အာကာသအိပ်မက်၊ လူငယ်မျိုးဆက်နဲ့ အနာဂတ် ဒစ်ဂျစ်တယ်အခန်းကဏ္ဍ

၂၀၂၆ ၊ မတ် ၇

            မြန်မာအာကာသ အေဂျင်စီအကြောင်း မပြောခင် ရုရှားနိုင်ငံရဲ့ အာကာသသမိုင်းကို အနည်းအကျဉ်း မိတ်ဆက်ပြောပြပေးဖို့ လိုမယ်ထင်တယ်။ တကယ်တော့ ရုရှား အာကာသသမိုင်းက ကမ္ဘာ့အာကာသ စူးစမ်းရှာဖွေမှုသမိုင်းမှာ အရေးပါဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်တယ်ဆိုတာ ငြင်းလို့ရမှာ မဟုတ်ဘူး။ အရင် ဆိုဗီယက်ပြည်ထောင်စု မပြိုကွဲခင်ကနေ လက်ရှိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖြစ်လာတဲ့အထိ အာကာသစူး စမ်းရှာဖွေရေးနဲ့ ပတ်သက်ရင် စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ခဲ့တာကလည်း တကယ့်ကို ထူးခြားမှုတစ်ခုလို့ ပြောလို့ရလိမ့်မယ်။

            ရုရှားနိုင်ငံရဲ့အာကာသခေတ်အစဟာ ၁၉၅၇ အောက်တိုဘာ ၄ ရက်မှာပဲ အစပြုခဲ့တယ်လို့ ပြောရမယ်။ ကမ္ဘာ့ပထမဆုံး လူလုပ်ဂြိုဟ်တုဖြစ်တဲ့ Sputnik-1 ဂြိုဟ်တုကို စတင်လွှတ်တင်ခဲ့ပြီး အာကာသခေတ်ကို စတင်နိုင်ခဲ့တယ်။ ဆိုဗီယက်တွေရဲ့ တီထွင်နိုင်မှုနဲ့ စဉ်ဆက်မပြတ် ကြိုးစားမှုတွေက ဒီနေရာမှာ ရပ်မသွားဘဲ ၁၉၅၇ နိုဝင်ဘာ ၃ ရက်မှာ Sputnik-2 နဲ့ ခွေးကလေး လိုင်ကာကို ကမ္ဘာ့ပတ်လမ်းထဲ ထပ်ပြီး ပို့နိုင်ခဲ့ပြန်တယ်။ ဒါ့အပြင် ၁၉၅၉ ခုနှစ် ဇန်နဝါရီမှာ လွှတ်တင်ခဲ့တဲ့ Luna-1 ဟာ လကို ပထမဆုံး ရောက် ရှိခဲ့တဲ့ ဂြိုဟ်တု အဖြစ်လည်း သမိုင်းမှတ်တမ်းတင်နိုင်ခဲ့တယ်။ နောက်ထပ်တစ်ခုကတော့ ၁၉၆၁ ခုနှစ် ဧပြီလ ၁၂ ရက်မှာ ယူရီဂါဂါရင်က ကမ္ဘာ့ပတ်လမ်းကို တစ်ကြိမ် ပတ်ခဲ့ပြီး ကမ္ဘာ့ပထမဆုံး လူသားသက်ရှိ တစ်ယောက်အနေနဲ့ အာကာသထဲကို ရောက်ရှိခဲ့ပြီး ရုရှားနိုင်ငံအတွက် ထူးခြားတဲ့ သမိုင်းမှတ်တိုင်တစ် ရပ်ကို စိုက်ထူနိုင်ခဲ့ပြန်တယ်။ အဲဒီနေ့ကိုပဲ ကမ္ဘာ့အာကာသနေ့ (International Day of Human Space Flight) အဖြစ် သတ်မှတ်ပြီး  နှစ်စဉ်ကျင်းပနေဆဲ ဖြစ်တယ်။

            မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီး အယူဝါဒကွဲပြားမှုတွေ၊ ဂိုဏ်းဂဃ ကွဲပြားမှုတွေ၊ ပါတီတွင်း မညီညွတ်မှုတွေနဲ့ ရောင်စုံသောင်းကျန်း မှုကာလကို ခက်ခက်ခဲခဲ ကြမ်းကြမ်းတမ်းတမ်း ဖြတ်သန်းနေချိန်မှာ ရုရှားနိုင်ငံရဲ့ အာကာသ ပရိုဂရမ်တွေက ဆိုဗီယက်ပြိုကွဲပြီး ၁၉၉၁ နောက်ပိုင်းမှာလည်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်သွားနိုင်တာ တွေ့ရတယ်။ ဆင့်ကဲပြောင်းလဲမှုအနေနဲ့ ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီမှာ ရုရှား အာကာသအေဂျင်စီ (Russia Space Agency-RSA) ကို စပြီးတည်ထောင်ခဲ့တယ်။ နောက်ပိုင်း ၂၀၁၅ မှာတော့ Roscosmos State Corporation  ဆိုပြီး အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့တယ်။ နိုင်ငံတကာ အာကာသစခန်း ((International Space Staion-ISS) မှာလည်း အဓိကအဖွဲ့ဝင် နိုင်ငံတစ်ခု ဖြစ်သလို ရုရှားနိုင်ငံရဲ့ Soyuz အာကာသယာဉ်ကလည်း လက်ရှိအချိန်အထိနိုင်ငံကို အကျိုးပြုနေဆဲဖြစ်တာ တွေ့ရ တယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တုန်းက နိုင်ငံတကာ အာကာသစခန်းကနေ ထွက်ခွာပြီး ကိုယ်ပိုင် အာကာသ စခန်းအသစ် တည်ဆောက်ရေးကိုလည်း ချဲ့ထွင်လုပ်ကိုင်နေတာရှိတယ်။ ဒီတော့ ရုရှားနိုင်ငံရဲ့ အာကာသ သမိုင်းဖြစ်စဉ်ကို ကြည့်လိုက်ရင် နည်းပညာအရ ဆန်းသစ်တီထွင်မှုတွေ၊ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင် ရွက်မှုတွေ ပေါင်းစပ်ထားတဲ့ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေရှိထားတယ်ဆိုတာ ထင်ထင် ရှားရှား တွေ့နိုင်တယ်။

            နောက်ခံသမိုင်းကြောင်းအရ ဒီလိုအောင်မြင်မှုတွေရှိထားတဲ့ ရုရှားနိုင်ငံရဲ့ အာကာသ အေဂျင်စီနဲ့ မြန်မာအာကာသအေဂျင်စီ (Myanmar Space Agency-MSA) တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ၂၀၂၅ ခုနှစ် စက် တင်ဘာလမှာ စတင်နိုင်ခဲ့တယ်။ လက်ရှိ ယာယီသမ္မတကြီးရဲ့ ရုရှားနိုင်ငံ မော်စကို ခရီးစဉ်တစ်ခုမှာ Roscosmos အကြီးအကဲ ဒီမစ်ထရီ ဘာကာ နောဗ့် (Dmitry Bakanov) နဲ့ တွေ့ဆုံခဲ့ပြီး အာကာသစူးစမ်းရှာဖွေမှုနဲ့ ငြိမ်းချမ်းရေး အသုံးပြုမှုဆိုင်ရာ အစိုးရအဆင့် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုး နိုင်ခဲ့တာကနေ မြန်မာအာကာသအေဂျင်စီ ဖြစ်ပေါ်လာဖို့ အစပြုခဲ့တယ်လို့ပဲ ပြောရလိမ့်မယ်။ ကွင်းဆင်း လေ့လာမှုအနေနဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၀ ရက်မှာ နိုင်ငံတော် အကြီးအကဲကိုယ်တိုင် အချိန်ပေးပြီး ရုရှားနိုင်ငံ Amur ပြည်နယ် Blagoveshchensk မြို့မှာရှိတဲ့ အာကာသ လွှတ်တင်ရေးစခန်း Vostochy Cosmodrome ကို အနီးကပ်လေ့လာခဲ့ဖူးတယ်။ ဒီအဆင့်ကို နောက်ထပ် တစ်ဆင့်မြှင့်လိုက်တာကတော့ မြန်မာအာကာသ အေဂျင်စီကို ၂၀၂၅ ခုနှစ် ဇွန်လ ၁ ရက်မှာ နိုင်ငံ တော်စီမံ အုပ်ချုပ်ရေးကောင်စီရဲ့ အမိန့်အမှတ် ၃၈/၂၀၂၅ အရ တရားဝင်တည်ထောင် ဖွဲ့စည်းခဲ့တာပါပဲ။ ဒီလို တည်ထောင်လိုက်တဲ့ နေရာမှာ အဓိကအနေနဲ့ မြန်မာနိုင်ငံမှာ အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်ဖို့၊ ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်နိုင်ဖို့နဲ့ ဆက်စပ်လုပ်ငန်းတွေမှာ လက်တွေ့အသုံးချနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကောင်းတွေနဲ့ အစပြုခဲ့ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရင်အတိတ်ကာလတွေမှာ မြန်မာနိုင်ငံအနေနဲ့ အာကာသ နည်းပညာကို တိုက်ရိုက်ဖွံ့ဖြိုးမှု မလုပ်ဆောင်နိုင်သေးဘဲ မိုးလေဝသခန့်မှန်းရေး၊ မုန်တိုင်းသတိပေးချက်နဲ့ ရေကြီးရေလျှံခန့်မှန်းရေးတွေ မှာ အသုံးချအခြေခံအဆင့် ကနေ ခိုင်ခိုင်မာမာ တက်လှမ်းနိုင်ခဲ့တယ်လို့ပဲ သုံးသပ်ရမှာပါ။

            မြန်မာအာကာသအေဂျင်စီရဲ့ တိုးတက်မှုအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီထဲမှာပဲ Roscosmos ဥက္ကဋ္ဌ Dmitry V. Baknov ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ရောက်လာပြီး နောက်ထပ်အရေးပါတဲ့ သဘောတူညီချက်တွေ ချမှတ်နိုင်ခဲ့ပြန်တယ်။ လာမယ့်အနာဂတ်မှာ မြန်မာ နိုင်ငံရဲ့ ပထမဆုံး အာကာသ ယာဉ်မှူးကို ရွေးချယ်ပြီး လေ့ကျင့်ပေးနိုင်ဖို့၊ ဂြိုဟ်တုလွှတ်တင်ရေးနဲ့ ဆက်သွယ်ရေးကဏ္ဍမှာ နည်းပညာတွေ ပူးပေါင်းဆောင်ရွက်ကြဖို့၊ ရုရှားနိုင်ငံမှာ အဓိကထား ဆောင်ရွက်နေတဲ့ GLONASS ဂြိုဟ်တု လမ်းညွှန် စနစ်အတွက် မြေပြင်ဒေတာ စုဆောင်းရေးစခန်း တည်ဆောက်နိုင်ဖို့၊ နိုင်ငံကောင်းကင်ပေါ် အနီးနားက အန္တရာယ်ရှိတဲ့ အရာဝတ္ထုတွေကို ခြေရာခံစောင့်ကြည့်ရေး စနစ်ကွန်ရက် တည် ဆောက်ဖို့နဲ့ အရေးအကြီး ဆုံးဖြစ်တဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ပညာသင်ဆုနဲ့ လေ့ကျင့်သင်ကြားရေး အစီအစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့စတဲ့ သဘောတူညီချက်တွေ ချမှတ်နိုင်ခဲ့တယ်။

            လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးအတွက်အဓိကကျတဲ့ ပြည်သူလူထုစိတ်ပါဝင်စားမှု ရရှိအောင် ကနဦးခြေလှမ်းအနေနဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် အနီးမှာ အာကာသပြတိုက် (Space Museum) ကို တရားဝင် ဖွင့်လှစ်နိုင်ခဲ့တယ်။ ဒီပြတိုက်ကို နိုင်ငံတော် ယာယီသမ္မတကြီးကိုယ်တိုင် တန်ဖိုးထားပြီး ကိုယ်တိုင်တက်ရောက် ဖွင့်လှစ်ပေးခဲ့တာလည်း တွေ့ရတယ်။ ဒီပြတိုက်ရဲ့ အဓိကကွဲပြားချက်နဲ့ ထူးခြားချက်က ဒုံးပျံနည်းပညာတွေ၊ နိုင်ငံတကာရဲ့ ဂြိုဟ်တု၊ အာကာသ စူးစမ်းရှာဖွေမှုနဲ့ ပတ်သက်တဲ့ သမိုင်းကြောင်းနဲ့ ပြခန်းတွေကို ပုံစံတူတွေ ထည့်သွင်း ခင်းကျင်းပြသထားတဲ့အပေါ်မှာ ကလေးသူငယ်တွေ စိတ်ဝင်စားမှု အမြင့်ဆုံးရှိအောင် ဆွဲဆောင်ထားနိုင်တာ တွေ့ရတယ်။ ပိုကောင်းသွားတာက ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်မှာ မြန်မာနိုင်ငံရဲ့ အတိုင်းအတာနဲ့ အကြီးမားဆုံးနဲ့ ပထမဆုံးဖြစ်တဲ့ အခြေခံပညာကျောင်းသူ ကျောင်းသား ၆၀၀၀ ကျော် ပါဝင်တဲ့ အာကာသဆိုင်ရာ ပန်းချီ၊ ကာ တွန်းနဲ့ ပိုစတာပြိုင်ပွဲကို ရုပ်ရှင်အနုပညာရှင်ပေါင်းများ စွာနဲ့ ခမ်းခမ်းနားနား ကျင်းပနိုင်ခဲ့တာ ဖြစ်တယ်။ ဒီလို ကြီးကျယ်ခမ်းနားတဲ့ အခမ်းအနားတစ်ခု ဖြစ်မြောက်ဖို့ ရန်ကုန်တိုင်းအစိုးရနဲ့ မြန်မာအာကာသအေ ဂျင်စီတို့ ပူးပေါင်းပြီး ကျင်းပခဲ့တာဖြစ်သလို လူငယ်တွေရဲ့ အာကာသနည်းပညာအပေါ် စိတ်ဝင်စားမှု မြှင့်တင်ရေးနဲ့ တီထွင်ဖန်တီးနိုင်စွမ်း အားပေးရေးဆိုတဲ့ ရည်ရွယ်ချက် တွေအတွက် လက်တွေ့ကျတဲ့ ချဉ်းကပ်မှုတစ်ခုအဖြစ်နဲ့ ပုံဖော်နိုင်ခဲ့တယ်။

            ပြီးခဲ့တဲ့ ရုရှားအာကာသအဖွဲ့ကိုယ်စားလှယ်နဲ့ သဘောတူညီချက်တွေအရ ပူးပေါင်းဆောင်ရွက်မယ့် နယ်ပယ်တွေက မြန်မာနိုင်ငံအတွက် အကျိုးရှိပြီး ကျယ်ပြန့်တာလည်းမြင်ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံရဲ့ ပထမဆုံးအာကာသလူသားတစ်ယောက်ကို ရွေးချယ် လေ့ကျင့်ပေးဖို့ဆိုတဲ့ ကမ်းလှမ်းချက် ကလည်း မြန်မာနိုင်ငံအတွက်တော့ ဂုဏ်ယူဖွယ်ရာကောင်းတဲ့ သမိုင်းမှတ်တိုင် (Milestone) ဖြစ်လာတော့ မယ်။ GLONASS ဂြိုဟ်တု လမ်းညွှန်စနစ်တွေ အားကောင်းရင် ဒေတာစုဆောင်းရေးတွေမှာ အားသာချက်ရှိလာမှာ ဖြစ်သလို မြန်မာနိုင်ငံရဲ့ လမ်းညွှန်စနစ်မှာလည်း နည်းပညာအသုံး ပြုမှုကို မြှင့်တင်ပေးသွားနိုင်မှာ လည်း ဖြစ်တယ်။ မြန်မာပြည်သူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် ကိုယ်ပိုင် ဂြိုဟ်တုလွှတ်တင်နိုင် ရေးကလည်း ဆက်သွယ်ရေး၊ ရာသီဥတုစောင့်ကြည့်ရေး၊ မြေယာအသုံးချနဲ့ သဘာ၀ဘေးတွေမှာ အတော် လေးအသုံးဝင်တဲ့ အရာဖြစ်လာလိမ့်မယ်။ လက်ရှိကနဦးအနေနဲ့ ရုရှားနဲ့ အကျိုးတူ ပူးပေါင်းပြီး နောင်မှာ နည်းပညာ လွှဲပြောင်းနိုင်ဖို့၊ မြန်မာလူငယ်တွေကို ပညာသင်ဆုနဲ့ လေ့ကျင့်ရေးအစီအစဉ်တွေမှာ ပူးပေါင်း ဆောင်ရွက်လာနိုင်ရင် ပိုကောင်းတဲ့ ရလဒ်တွေရလာဖို့ ဖြစ်လာလိမ့်မယ်လို့ မျှော် လင့်ရတယ်။ လက်ရှိ ပြည်သူ့ရင်ပြင် အာကာသပြတိုက်မှာ ကျင်းပခဲ့တဲ့ အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်းနဲ့ ပိုစတာပြိုင်ပွဲမှာ ရုရှားအာကာသာအေဂျင်စီရဲ့ ပူးပေါင်းဆောင်ရွက်မှုက နည်းပညာအဆင့်သာမကဘဲ ပညာရေးနဲ့ လူငယ်တွေရဲ့ တက်ကြွတဲ့ စိတ်ဆန္ဒလှုံ့ဆော်ရေးအထိပါ ကျယ်ပြန့်သွားနိုင်တာ အဓိက အားသာချက်ဖြစ်ခဲ့တယ်။ ဒီလို အခမ်းအနားတွေကနေ အာကာသနဲ့ သိပ္ပံနည်းပညာတွေအပေါ် လူငယ်တွေရဲ့ စိတ်ကူး စိတ်သန်း ဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်စေမှာ သေချာတယ်။ သေချာတာကတော့ နောင်မဝေး တော့တဲ့ အနာဂတ်မှာ အခြေခံအဆင့် ငါးနှစ်တာကာလမှာ ဂြိုဟ်တုဒေတာ စနစ်တကျ အသုံးပြုတတ်ဖို့နဲ့ အာကာသ နည်းပညာလေ့ကျင့်မှုတွေ ဆောင်ရွက်ရင်း အလတ်စားကာ လအဆင့် နောင် ၁၀ နှစ်မှာ အသေးစားဂြိုဟ်တုတွေ ပိုင်ဆိုင်ဖို့၊ သုတေသနစင်တာတွေကနေ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ရင်း ရေရှည်လုပ်ငန်းစဉ်အနေနဲ့ နိုင်ငံပိုင်ဂြိုဟ်တု ထုတ်လုပ်ရေးနဲ့ နိုင်ငံတကာ အာကာသ အစီအစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခြေ အနေမျိုးအထိရောက်အောင် အဆင့်ဆင့် တက်လှမ်းသွားကြရမှာ ဖြစ်တယ်။

            နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အရာတစ်ခုက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်မှာ ပြင်ဦးလွင်မြို့ ရတနာပုံမြို့သစ်က တယ်လီပို့အဆောက်အအုံမှာ ကျင်းပခဲ့တဲ့ ဒစ်ဂျစ်တယ် မြန်မာနည်းပညာ နှီးနှောဖလှယ်ပွဲနဲ့ ပြပွဲကလည်း စိတ်ဝင်းစားစရာကောင်းတာ တွေ့ရတယ်။ ဒီပြပွဲကတစ်ဆင့် မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုနဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးပါတဲ့ လုပ်ငန်းစဉ် တစ်ခုဖြစ်လာဖို့ ရာခိုင်နှုန်းများတယ်။

            ဒီပြပွဲကို နှစ်ရက်ကြာကျင်းပခဲ့ပြီး ဉာဏ်ရည်တု (AI) ကိစ္စက ထိပ်တန်းအသားပေး ခေါင်းစဉ်တစ်ခု ဖြစ်ခဲ့တယ်။ ဝန်ကြီးဌာနအပါအဝင် ပြည်တွင်း ပြည်ပက နိုင်ငံခြားနည်းပညာ ကုမ္ပဏီတွေလည်း ပါဝင်ပြသခဲ့ တာတွေ့ရသလို အထူးသဖြင့် ဆိုက်ဘာလုံခြုံရေး၊ AI နည်းပညာနဲ့ ဂြိုဟ်တုနည်းပညာတွေကို အဓိကထား ဆွေးနွေးသွားခဲ့ကြတယ်။ ယာယီသမ္မကြီးရဲ့ အမှာစကားထဲမှာ "ကျောင်းသားလူငယ်တွေရဲ့ Project တွေက နောင်အနာဂတ်မှာ နိုင်ငံရဲ့ဒစ်ဂျစ်တယ် စီးပွားရေးအတွက် အခြေခံအုတ်မြစ် ဖြစ်လာနိုင်မယ်လို့ ယုံကြည်တယ်'ဆိုတဲ့ အကြောင်း၊ ဒီလို ပြပွဲကတစ်ဆင့် နိုင်ငံတကာကို ရင်ပေါင်တန်းနိုင်မယ့် Software? Hardware နဲ့ ဆန်းသစ်တဲ့ ပြဿနာ၊ ပုစ္ဆာတွေကို ဖြေရှင်းနိုင်မယ်လို့"ယုံကြည်ကြောင်း ပြောကြားခဲ့ တာက နောင် မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်အခန်းကဏ္ဍ ဖွံ့ဖြိုးရေးမှာ လူငယ်မျိုး ဆက်သစ်တွေရဲ့ အဓိက လုပ်ဆောင်ချက်အားကို ရယူမယ်ဆိုတဲ့ ဦးတည်ချက်မျိုးရှိနေတာ တွေ့ရတယ်။

            ယာယီသမ္မတကြီးမျှော်လင့်ထားတဲ့ ပုံစံက ကျောင်းသားတွေရဲ့ ပရောဂျက်တွေကတစ်ဆင့် အနာဂတ်မှာ နည်းပညာခြေလှမ်းသစ်တွေ စတင်နိုင်ဖို့၊ ပေါ်ထွက်လာဖို့ မျှော်လင့်ချက်ထားတာ မြင်ရတယ်။ အဓိက AI ကို အခြေခံတဲ့ လယ်ယာစိုက်ပျိုးရေး ဆော့ဖ်ဝဲတွေ၊ ဆိုက်ဘာလုံခြုံရေးကို အထောက်အကူ ဖြစ်စေမယ့် Tool တွေ၊ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလူမျိုးတွေအချင်းချင်းကြားမှာ ဘာသာပြန် AI ဆော့ဖ်ဝဲတွေ ထွက်ပေါ်လာခဲ့ရင် 'နိုင်ငံတကာမှာ မြန်မာ့နည်းပညာအခန်းကဏ္ဍ အရှိန်အဟုန်နဲ့ တိုးမြှင့်လာဖို့ အားကောင်းမယ်လို့ ယူဆထားပုံပဲ။ နောက်တစ်ခုက ရတနာပုံမြို့သစ်ကို ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံ မြှင့်တင်ပေးရင်းနဲ့ အနာဂတ်မှာ နည်းပညာကုမ္ပဏီတွေအတွက် အဓိက ရုံးချုပ်ပုံစံ သွားလို နေတာလည်း သတိပြုမိတယ်။ အနာဂတ်မှာ ဂြိုဟ်တုဆက်သွယ်ရေး၊ Remote Sensing နဲ့ ပတ်သက်တဲ့ လုပ်ငန်း Project တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ထောင်ချီ ဖန်တီးပေးနိုင်ဖို့အတွက်လည်း လျာထားတာ ဖြစ်နိုင်တယ်။ ခြုံပြောရရင်တော့ ယာယီသမ္မတကြီးအနေနဲ့ အနာဂတ်မှာ မြန်မာနိုင်ငံကို ဒစ်ဂျစ်တယ်ခေတ်မှာ နည်းပညာ နောက်ကျမကျန်စေဖို့၊ လူငယ်တွေရဲ့တီထွင်ဖန်တီးနိုင်စွမ်းအားကို အဓိက ရယူပြီး နည်းပညာကဏ္ဍမှာ ဖွံ့ဖြိုးတိုးတက်မှုတွေရှိစေဖို့ အုတ်မြစ်ချတည်ဆောက်နေတာ တွေ့ရတယ်။

            အချုပ်ဆိုရရင်တော့ မြန်မာနိုင်ငံရဲ့ အာကာသနဲ့ ဒစ်ဂျစ်တယ် ဖွံ့ဖြိုးရေးလမ်းကြောင်းက အခြေခံ အုတ်မြစ်အဆင့်ဆိုပေမယ့် မှန်ကန်တဲ့ မဟာဗျူဟာ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနဲ့ နည်းပညာလွှဲ ပြောင်းမှု အာမခံချက်တွေရှိခဲ့ရင် ရေရှည်မှာ အသေးစားကိုယ်ပိုင် ဂြိုဟ်တုတွေ ပိုင်ဆိုင်နိုင်မယ့်အဆင့်က သိပ်မဝေးတော့ ဘူးလို့သာ ယူဆရမှာပါ။ တကယ်လည်း ဒီလို အာကာသနည်းပညာနဲ့ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုကို ပေါင်းစပ်နိုင်ခဲ့ရင် စိုက်ပျိုးရေးကို အခြေခံတဲ့ မြန်မာနိုင်ငံအတွက် တောင်သူလယ် သမားတွေအတွက် ရာနှုန်းပြည့် အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်လာမယ့်အပြင် ဆက်သွယ်ရေး၊ လမ်းညွှန် စနစ်၊ သဘာဝဘေး စီမံခန့်ခွဲရေးနဲ့ စီးပွားရေး အသုံးချ ကဏ္ဍတွေအတွက်ပါ အကျိုးကျေးဇူးတွေ ခံစား ကြရမှာ မလွဲပါဘူး။

            ရုရှားနိုင်ငံရဲ့ သက်တမ်းရင့် Roscosmos ရဲ့ အတွေ့အကြုံနဲ့ နည်းပညာအရင်းအမြစ် ခိုင်မာမှုကို အခြေခံပြီး ပူးပေါင်းဆောင်ရွက်နိုင်မှုဟာ မြန်မာ့အာကာသ အေဂျင်စီအတွက်လည်း မဟာဗျူဟာဆိုင်ရာ အရွေ့တစ်ခုအဖြစ်လည်း သုံးသပ်နိုင်ပါလိမ့်မယ်။ လက်ရှိအချိန်ကလည်း မြန်မာ့အာကာသနဲ့ ဒစ်ဂျစ်တယ် ကဏ္ဍအတွက် အရှိန်အဟုန်နဲ့ စတင်နေတဲ့ အချိန်လို့ ယူဆရနိုင်ပါတယ်။ ရုရှားနိုင်ငံလို မိတ်ဖက်နိုင်ငံ တွေနဲ့ ပူးပေါင်းမှုကနေ ရရှိလာတဲ့ နည်းပညာ အတွေ့အကြုံတွေကို အထက်အကြီးအကဲတွေရဲ့ လမ်းညွှန်မှု၊ မျိုးဆက်သစ် လူငယ်တွေရဲ့ တက်ကြွတဲ့ စိတ်အားထက်သန်မှုကို ပေါင်းစပ်နိုင်ခဲ့ရင် နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍမှာ အရေးပါတဲ့ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်လာနိုင်ဖို့ရှိသလို မဟာဗျူဟာမြောက် စီမံချက်တွေအတွက် ဤခရီး မဝေးတော့ပါလို့သာ သုံးသပ်ချင်မိပါတော့တယ်။

နရီမိုး

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 3

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60703

© 2022 - 2026 News. All Rights Reserved.