတွေ၊ စာသင်ကျောင်းမှာ လူငယ်တွေ စာသင်နေတာတွေ၊ ဆရာတွေက စာသင်ပေးနေတာတွေဟာ အမုန်းမျက်မှန်မတပ်ထားရင် တွေ့နိုင်၊ သိနိုင်တဲ့ကိစ္စပါ။ 
    သို့သော်တပ်မတော်က လက်နက်ကိုင်ပဋိပက္ခ ဒေသတွေ၊ သောင်းကျန်းသူ ကြီးစိုးရာ ဒေသတွေမှာ ဆေးရုံနေရာတွေ၊ စာသင်ကျောင်းနေရာတွေကို ဗုံးကြဲတာတွေ ရှိပါတယ်။ ငြင်းစရာ မလိုတဲ့ကိစ္စပါ။ ဒါပေမဲ့ အခြေအနေမှန်ကိုတော့ ဖုံးကွယ်ထားလို့မရပါဘူး။ အဲဒီနေရာတွေဟာ ဆေးရုံတွေ၊ စာသင်ကျောင်းတွေတော့ မဟုတ်တော့ဘူး။ နေရာဟောင်း အဆောက်အအုံတွေသာ ဖြစ်ပါတယ်။ အဲ့ဒီနေရာ တွေမှာ ဆေးရုံအဖြစ် အသက်ဝင်မှု ရှိ မရှိ၊ စာသင်ကျောင်းအဖြစ် ကလေးတွေ သင်ကြားနေ မနေ ဒါတွေကအရေးကြီးပါတယ်။ တရား ဥပဒေစိုးမိုးရာဒေသလည်း မဟုတ်သလို သောင်းကျန်းသူ စိုးမိုးချိန် ကစပြီး အဲဒီနေရာတွေဟာ ဆေးရုံတွေ၊ စာသင်ကျောင်းတွေ မဟုတ်တော့ပါ။ အကာအကွယ်ယူပြီး စစ်စခန်းလုပ်နေကြတာ လူတိုင်းသိနေတဲ့ကိစ္စပါ။ ပြည်သူ့အတွက် အမှန်တကယ် ကျန်းမာရေးနဲ့ ပညာရေးကို တန်ဖိုးထားခဲ့ရင် CDM နဲ့ နိုင်ငံရေးဖိအားပေးဖို့ မလုပ်ရပါဘူး။ ဖိအားပေးခဲ့လို့ ဖြစ်လာတဲ့ အကျိုးဆက်ကို တာဝန်မယူ တာဝန်မခံသလို တိုင်းပြည်အကျိုးနဲ့ လူ့စွမ်းအား အရင်း အမြစ် ဖွံ့ဖြိုးတိုး တက်အောင် ပုံမှန် တာဝန်ထမ်းဆောင်နေတာတွေကို နှောင့်ယှက်ဖျက်စီးနေတာတွေဟာ တိုင်းပြည်ရဲ့ အနာဂတ် လူ့စွမ်းအားအရင်းအမြစ်ကို ဖြိုလှဲနေတာပဲ ဖြစ်ပါတယ်။ 
    အခု ပညာသင်ကြားရေးနှစ်မှာ ကလေးတွေ ကျောင်းပညာသင်ကြားရေးကိစ္စနဲ့ ပတ်သက်ပြီး ပုလဲ ပအဖရဲ့ ကြေညာချက်၊ လောင်းလုံ PDF ရဲ့ ထုတ်ပြန် ချက်တွေနဲ့ပတ်သက်ပြီး လေ့လာကြည့်ရင် ကလေးတွေ ပညာရေးကို တန်ဖိုးမထား၊ ပြည်သူလူထုကို နိုင်လိုမင်းထက်လုပ်လိုတဲ့ သဘာဝကိုတွေ့ရမှာ ဖြစ်ပါ တယ်။ အဆိုးဆုံးက ဆရာမတွေနဲ့ ရဟန်းအပါ လူခုနစ်ဦးကို ရက်စက်စွာ ခေါင်းဖြတ်သတ်ဖြတ်မှုပါ။ ဒီလုပ်ရပ်တွေအပေါ် NUG က သဘောထား ထုတ်ပြန်မှုမရှိတာ၊ တားမြစ်မှု မလုပ်တာတွေဟာ လက်ခံသဘောတူညီမှုလို့ ယူရမှာဖြစ်ပါတယ်။ ဒီလို ဖြစ်လာတာဟာ တပ်မတော်က မတရားအာဏာသိမ်းလို့၊ တော်လှန်ရေးလုပ်နေတာဖြစ်တဲ့အတွက် ဒီလောက်တော့ ရှိမှာပဲလို့ဆိုတဲ့ ဆင်ခြေ တွေပေးလို့ မရပါဘူး။ ဒါဟာ လုံလောက်တဲ့ ဖြေရှင်းချက်မဟုတ်ပါ။ NUG ရဲ့ CDM လှုံ့ဆော်မှုနဲ့ PDF တွေသတ်လို့ လူ့အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်ရဲ့ အခြေခံယန္တရားဖြစ်တဲ့ ဆရာဆရာမတွေ ဆုံးရှုံးမှု ဘယ်လောက်ရှိနေပြီ လဲ။ ဗုဒ္ဓဘာသာတိုင်းပြည်ဖြစ်တဲ့အတွက် ဒီတိုင်းပြည်ရဲ့ လူမှုဘဝနေထိုင်မှု၊ ယဉ်ကျေးမှု အခြေခံကစပြီး သံသရာထိအောင် မြှင့်တင်ပေးနိုင်တဲ့ ရဟန်းသံဃာတွေဆုံးရှုံးမှု ဘယ်လောက်တောင် များနေပြီလဲ။ 
    လူ့အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုရဲ့ အခြေခံဖြစ်တဲ့ ပညာရေးနဲ့ပတ်သက်ပြီး ဆုံးရှုံးသွားတဲ့ အခြေအနေတွေကို ပြန်ကုစားပေးမှသာလျှင် ဒီတိုင်းပြည်ရဲ့ လူ့အရင်းအမြစ် ဖွံ့ဖြိုးရေးကို ထောက်ကူနိုင်မှာ ဖြစ်ပါတယ်။ မဟုတ်ရင် အနာဂတ်မှာ အလားအလာမကောင်းနိုင်ပါ။ NUG? PDF တို့လုပ်နေတာတွေဟာ လူ့အရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်မှာ ပညာမတတ်ဘဲ လက်နက်အားကိုး တတ်တဲ့သူတွေ မွေးထုတ် ပေးသလို ဖြစ်နေတာ စိတ်မကောင်းစရာလို့ ဆိုရမှာဖြစ်ပါတယ်။ ပညာရေးဆုံးရှုံးမှုက ၂၀၂၁ ခုနှစ်မတိုင်မီ ကိုဗစ်ကာလ နှစ်နှစ်ကိုပါ ထည့်ထွက်ပါက တစ်ဆက်တစ်စပ်တည်း ပညာသင်ကြားခွင့် မရတဲ့အခြေအနေ၊ သင်ကြားခွင့်ရသော်လည်း ကြိုးကြား ကြိုးကြားသင်နေရတဲ့ အခြေအနေတွေက ခုနစ်နှစ်လောက်ရှိပြီလို့ ဆိုနိုင်ပါတယ်။ မြို့ပေါ်တရားဥပဒေစိုးမိုးရေးရှိပြီး CDM မလုပ်ဘဲ အေးချမ်းစွာ ပညာသင်ကြားနိုင်သူတွေကတော့ ကိုဗစ်ကာလ ဆုံးရှုံးမှုကို အစားထိုး ဖြည့်ဆည်းနိုင်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ထိုခုနစ် နှစ်စာ ပညာရေးဆုံးရှုံးသူတွေကိုတော့ ပြန်လည်ကုစားပေးမှသာလျှင် ပြည်တွင်းပညာရေး ကွာဟချက်နဲ့ လူ့အရင်းအမြစ် ဖွံ့ဖြိုးရေးကို ထောက်ကူနိုင်မှာ ဖြစ်ပါ တယ်။ ဖက်ဒရယ်ပြည်ထောင်စု ဖွံ့ဖြိုးဖို့ဆို ရင် ဒေသစုံပညာရေး ကွက်ပြည့်နင်းနိုင်ဖို့က အရေးကြီးပါတယ်။ 
    ပညာမသင်ရတဲ့အခြေအနေအရ ဆုံးရှုံးသွားတာတွေက သင်ယူမှုနောက်ကျမှု၊ ကျောင်းမတက်တော့တဲ့အခြေအနေနဲ့ အလုပ်အကိုင် အခွင့် အရေးနည်းပါးသွားခြင်းပဲ ဖြစ်ပါတယ်။ ကမ္ဘာ့အတွေ့ အကြုံအရ တစ်နှစ်ပညာဆုံးရှုံးမှုက ဝင်ငွေ ၈ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ဆိုပါတယ်။ ဘယ်လိုကုစားကြမလဲ။ ပညာရှင်တွေကတော့ ပိုသိ၊ ပိုကုစားပေးနိုင်ကြမှာပါ။ အခြေခံအားဖြင့် ဆုံးရှုံး သွားတဲ့ ပညာရေးကို ပြန်လည်ထူထောင်ဖို့က Accelerated Learning Program (ALP)  ဆိုတဲ့ နှစ်နှစ်၊ သုံးနှစ်စာကို အကျဉ်းချုပ်သင်ကြားပေးခြင်း၊ အသက်အရွယ်နဲ့ကိုက်ညီအောင် သင်တန်းခွဲ ခြားပေးခြင်း၊ Bridging Classes ချိတ်ဆက်သင်တန်းဆိုတဲ့ ကျောင်းပြန်ဝင်ခွင့် အခြေခံကို ပြန်လည်တည်ဆောက်ပေးခြင်း၊ စာဖတ်နိုင်ဖို့နဲ့ သင်္ချာအခြေခံ ဦးစားပေးသင်ကြားခြင်း၊ Age- Appropriate Placement အရွယ်နဲ့ညီတဲ့ အတန်း သတ်မှတ်ခြင်းဆိုတဲ့ အတန်းလိုက် မဟုတ်ဘဲ စွမ်းရည်အလိုက် Placement Test လုပ်ပြီး တန်းညှိပေးခြင်းတွေအပြင် Part Time (နေ့/ည) သင်တန်းတွေ၊ အသက်မွေးဝမ်းကျောင်းပညာနဲ့ အခြေခံစာပေသင်ကြားမှု (vocational+Basic Education) ပေါင်းစပ်ခြင်း အစီအစဉ်တွေနဲ့ စိတ်ပိုင်းဆိုင်ရာ ကူညီမှုတွေပဲဖြစ်ပါတယ်။ အသက်ကြီးလို့ ပညာမလိုတော့ဘူးဆိုတဲ့ အယူအဆတွေကို မိဘတွေကအစ ပြောင်းအောင် စည်းရုံးရှင်းပြရတာတွေ လုပ်ရမှာ ဖြစ်ပါတယ်။ 
    အခု ရွေးကောက်ပွဲကတစ်ဆင့် ဖြစ်တည်လာတဲ့ သမ္မတအစိုးရလက်ထက်မှာ ပညာရေးနောက်ကျမှုကို ထင်ရှားစွာကုစားလာတဲ့ အချက်က Placement Test ကတစ်ဆင့် အတန်းညှိပေးမယ့် Age - Appropriate Placement ပဲဖြစ်ပါတယ်။ အခုချိန်ထိ အမုန်းတရားနဲ့  နိုင်ငံရေးအရ သဲသဲလှုပ် နှောင့်ယှက်နေကြတဲ့အတွက်  အောင်မြင်မယ်၊ မအောင်မြင်မယ် ပြောလို့မရသေးပေမယ့် အနာဂတ်နိုင်ငံတော်အတွက် လူ့အရင်း အမြစ် မဆုံးရှုံးရအောင် ကုစားပေးနေတဲ့ စေတနာကို မြင်ရမှာဖြစ်ပါတယ်။ နောင်လည်း ဒီ့ထက်ကောင်းတဲ့ အစီအစဉ်တွေ ဆက်လုပ်မှာသေချာပါတယ်။ ဒီလိုကုစားမှုတွေကို ဝိုင်းဝန်းကူညီကြဖို့ လိုပါတယ်။ နိုင်ငံရေးအားပြိုင်မှု၊ လက်နက်ကိုင်တော်လှန်ရေးနဲ့ အမုန်းတရားတွေဟာ အနာဂတ် လူ့အရင်းအမြစ် ဖွံ့ဖြိုးရေးရဲ့ အခြေခံဖြစ်တဲ့ ပညာရေးစနစ်ကို မထိခိုက်ဖို့ လိုပါမယ်။ ထိခိုက်အောင်ဆောင်ရွက်နေသူ မှန်သမျှဟာ မြန်မာ့အနာဂတ် လူ့ဘောင်ကို ဖျက်ဆီးနေသူအဖြစ် သတ်မှတ်ပြီး  လူ့အသိုင်းအဝိုင်းက ကြဉ်ထားရမှာပါ။          
ဇော်နိုင်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 65

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

62828

© 2022 - 2026 News. All Rights Reserved.