သဘောထားပြောင်းလာတဲ့ အမေရိကန်နဲ့ မြန်မာ့ငြိမ်းချမ်းရေး

၂၀၂၆ ၊ ဇူလိုင် ၁၂

    မြန်မာနိုင်ငံအနေနဲ့ တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်စေဖို့ အရေးအကြီးဆုံး လိုအပ်ချက်က လက် နက်ကိုင်လမ်းစဉ်ပပျောက်ရေးပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ နိုင်ငံအသီးသီးနဲ့ ရင်ပေါင်တန်းနိုင်ဖို့ အခြေခံ အခွင့်ကောင်းတွေရှိရဲ့သားနဲ့ တဖြည်းဖြည်းချင်း နောက်ကျ ကျန်လာခဲ့တာဟာ စိတ်မကောင်းစရာပါ။ မိမိတို့နိုင်ငံဟာ လူသားအရင်းအမြစ်၊ သဘာဝအရင်းအမြစ်၊ ရာသီဥတု  စသဖြင့် ကောင်းမွန်မျှတတဲ့ အခြေခံအရင်းအမြစ်တွေရှိနေရဲ့သားနဲ့ အခုချိန်ထိ ကမ္ဘာ့အလယ်မှာ မျက်နှာပန်း မလှနိုင်တာက အချင်းချင်း စိတ်ဝမ်းကွဲပြားမှုကတစ်ဆင့် ဖြစ်ပေါ်လာတဲ့ လက်နက် ကိုင် တိုက်ပွဲတွေကြောင့်ပဲဖြစ်ပါတယ်။ 
    ဖြစ်ပေါ်ခဲ့တဲ့၊ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တချို့က တော်လှန်ရေးလို့ ဆိုကြတယ်။ အမှန်တကယ် မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေဟာ တော်လှန်ရေး မဟုတ်ပါ။ ဝါဒရေးအရ အတင်းအကျပ် တော်လှန်ရေးအမည်တပ် လက်နက် ကိုင်တဲ့လုပ်ရပ်၊ နယ်မြေနဲ့အာဏာခွဲဝေမှု မကျေနပ်ချက်ကို အခြေခံတဲ့ အာဏာနဲ့သီးခြားနယ်မြေ ရရှိလိုမှုအရ ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေသာ ဖြစ်ပါတယ်။ တော်လှန်ရေးဆိုတာ အခြေခံအားဖြင့် တိုင်းတစ်ပါးက မတရားသိမ်းပိုက်ထားတဲ့ အခြေအနေ၊ မတရားတဲ့စနစ်၊ မတရားသဖြင့် နိုင်လိုမင်းထက်အုပ်ချုပ်မှု၊ အာဏာရှင်စနစ်ဆိုး စသဖြင့် ဒီလိုအခြေအနေတွေကို ပြောင်းလဲဖို့ဆောင်ရွက်တဲ့ လုပ်ရပ်လို့ဆိုရမှာ ဖြစ်ပါတယ်။ 
    မိမိတို့နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် လမ်းစဉ်နဲ့ ကူးစက်ပြန့်ပွားလာတဲ့ လက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့ချင်းဆီကို လေ့လာခွဲခြမ်းကြည့်ရင် တော်လှန်ရေး လို့ခေါ်လို့ရတဲ့ လုပ်ရပ်၊ တော်လှန်ရေးလို့ ပြောနိုင်တဲ့ အခြေအနေမရှိဘူး။ မကျေနပ်ချက်ကို အခြေခံတဲ့ သူပုန်လုပ်ရပ်တွေလို့သာ ဆိုရမှာပါ။ ဒီလုပ်ရပ်တွေရဲ့အစဟာ အရပ်သားနိုင်ငံရေးအစိုးရလက်ထက်မှာ ဖြစ်ပါတယ်။ စနစ်နဲ့ ပြည်ထောင်စုမပြိုကွဲစေဖို့ တပ်မတော်က ကျားကန်ပေးရာကနေ တပ်မတော်ဟာ ဘုံရန်သူသဖွယ် ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအခြေအနေက တစ်ဆင့် တက်လာတော့ စစ်အာဏာရှင်စနစ်ဆိုပြီး ခေါင်းစဉ် တပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလိုခေါင်းစဉ်တပ်မှသာ မကျေနပ်ချက်၊ လိုလားချက်အရ လက်နက်ကိုင်လမ်းစဉ် သူပုန် ထတာ သေးသိမ်မှုမဖြစ်ဘဲ စစ်အာဏာရှင်အမြစ်ပြတ်ရေး တော်လှန်တဲ့ တော်လှန်ရေးဖြစ်မှာ မဟုတ်ပါလား။ 
    သမိုင်းအမှန်တွေလွဲနေတာ၊ အဲဒီအလွဲတွေအပေါ် ထပ်ဆင့်ဝါဒဖြန့် အသုံးချနေကြတာတွေဟာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် အဓိက ပြဿနာပဲ ဖြစ်ပါတယ်။ ဘက်အနေနဲ့ကြည့်ရင် တချို့ကိစ္စတွေဟာ မှန်သလိုလိုရှိပေမယ့် တိုင်းပြည်အတွက်ကြည့်ရင် အရာရာဟာ ဆုံးရှုံးမှုပါ။ ဒီလိုဘက်အမြင်အရ၊ ပြည်တွင်းအကွဲအပြဲတွေအရ  ပြည်ပစွက်ဖက်မှုတွေ ပိုမိုဖြစ်တည်လာတာ သတိထားရမှာ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံရေးမှာ ဘက်အနေနဲ့ ရှိခဲ့ကြတာ ပထမကမ္ဘာစစ် မတိုင်မီကတည်းကပါ။ ဒုတိယကမ္ဘာ စစ်အပြီးမှာတော့ ဘက်အနေနဲ့ကြည့်ရင် အဓိကအားဖြင့် လက်ဝဲလက် ယာပြဿနာကိုတွေ့ရမှာ ဖြစ်ပါတယ်။ နိုင်ငံချင်းဆီအလိုက် လက်ဝဲလက်ဝဲချင်း၊ လက်ယာလက်ယာချင်း ဖြစ်ခဲ့တာတွေရှိပေမယ့် ကမ္ဘာ့ နိုင်ငံရေးကို ကြီးစွာအကျိုး သက်ရောက်မှုမရှိပါ။  
    မြန်မာနိုင်ငံမှာလည်း လက်ဝဲလက်ယာပြဿနာရှိပါတယ်။ အဲဒီထက်ပို အံ့သြစရာကောင်းတာက လက်ဝဲလက်ဝဲချင်း ကွဲတဲ့အကွဲပါ။ ဒီပြဿနာက ပြည်တွင်းရေးမှာ ပြည်ပပြဿနာ ကူးစက်စေတာပဲ ဖြစ်ပါတယ်။ လက်ဝဲအုပ်စုက ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်ပါ။ လက်ယာအုပ်စုက အင်္ဂလိပ်ကိုလိုနီခေတ်မှာ အခွင့်အရေးရခဲ့ကြတဲ့ ဗမာနိုင်ငံရေးသမားတချို့နဲ့ တိုင်းရင်းသားတွေပါ။ တိုင်းရင်းသားထဲမှာ အဓိကက ကရင်၊ ကယား၊ ကချင်၊ ချင်းပါ။ လွတ်လပ်ရေးတိုက်ပွဲမှာ လက်ဝဲကွန်မြူနစ်၊ လက်ဝဲဆိုရှယ်လစ်နဲ့ အမျိုးသားရေးဝါဒီသမားတွေပေါင်းပြီး ဖဆပလဖွဲ့စည်းခဲ့ကြတာ ဖြစ်ပါတယ်။ အမျိုးသားရေးဝါဒီအဖွဲ့မှာ ဦးနုအပါအဝင် ဗမာနိုင်ငံရေးသမားတွေ ပါပါတယ်။ နောက်ပိုင်း ဖဆပလမှာ တိုင်းရင်းသား ကချင်၊ ကရင်၊ ချင်းနဲ့ ကျန်တိုင်းရင်းသားတွေထဲက အနည်းငယ်ပါလာပေမယ့် အများစုက ဖဆပလမှာမပါပါ။ ဖဆပလ မှာမပါတဲ့ တိုင်းရင်းသားတွေက လွတ်လပ်ရေးကာလမှာ သီးခြားရပ်တည်ခဲ့ကြသလို လွတ်လပ်ရေးရပြီး နောက် လက်နက်ကိုင်လမ်းစဉ်ကို ဦးတည်ခဲ့ကြတာ ဖြစ်ပါတယ်။ 
    ဒီအခြေခံအရ လွတ်လပ်ရေးရပြီးနောက် ပြည်ပအကူအညီနဲ့ ဆက်ဆံရေးကိုကြည့်ရင် လက်ဝဲအုပ်စု၊ လက်ယာအုပ်စု ပြည်တွင်းပြည်ပ ဆက်ဆံမှုတွေကိုတွေ့ရမှာ ဖြစ်ပါတယ်။ ဗကပ ထွက်သွားပြီးနောက် ဦးဆောင် ဖဆပလမှာ  ရှိတဲ့သူတွေက လက်ဝဲဆိုရှယ်လစ်နဲ့ အမျိုးသားရေးဝါဒီသမားတွေပဲ ဖြစ်ပါတယ်။ ဖဆပလ အစိုးရက တရားဝင် သံတမန်ဆက်ဆံရေးအရ လက်ဝဲလက်ယာ နှစ်ခုလုံးနဲ့ ဆက်ဆံပါတယ်။ တရားမဝင် ဆက်ဆံရေးအရ ပြည်တွင်းလက်နက်ကိုင် လက်ဝဲအုပ်စု ဗကပကို လက်ဝဲအင်အားကြီး နိုင်ငံက ထောက်ပံ့သလို လက်ယာ လက်နက်ကိုင်အုပ်စု (ကချင်၊ ကရင်၊ ကယား နဲ့ရှမ်း)ကို လက်ယာ အုပ်စု ဦးဆောင်နိုင်ငံကြီးကထောက် ပံ့ပေးခဲ့ကြတာ ငြင်းမရနိုင်တဲ့ အခြေအနေတွေပဲ ဖြစ်ပါတယ်။ 
    ဒီလို ငြင်းမရတဲ့ သမိုင်းနောက်ခံမှာ တပ်မတော်သားအများစုက လက်ဝဲဘက်ကို ယိမ်းတဲ့ ဆိုရှယ်လစ်ပါ။ အင်္ဂလိပ်ကို တော်လှန်ရေးစမယ့် ဒုတိယကမ္ဘာ စစ်အစ ၁၉၃၉ ခုနှစ်မှာ ပြည်သူ့အရေးတော်ပုံ ပါတီတည်ထောင်ခဲ့ပါတယ်။ သခင်မြနဲ့ ဗိုလ်ချုပ်အောင်ဆန်း ပူးပေါင်း တည် ထောင် ဦးဆောင်ခဲ့ကြတာပါ။ အင်္ဂလိပ်ကိုတော်လှန်ခဲ့သလို ဖက်ဆစ်တော်လှန်ရေးမှာပါ အဓိကဦးဆောင်ခဲ့တဲ့ပါတီပဲ ဖြစ်ပါတယ်။ လွတ်လပ် ရေးကာလ ဖဆပလခေတ်မှာ ပြည်သူ့အရေးတော်ပုံပါတီကနေ ဆိုရှယ်လစ်ပါတီအဖြစ် တရားဝင်ပြောင်းလဲခဲ့ကြတာ ဖြစ်ပါတယ်။ တော်လှန်ရေးအတွက်အတူ ထူထောင် တိုက်ပွဲဝင်ခဲ့ကြတဲ့အတွက် ရဲဘော်သုံးကျိပ်အပါအဝင် တပ်မတော်သား အတော်များများဟာ ဆိုရှယ်လစ်တွေနဲ့ မစိမ်းသလို ဆိုရှယ်လစ်အမြင်ရှိကြသူတွေပဲ ဖြစ်ကြပါတယ်။ ဆိုရှယ်လစ်ရော၊ ကွန်မြူနစ်ပါ လက်ယာအရင်းရှင်ကို တွန်းလှန်ခဲ့ကြတဲ့ လက်ဝဲတွေပါ။ ကွန်မြူနစ်က အလုပ်သမား၊ လယ်သမားနဲ့ လူတန်းစားကို အဓိက ထားတာဖြစ် ပါတယ်။ ဆိုရှယ်လစ်က အမျိုးသားရေးကို ဦးတည်တာပါ။ ၁၉၃၉ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းရေး သား ထုတ်ပြန်ခဲ့တဲ့ တို့မာအစည်းအရုံးရဲ့ သဘောထားနဲ့ လုပ်ငန်းစဉ်ကြေညာချက်ကိုကြည့်ရင် ဆိုရှယ်လစ်ဝါဒကို အခြေခံထားတာ တွေ့ရမှာ ဖြစ်ပါတယ်။ 
     ဒီလို အမျိုးသားရေးကို အားသန်တဲ့ တပ်မတော်အနေနဲ့ ဖဆပလ ဦးဆောင်မှုနောက်ကို လိုက်ခဲ့တာဟာ အမျိုးသားရေးဝါဒီသမားများနဲ့ ဆိုရှယ်လစ်တွေဦးဆောင်ခဲ့ကြတဲ့အတွက်ပဲ ဖြစ်ပါတယ်။ လက်ဝဲလက်ယာ ရောင်စုံသူပုန်ထတာကို တွန်းလှန်ကာကွယ်ခဲ့ရတာပါ။ ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီး ဆိုရှယ်လစ်လူ့ဘောင်ထူထောင်ခဲ့တာကလည်း လွတ်လပ်ရေးမရခင်ကတည်းက ချမှတ်ခဲ့တဲ့ မူဝါဒအရသာ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်ရောက်တဲ့အခါမှာ ဒီဆိုရှယ်လစ်လမ်းစဉ် အပြီးတိုင်ပျက် သုဉ်းသွားခဲ့ပါတယ်။ ၈၈ အရေးအခင်းကိုကြည့်ရင် လက်ဝဲလက်ယာ နှစ်ဖက်တိုက်ခိုက်မှုကို အထင်အရှားတွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီ ၈၈ အရေးအခင်းကာလ ကစပြီး လက်ဝဲလက်ယာ အားပြိုင်မှုဟာ ပုံသဏ္ဌာန် ပြောင်းလဲသွားတာ တွေ့ရမှာ ဖြစ်ပါတယ်။ 
    ပြည်တွင်းလက်ဝဲအုပ်စု ပြိုကွဲသွားပြီးနောက် ပြည်ပလက်ဝဲအုပ်စုရဲ့ ဆက်ဆံရေးဟာ အမျိုးသားရေး အားသန်ပြီး နိုင်ငံခြားဆက်ဆံရေးမူဝါဒမှန်တဲ့ တပ်မတော်ဘက်ကို အားသာလာခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ လက်ယာအုပ်စုရဲ့ China Containment Policy  ကို လက်မခံဘဲ One China Policy ကို ထောက်ခံရပ်တည်ပေးတဲ့ တပ်မတော်နဲ့ တပ်မတော်ကျောထောက်နောက်ခံ အမျိုးသားရေးအစိုးရနဲ့ တရုတ်တို့ရဲ့ ဆက် ဆံရေးဟာ ပိုမို ခိုင်မာလာတာ ဖြစ်ပါတယ်။ လက်ယာအနောက်အုပ်စုရဲ့ ဖိအားပေးမှုရန်ကို ကာကွယ်ပေးခဲ့ရာက ပြည်တွင်းမှာ လက်ဝဲလက်ယာ အယူအဆနဲ့ ဘက်အမြင်ကြီးထွား လာခဲ့တာပဲ ဖြစ်ပါတယ်။ တစ်ပိုင်းကကြည့်ရင် ၈၈ အရေးအခင်းပြီးနောက် လက်ယာအုပ်စုရဲ့အားဟာ ပြည်တွင်းမှာ ပိုမို ကြီးထွားလာခဲ့တာ တွေ့ရမှာပါ။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည် ရဲ့ အဖေ့အရှိန်အဝါကတစ်ဆင့် ထင်ပေါ်ကျော်ကြားမှု ဖြစ်လာခဲ့တာကလည်း ပြည်တွင်းလက်ဝဲလက်ယာ အားပြိုင်မှုနဲ့ ပထဝီနိုင်ငံရေး အကျိုး သက်ရောက်မှုကို ပိုမို ဖြစ်ပေါ်စေခဲ့တာပဲ ဖြစ်ပါတယ်။  
    အမျိုးသားရေးအခြေခံ တပ်မတော်ဟာ လက်ဝဲဆိုရှယ်လစ်သဘောတရားအမြင်ရှိပေမယ့် ကွန်မြူနစ်မဟုတ်သလို တရုတ်နိုင်ငံရဲ့ ကွန်မြူနစ်စနစ်ဟာလည်း တစ်ပါတီစနစ်ကိုအခြေခံပေမယ့် အမျိုးသားရေးကိုအခြေခံတဲ့ မူပြောင်းကွန်မြူနစ်ဖြစ်လာတဲ့အတွက် အတူပူးပေါင်းကြတာ သိပ်ဆန်းတဲ့ကိစ္စ တော့မဟုတ်ပါ။ အဓိကက မြန်မာနိုင်ငံကို China Containment Policy အရ ထိန်းချုပ်ချင်တဲ့ လက်ယာ အုပ်စုရဲ့ရန်က အတူကာကွယ်ခဲ့ကြတာသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအပေါ်အနောက် အုပ်စုရဲ့ အတင်းအကျပ် လူမွေး၊ ဝါဒသွတ်သွင်းမှုမလုပ်ရင် မြန်မာ့တပ်မတော်နောက်ခံထားတဲ့အစိုးရဟာ လက်ဝဲဘက် ပိုရောက်စရာမရှိပါ။ မျှတစွာ ဆက်ဆံခြင်းဖြင့် တိုင်းပြည်တိုးတက်နိုင်သလို နှစ်ဖက်ရဲ့ နိုင်ငံရေးစစ်တ လင်းဖြစ်လာစရာမရှိပါ။ နိုင်ငံရေးစစ်တလင်းကတစ်ဆင့် ဖြစ်လာတဲ့ Proxy စစ်ပွဲတွေကို တပ်မတော်က ကာကွယ်ပေးနေရတာ နိုင်ငံရေးသမားတွေ မြင်ဖို့လိုပါတယ်။ 
    လက်ရှိ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရဟာ လက်ဝဲအုပ်စုနဲ့ သင့်တင့်မျှတစွာ ဆက်ဆံခဲ့သလို အနောက်အုပ်စုအပါအဝင် နိုင်ငံတိုင်း၊ အဖွဲ့အစည်းတိုင်းကိုလည်း မျှတတဲ့ ဆက်ဆံရေး၊ မိတ်ဝတ်မပျက် ဆက်ဆံရေး ဦးစားပေးခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။ ဒီအကျိုးဆက်အရ အမေရိကန် အစိုးရရဲ့ ဆက်ဆံရေးအပြောင်းအလဲကို ရက်ပိုင်းအတွင်းမှာ တွေ့ခဲ့ရပါတယ်။ အမေရိကန်အစိုးရ အရှေ့ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒယ်ဆွန်ဘရီက အမေရိကန်ရဲ့ အကျိုးစီးပွားကို တိုက်ရိုက်အကျိုးပြုမယ့် မြန်မာကအဖွဲ့အစည်းတွေ အားလုံးနဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်မယ်လို့ ပြောကြားခဲ့တာ၊ အွန်လိုင်းလိမ်လည်မှုပပျောက်ရေးအတွက် မြန်မာ့တပ်မတော်နဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်ဆိုတာတွေဟာ ဒီရက်ပိုင်းအတွင်း ပြောင်းလဲလာတဲ့ ထူးခြားမှုတွေပါ။ 
     ဒီပြောင်းလဲလာမှုဟာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ကောင်းတဲ့ပြောင်းလဲမှုလား၊ ပိုမိုဆိုးရွားစေမယ့် ပြောင်းလဲမှုလားဆိုတာ ပြောရမှာ စောပါသေးတယ်လို့ပဲပြောရမှာဖြစ်ပါတယ်။ အမေရိကန်ရဲ့ ဆက်ဆံရေးမူဝါဒဟာ ချမှတ်ထားတဲ့ မဟာဗျူဟာ အကျိုးစီးပွားကိုပြောင်း လဲသွားနိုင်တဲ့အထိ ဖြစ်နိုင်ပါ့မလား။  အဓိက အားပြိုင်နေတဲ့ တရုတ်နိုင်ငံနဲ့ မကြာသေးမီက တိုက်ရိုက်ထိတွေ့ ဆက်ဆံမှု ပြုခဲ့တာဟာ China Containment Policy ပြောင်းသွားတာ မဟုတ်ဘူးဆိုတာ ရှင်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ဆက်ဆံရေး ပြောင်းလဲတိုးတက်မှု၊ ထိတွေ့ဆက်ဆံမှုဟာ မထိတွေ့၊ မဆက်ဆံတာထက်စာရင် ကောင်းတယ်လို့ ဆိုရမှာပါ။ သူ့လိုလားချက်၊ ကိုယ့်လိုလားချက်ဆိုတာ ရှိကြမှာမှန်ပေမယ့် မိမိတို့အနေနဲ့ ဒီအပြောင်းအလဲ အပေါ်မှာ အဘက်ဘက်က တိုးတက်မှု ဖြစ်လာအောင် ရှေးရှုရမှာဖြစ်ပါတယ်။ အထူးသတိထားရ မှာက လက်တွေ့ အကျိုးစီးပွားရှိလာမယ့် မဟာမိတ်ဆက်ဆံရေးတွေ ပျက်မသွားဖို့ဘဲ ဖြစ်ပါတယ်။ 
    အမေရိကန်ရဲ့ ဒီလိုဆက်ဆံရေးမျိုး ၂၀၀၈ ခုနှစ်အခြေခံဥပဒေအရ ပေါ်ထွန်းလာတဲ့ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်မှာ စတင်ခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ စစ်အစိုးရကို တစ်ချိန်လုံး ပြစ်တင် စွပ်စွဲ ဖိနှိပ်ထားရက  တပ်မတော်အစိုးရ ဝန်ကြီးချုပ်လုပ်ခဲ့သူ သမ္မတဖြစ်လာတဲ့အခါ ပြောင်းလဲဆက်ဆံခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့အကျိုးစီးပွားထက် သူ့အကျိုးစီးပွားကို အခြေခံခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒီအပြောင်းအလဲ ကတစ်ဆင့် သူတို့လိုလားသူတွေ နေရာရလာတာ၊ အာ ဏာရလာတဲ့အထိ ဖြစ်လာတာတွေဟာ တိုက်ဆိုင်မှု မဟုတ်ဘူးဆိုတာကို သတိ ထားရမှာ ဖြစ်ပါတယ်။ 
    မြန်မာနိုင်ငံရေးသမားတွေ၊ ပထဝီနိုင်ငံရေး လေ့လာသုံးသပ်နေတဲ့ ပညာရှင်တွေ ပြောလေ့ပြောထ ရှိတဲ့စကားတစ်ခွန်း ရှိပါတယ်။ နှစ်ဖက်ခွကစားတတ်ရင် မြန်မာပြည် ကြီးပွားချမ်းသာမယ်ဆိုတဲ့ အယူအဆပါ။ ဒီအယူအဆဟာ သာမန်အားဖြင့် မှန်ပါလိမ့်မယ်။ သို့သော် သတိထားရမှာက သူတို့တွေဟာ ကိုယ့်ထက်ပိုအင်အားကြီး၊ ကိုယ့်ထက်ပို လက်တံရှည်တယ်ဆိုတာပဲ ဖြစ်ပါတယ်။ အဲဒီလောက် လွယ်လွယ်ကူကူ ကစားလို့ရတဲ့ နိုင်ငံတွေမဟုတ်ဘဲကိုယ့်ကို ခြေမွှသွားနိုင်တယ်ဆိုတာ အမြဲသတိထားရမှာပါ။ အဲဒီကာလက ဆက်ဆံရေး အပြောင်းအလဲအပေါ် အခြေခံပြီး ကစားခဲ့ရာကနေ တရုတ် -မြန်မာဆက်ဆံရေး အတန်အသင့် တန်းသွားတာ သတိပြုသင်ခန်းစာယူရမှာ ဖြစ်ပါတယ်။ အခုအပြောင်း အလဲက သူ့ဘက်ကအပြောမှာ Limit ပါသလို ကိုယ့်ဘက်ကလည်း Limit ထားမှသာ အဆင်ပြေမှာပါ။ 
    ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲကာလမှာ ဆက်ဆံခဲ့တဲ့ ဆက်ဆံရေးအခြေအနေက အခုအခါ မှာပြောင်းလဲလာတာ သတိထားကြည့်ရင် တွေ့ရမှာဖြစ်ပါတယ်။ တစ်ခုမတူတာက ဒီမိုကရက် ဂျိုးဘိုင်ဒင် သမ္မတ နဲ့ရီပတ်ဘလီကန် ထရမ့်သမ္မတ မတူတာပါ။ ထရမ့်တက် လာပြီး ဆန့်ကျင်ဘက်အုပ်စုတွေကို ထောက်ပံ့ကြေးဖြတ်တာ၊ ၂၀၂၅ ခုနှစ်ရွေးကောက်ပွဲကို အနှောင့်အယှက်မပေးဘဲ Silence နေခဲ့တာ တွေဟာ တိုးတက်မှုလို့ ဆိုနိုင်မှာဖြစ်ပါတယ်။ အခုရွေးကောက်ပွဲကတက်လာတဲ့ အစိုးရလက်ထက်မှာ ထိတွေ့ဆက်ဆံမှုပြုမယ်ဆိုတာဟာ  လက်ရှိ အခြေ အနေအရဆိုရင် တိုက်ရိုက်အသိအမှတ်ပြုခြင်း (Recognition) မဖြစ်သေးပေမယ့် သွယ်ဝိုက်တရားဝင်ခြင်း (Indirect Legitimacy) သဘောဆောင်ပါတယ်။ 
     သမ္မတဦးမင်းအောင်လှိုင် အစိုးရတက်လာပြီး ရက်ပေါင်း ၁၀၀ အတွင်းမှာ တိုင်းပြည်ဖွံ့ဖြိုးတိုး တက်လာနိုင်မယ့် ပြည်ပဆက်ဆံရေးတွေ ဖြစ်ပေါ်ခဲ့တာ အားရစရာပါ။ ဒီအပြောင်းအလဲနဲ့ ဒီအခြေခံ အခွင့်အရေးတွေ အောင်မြင်ဖို့ ပြည်တွင်းငြိမ်းချမ်းရေးအပေါ်မှာများစွာ အခြေခံပါတယ်။ ငြိမ်းချမ်းရေးရှိရင် လုပ်ငန်းဆောင်တာကိစ္စရပ်တွေ အနှောင့်အယှက်မရှိ  မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။ တိုင်းပြည်အကျိုးကို ကြည့်ကြမယ်ဆိုရင် လက်နက်ကိုင် တိုက်ပွဲတွေဆင်နွှဲနေကြ မယ့်အစား ငြိမ်းချမ်းရေးကတစ်ဆင့် ဆွေးနွေးရေးလမ်းကို ရွေးကြဖို့ လိုပါလိမ့်မယ်။ 
ဇော်နိုင်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 66

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

65355

© 2022 - 2026 News. All Rights Reserved.