၂၀၂၆ ၊ ဇူလိုင် ၁၇
မြန်မာတွေက အရုပ်သိပ်မက်တဲ့ လူမျိုးဖြစ်သည်။ မြန်မာတွေ အရုပ်မက်တာက ခုမှမဟုတ်ဘူး၊ ဟိုးပုဂံခေတ်ကတည်းက ဖြစ်သည်။ အနော်ရထာမင်းကြီးလက်ထက် တိုင်းသူပြည်သားတွေအတွက် ကိုးကွယ်ရာ အစစ်အမှန်ဖြစ်သည့် ဗုဒ္ဓဘာသာ ထွန်းကားရေးအား သွန်ခွန်စိုက် ကြိုးပမ်းနေတဲ့ကြားက တိုင်းသူပြည်သားတွေက အရုပ်တွေ ကိုးကွယ်နေကြသည်။ အရုပ်ဆိုတာက နတ်ရုပ်တုဖြစ်သည်။ ဒီတော့ အနော်ရထာမင်းကြီး ဒေါသူပုန်ထလေသည်။ ရှင်အရဟံရဲ့ အဆုံးအမကို နာယူပြီး ဗုဒ္ဓဘာသာဟာ တကယ့်ကိုမှ စစ်မှန်တဲ့ ဘာသာတရားတစ်ခုပဲဆိုတာကို စတင်သဘောပေါက်ပြီးနောက် အရည်းကြီးတွေကို ဆင်ချေးကျုံး၊ မြင်းချေးကျုံးအဖြစ် နှိပ်ကွပ်လိုက်သည်။ ဒီလို ဗုဒ္ဓသာသနာ နေလိုလလို ထွန်းတောက် လာချိန်အထိ ပြည်သူတွေက နတ်ရုပ်တွေကို ကိုးကွယ်နေကြသည်။ ဒါကို အနော်ရထာမင်းကြီးက တိုင်းသူပြည်သားလူအများတို့ရေ၊ မင်းတို့အရုပ်တွေ နတ်လှောင်ကျောင်းထဲလာထည့် နတ်ရုပ်တွေ ထပ်တွေ့လို့ကတော့ အကုန် မင်းပြစ်မင်းဒဏ်သင့်မယ်ဆိုပြီး တစ်ချက်လွှတ်အမိန့်ချလိုက်သည်။ သက်ဦးဆံပိုင် ဘုရင့်အမိန့်ဆိုတော့ ကြောက်လန့်ပြီး အရုပ်တွေ လာထားကြ၊ တချို့ကလည်း နတ်လည်း ကြောက်ရ၊ ဘုရင်လည်းကြောက်ရဆိုတော့ နတ်ရုပ်တုတွေ လူမသိအောင် အိမ်ထဲကိုးကွယ်ကြရင်း ခုခေတ်ထိ မိရိုးဖလာ နတ်ကိုးကွယ်မှုတွင် အိမ်တွင်းနတ်ဆိုတာ ဖြစ်လာသည်ဟု ကြားဖူးသည်။
နတ်ကိုးကွယ်မှုနဲ့ နတ်ရုပ်တွေကို အနော်ရထာမင်းကြီး ကောင်းကောင်း ပညာပေးခဲ့သည်။ နတ်ကိုးကွယ်မှု သမိုင်းတွေကလည်း ပုဂံခေတ်မှာကတည်းက စတင်သန္ဓေတည်လာကြတာ များသည်။ နာမည်ကြီး ပုဂ္ဂိုလ်တစ်ယောက်ယောက်၊ ဒါမှမဟုတ် အာဏာရ မင်းဆွေမင်းမျိုးထဲက ပုဂ္ဂိုလ်တစ်ဦးဦးသေရင် အလိုလိုနတ် ဖြစ်ကုန်သည့် ဓလေ့ကလည်း ပုဂံခေတ်မှာ စတင်ခဲ့ကြတာများသည်။ ဒီတော့ နတ်ဖြစ်ပြီဟေ့ဆိုတာနဲ့ ရှေး ခေတ်ကတည်းက အရုပ်တွေ ထုကြတော့သည်။ ပုဂံဒေသတစ်ဝိုက်မှာဆိုရင် ယနေ့ထက်တိုင် ပုံမကျပန်းမကျ ရုပ်တုကြီးများ တွေ့မြင်နိုင်သည်။ တန်ခိုးကြီးဘုရား ပရဝဏ်အတွင်းများ၌ပင် ပုံမကျပန်းမကျ နတ်ရုပ်တုကြီးများ တွေ့ရသည်။ ဗုဒ္ဓဘာသာ ထွန်းကားရာနိုင်ငံဖြစ်သည်နှင့် အညီ ဘုရားကျောင်းကန်၊ စေတီပုထိုးပေါင်းများစွာ ရှိသည်။
ထူးခြားသည်က ရှေးခေတ်ကာလက ဘုရားစေတီတွေ တည်ပြီးသည်နှင့် ရုပ်တုကြီးတွေရော ထုတတ်ကြသည်။ ဘာရုပ်တု၊ ညာရုပ်တုကြီးမှန်း မသိသော်လည်း ကာလရွေ့လျားလာတော့ ဒီရုပ်တုကြီးက ဘယ်လိုတန်ခိုးကြီးတာဆိုပြီး ဘုရားနဲ့ရော ကိုးကွယ်လေ့ရှိသည်။ တချို့ဘုရားတွေမှာဆိုရင် ဘုရားပန်းတွေသာ ညှိုးနွမ်းရင် နွမ်းနေလိမ့်မည် ဖြစ်သော်လည်း ဘုရားရှေ့က အစွယ်ကားကားနဲ့ အရုပ်ကြီးရှေ့မှာ အချိုရည်ပုလင်းတွေ၊ စီးကရက် မီးညှိထားတာတွေ၊ အောင်သပြေခက် တွေနဲ့ ဝေေ၀ဆာဆာ ဖြစ်နေတတ်သည်။ မြန်မာတွေက အရုပ်မက်သည်ဆိုတာ ဒါကိုပြောတာ ဖြစ်သည်။ဘုရား တွေတည်စဉ်က ဘိလပ်မြေ သရိုးတွေပိုလို့ ပန်းရန်ဆရာ လက်ကမြင်းသွားသော ရုပ်တုတွေပင် နှောင်းလူတို့ ဘယ်သူပြောမှန်း မသိ သော ပါးစပ်ရာဇဝင်များနှင့် ကိုးကွယ်ကြသည်။
မြန်မာတွေ အရုပ်မက်ကြပုံများ ပြောရရင် ကုန်နိုင်ဖွယ်ရာမရှိပေ။ မြန်မာနိုင်ငံတောင်တန်းဒေသတွေမှာ တည်ထားကိုးကွယ်သော ဘုရားတွေကို ရောက်ဖူးကြပေလိမ့်မည်။ မြန်မာတွေက တောင်ရှိတဲ့ ဘုရားတိုင်း တောင်ပိုင်ဘိုးဘိုးကြီး ဆိုတာကိုပါ တစ်ခါတည်း ရုပ်တုထု တာဝန်ပေးလေ့ရှိသည်။ ဒီတော့ ဘုရားဖူးတွေလာရင် ဘုရားအရင်မဖူးရသေးဘဲ ဘုရားထက် စီနီယာကြသော တောင်ပိုင်ဘိုးဘိုးကြီး တွေကို ဦးတိုက်ရသည်။ မြန်မာလူမျိုးဆိုတာကလည်း ကြောက်စရာရှိလျှင် မစဉ်းစားဘဲ ကြောက်တတ်တာဆိုတော့ ဂေါပကတွေအကြိုက် ဖြစ်သည်။ တောင်ပိုင်ဘိုးဘိုးကြီးကို ဂါရဝမပြုဘဲကျော် သွားလို့ကတော့ တောင်တက်ကားပဲ ချောက်ထဲကျမယောင်၊ လမ်းခရီးပဲ အဆင်မပြေသယောင်၊ တောင်ပိုင် ဘိုးဘိုး ကြီးရဲ့ ကျားနဲ့လိုက်ကိုက်မယောင် ပြောဆိုအလှူခံကြသည်။
ဒီလို အကြောက်တရားလေး ဝင်သွားပြီဆိုရင် မြန်မာတွေက အလိုလိုရုပ်တုကြီးကို ယုံကြည်သက်ဝင်ပြီး လှူကြတန်းကြသည်။ မြန်မာပြည်တစ်နံတစ်လျားမှာ ခုလိုရုပ်တုတွေ ပြပြပြီး လုပ်စားနေကြသူတွေများသည်။ ဒီလိုပြောရင် ရုပ်တုတွေကိုမှီပြီး စားကြသောက်ကြသူတွေ ထူးမြတ်ကို ချောင်းရိုက်ချင်ကြ ပေလိမ့်မည် ဖြစ်သည်။ ဒီလိုစားပေါက်ချောင်ကြတော့ မြန်မာလူမျိုးတွေ အရုပ်မက်တာ ဆန်းတော့မဆန်း ချေ။
မြန်မာလူမျိုးတွေ အရုပ်အပေါ် ဘယ်လောက် ခရေဇီဖြစ်သလဲဆိုတာကို ယနေ့ခေတ် ကနားပွဲများတွင် မြင်တွေ့နိုင်သေးသည်။ အရုပ်များတဲ့ နတ်ကတော်ကတဲ့ပွဲဆိုရင် လူတွေစည်ကားလေ့ ရှိသည်။ အရုပ်လေး မဖြစ်စလောက်နဲ့ပေးတဲ့ ကနားထက် စင်မြင့်တွေပေါ်မှာ အရုပ်ပေါင်းစုံ တင်ထားပြီးပေးတဲ့ ကနားဆိုရင် လူတွေယုံကြည်မှုကပိုသည်။ ဒီတော့ နတ်ရုပ်တုများရေး ကနားစီးတွေ အပြိုင်အဆိုင် ကြိုးပမ်းကြသည်။ ထူးမြတ် အသိထဲတွင် ကနားစီးတစ်ယောက် ရှိသည်။ သူ့နာမည်အရင်းက ကိုမောင်နီ ဖြစ်သည်။ ကနားစီးဆိုတော့ နာမည်ကို အမေနီဟု သူ့ကိုယ်သူ သုံးနှုန်းကြသည်။ အမေနီက ရပ်ထဲရွာထဲ မှာတော့ နာမည်ရ ကနားစီး ဖြစ်သည်။ ခင်မင်ရင်းနှီးတာကြောင့် အမေနီရဲ့ အရုပ်တွေအကြောင်းနဲ့ ကနားစီး အတွေ့အကြုံကို မေးကြည့်မိသည်။ အမေနီပြောတာကတော့ သူတို့ ကနားစီးလောကမှာ အရုပ်များတဲ့ ကနားစီးကဆရာကြီးဖြစ်သည်။ အရုပ်တွေအများကြီးနဲ့ ကနားပေးရင် အိမ်ရှင်တွေကလည်း သဘောကျသလို ကနားပွဲလာသူတွေကလည်း ကနားစီးကိုအထင်ကြီးသည်ဟု ပြောသည်။ နတ်ရုပ်လေး လေး၊ ငါး၊ ၁၀ရုပ်နဲ့ ကနားစီးလုပ်ရင် ပွဲကြီးမရဘဲ ထိုင်ကနားလောက်သာ ပေးရသည်ဟု အတွေ့အကြုံကို ပြောပြသည်။ ဒါကြောင့် အမေနီက အရုပ်တွေအများကြီး စုဆောင်းထားသည်။တချို့အရုပ်တွေက ပုံကျပန်းကျရှိပြီး ရွှေ ဆေးတွေသုတ် ထားသော်လည်း တချို့အရုပ်တွေကတော့ သာမန်ဆီ ဆေးလောက် သုတ်ထားသည်။ ကနားပွဲလာငှားပြီဆိုတာ နဲ့အရုပ်တွေကို ရေဆေးပြီး ကားပေါ်တင်ကာ ပွဲရှိရာသို့ သွားသည်။ ပွဲရောက်ရင် အရုပ်တွေကို နေရာချပြီး ပြင်ဆင်သည်။ နတ်ရုပ်တွေရှေ့မှာ သူတို့အခေါ် စားတော်စာ တွေ၊ ပုလင်းတွေ၊ ကြက်ကြော်တွေ၊ ငါးကြော်တွေ၊ အမွှေးနံ့သာတိုင်တွေထွန်းပြီးရင် အမေနီတို့ လုပ်ငန်း စပြီဖြစ်သည်။
ဗဟုသုတအဖြစ် အမေနီကတဲ့ ရပ်ကွက်ထဲက ကနားပွဲတွေ လိုက်ကြည့်ဖူးသည်။ နတ်ရုပ်တွေမှာ ယုံကြည်သူတွေ ပူဇော်ပသထားသော ကန်တော့ထိုး ငွေတွေ အများကြီးရသည်။ အရုပ်များရင် ပိုက်ဆံပို ရသည်ဟု အမေနီကပြောသည်။ ယုံကြည်သူတွေက သူတို့ယုံ ကြည်ရာနတ်ရုပ်တုကို ငွေစက္ကူတွေ ကန့်တော့ထိုးကာ ခေါင်းပေါင်းစတွေကြား၊ လက်ကြားတွေကြား ထိုးထည့်သွားကြသည်။ ကနားပွဲပြီးရင် အမေနီလက်ထဲ သပိတ်ဝင်၊ အိတ်ဝင်ရသည်။ ကနားပွဲပြီးရင် သူ့နတ်ရုပ်တွေကို အိမ်ပြန်သယ်လာသည်။ ပုံမကျပန်းမကျ ရုပ်တုတွေ၊ ဆီဆေးသုတ်ထားတဲ့ အရုပ်တွေဆိုရင် ချောင်ထိုးထားပြီး ရွှေဆေးနဲ့ ခံ့ခံ့ညား ညားရှိပြီး လူသိများသော နတ်ရုပ်တွေကတော့ အမေနီဘုရားခန်းမှာထားပြီး ငွေစက္ကူလေးတွေ ထိုးထားသည်။ ဒီလိုဆိုရင် အမေနီအိမ်ကို နတ်လာမေးတဲ့သူတွေအတွက် အမြင်တင့်တယ်သွားပြီး နတ် လာမေးရင်း ထုံးစံအတိုင်း ငွေစက္ကူလေးတွေ ညှပ်သွားသည်။
ရင်းနှီးနေတော့ အမေနီရဲ့ စီးပွားရေးကိုစပ်စုမိ သည်။ အမေနီကတော့ သူ့ဘဝမှာ သူ့အရုပ်တွေက မရှိမဖြစ်ဟု ပြောသည်။ ဒီအရုပ်တွေက သူရဲ့ဝင်ငွေပင်ဖြစ်သည်။ တစ်ခါတလေ ကိုးကွယ်ယုံကြည်သူ တွေကိုလည်း နည်းနည်းပါးပါး ပညာခန်းပြပြီး အိမ်မှာ ဘယ်ရုပ်တုထုပြီး ကိုးကွယ်ဆိုတာမျိုး ပြောရသေးသည်။ ဒီလိုဆိုရင် အမေနီက ပန်းပုဆရာဆီက ကော်မရှင် အာရကေလေးရသေးသည်။ ဒါကြောင့် အမေနီစီးပွားရေးက အရုပ်တွေက အရေးပါသည်။ တစ်ခါတလေ သူ့ရှေ့စီးပွားရေးမကောင်းကြောင်း ညည်းမိရင်တော့ ငါ့လိုနင်က အရုပ်တွေနဲ့မှ မလုပ်စားတတ်တာဟု အပြစ်တင်သေးသည်။ အမေနီက သူ့ဘဝအကြောင်း ပြောပြသည်။ သေစာရှင်စာ ငါးတန်းလောက်တတ်ပြီး ဘာအလုပ်မှ မလုပ်တတ်တော့ ကနား စီးတစ်ယောက်နဲ့ ချိတ်ဆက်မိပြီး အရုပ်တွေနဲ့ လုပ်စားလို့ရတာကို သိသွားသည်။ ဒီတော့ ဘာမှ မလုပ်တတ်ရင် အရုပ်တွေထိုင်ထုပြီး စီးပွားရှာသည့်အလုပ်ကို လုပ်ရင်အမေနီက နာမည်တစ်လုံး ရလာသည်။ ပုံမကျပန်းမကျ ပုကွကွ အရုပ်တွေဆိုရင်လည်း နယ်ပိုင်ကြီး၊ အင်းပိုင်ကြီးဆိုပြီး နာမည်တပ်လေ့ ရှိသည်။ ယုံကြည်သူတွေက အလိုလို လှူကြတန်းကြရင် အမေနီတို့ ဝင်ငွေဖြောင့်သည်။ သူ့လက်သုံး စကားက 'ဘာမှ မလုပ်တတ်ရင် ရုပ်တုတွေ ထိုင်ထုနေ'ဆိုတဲ့စကားပင် ဖြစ်သည်။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )