၂၀၂၆ ၊ ဇူလိုင် ၄
စနစ်တစ်ခုတည်ဆောက်ရာမှာ ယုံကြည်မှုက အရေးကြီးပါတယ်။ ယုံကြည်မှုဆိုတာ စနစ်နဲ့ စနစ်ရဲ့ အကျိုးအပေါ် ယုံကြည်မှုပါ။ ဒီစနစ်က ငါတို့ဘဝကို လုံခြုံအကျိုးရှိစေတယ်ဆိုတဲ့ ယုံကြည်မှု အသက်သွင်းပေးဖို့လိုပါတယ်။ စနစ်ဆိုတာ လူ့အသိုင်းအဝိုင်းမှာ စည်းမျဉ်းစည်းကမ်းနဲ့ ဥပဒေတွေမှာ အခြေခံပါတယ်။ ပထမဆုံး လိုအပ်ချက်က အခြေခံတဲ့ ဒီစည်းမျဉ်းစည်းကမ်းတွေကို ယုံကြည်လေးစားဖို့ ဖြစ်ပါတယ်။ ဒီစည်းမျဉ်း စည်းကမ်းတွေကို မယုံကြည်မလေးစား မလိုက်နာရင် တည်ဆောက်မယ့်စနစ်ကို ရောက်လာနိုင်စရာမရှိပါ။
အဲဒီအတွက် စနစ်အပေါ် စည်းမျဉ်းစည်းကမ်းအပေါ် ယုံကြည်လေးစားမှုရရှိဖို့ အရေးအကြီးဆုံးလို အပ်ချက်က ဥပဒေအရ တင်းကျပ်စွာ ကိုင်တွယ်ဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ အငြင်းအခုံ ဖြစ်နိုင်တာက တင်းကျပ်စွာကိုင်တွယ်မှုနဲ့ ဥပဒေအပေါ် ယုံကြည်သက်ဝင်မှု ဘယ်အရာက အရေးပိုကြီးသလဲဆိုတာပါ မှန်ပါတယ်။ ဥပဒေအပေါ် သက်ဝင်ယုံကြည်မှုက ပိုအရေးကြီးပါတယ်။ ဒါပေမဲ့ ဥပဒေအပေါ် သက် ဝင်ယုံကြည်မှုရှိဖို့ အစပိုင်းမှာ တင်းကျပ်စွာ ကိုင်တွယ်ဖို့ကလည်း လိုကိုလိုပါတယ်။
တင်းကျပ်စွာကိုင်တွယ်ပြီး လိုက်နာမှုကောင်း လာတာနဲ့အမျှ ဖြေလျှော့မှုပေးရမှာ ဖြစ်ပါတယ်။ လက်တွေ့ ကျင့်သုံးလာတဲ့အခါမှာ ဥပဒေရဲ့ အကျိုးသက်ရောက်မှုက အကျိုး ရှိ၊ မရှိ သိသာစေမှာ ဖြစ်ပါတယ်။ အကျိုးရှိရင် ဆက်သုံး၊ အကျိုးမရှိရင် ပယ်ဖျက်။ တင်းကျပ်စွာကိုင်တွယ်လို့ လက်တွေ့ အကျိုးရှိလာတဲ့အခါမှာ ဥပဒေအပေါ် ယုံကြည်မှုရှိလာမှာ ဖြစ်ပါတယ်။ အဲဒီအခါမှာ တင်းကျပ်စရာ မလို တော့ဘဲ ယုံကြည်မှုအရ လိုက်နာလာကြမှာ ဖြစ်ပါတယ်။ သဘောကတော့ တင်းကျပ်စွာကိုင်တွယ်မှုက လတ်တလော ဖြေရှင်းမှုဖြစ်ပြီး ယုံကြည်မှုက အရှည်တည်တံ့သွားမှာ ဖြစ်ပါတယ်။
တူညီတဲ့ စည်းမျဉ်းတစ်ခုကို လူတိုင်းလိုက်နာ ရမှာမှန်ပေမယ့် လူတချို့အတွက် မဖြစ်နိုင်တဲ့အခြေအနေမျိုးရှိတယ်ဆိုရင် ဘယ်လိုကျင့်သုံးမလဲ။ တန်းတူမှုရှိတယ်လို့ သတ်မှတ်မှာလားဆိုတာ ပြဿနာပါ။ ဒီလိုအခြေအနေမျိုးမှာ စည်းမျဉ်းကလည်း နှစ်ခုထားလို့မရ။ လိုက်နာဖို့ကလည်း အဆင်မပြေရင် ဘယ်လိုလုပ်ကြမလဲ။ တရားမျှတမှုဆိုတာ စည်းမျဉ်းတစ်ခုတည်းအပေါ် တစ်သမတ်တည်း ကိုင်တွယ် တာမဟုတ်ဘဲတူညီတဲ့ စံတစ်ခုအောက်မှာ အခြေအနေမတူတာတွေကို တရားမျှတစွာ ကိုင်တွယ်နိုင်မှုကို ဆိုလိုတာပါ။ အရေးကြီးတဲ့ ကွာခြားချက်က တန်းတူမှု (Equality)နဲ့ မျှတမှု (Equaty) ပါ။ သဘောက လူတိုင်းကို တူညီတဲ့စည်းမျဉ်းတစ်ခုတည်းအောက်မှာထားပြီး လူတိုင်းအခြေအနေမတူတာကို တွက်ချက်ပြီး မျှတအောင် လုပ်ပေးတဲ့ သဘောပါ။ တစ်ခါတလေ တူညီတာက မမျှမတ ဖြစ်တတ်ပါတယ်။
ဥပမာအားဖြင့် အရပ်မတူတဲ့ လူသုံးဦး ခြံစည်းရိုးမှာရပ်ပြီး တစ်ဖက်ကိုမြင်ဖို့ ခုံချပေးတဲ့ ဥပမာလေးကို မှတ်မိကြမယ် ထင်ပါတယ်။ တူညီမှုအရဆိုရင် အမြင့်တူတဲ့ ခုံသုံးလုံး အတူပေးရင် အရပ်ရှည်တဲ့သူသာ မြင်ရမယ့်သဘောမှာရှိပြီး အနိမ့်အမြင့်အလိုက် ခုံသတ်မှတ်ပေးမှသာ အားလုံး အကျိုးခံစား ရမှာ ဖြစ်ပါတယ်။ တူညီမှုအရ ရှစ်ပြည်နယ်မူနဲ့ ကရင်တစ်ကျပ်၊ ဗမာတစ်ကျပ် ပြဿနာကို သတိထားကြည့်။ တူညီမှုတော့ရှိကောင်းရှိပါရဲ့။ ပြည်ထောင်စုအတွင်း အတူမှီတင်းနေထိုင်ကြသူတွေကြားမှာ မျှတမှုရှိနိုင်ပါ့မလား။ တစ်ကျပ်အပေါ်မှာ ခွဲဝေရင် လူဦးရေများသူနဲ့ နည်းသူရရှိမှု တူနိုင်ပါ့မလား။ တစ်ကျပ်ကို ငါးနဲ့စားရင်ရမယ့်အရေအတွက်နဲ့ တစ်ကျပ်ကို ၁၀ နဲ့ စားရင်ရမယ့် အရေအတွက် မတူပါဘူး။ လူမျိုးအရ တူညီမှုရှိပေမယ့် ပြည်ထောင်စု အချိုးအစားအရ မျှတမှု မဖြစ်ပါဘူး။ အားလုံးအကျိုးကို ချင့်ချိန်ဖို့ လိုပါတယ်။
စနစ်နဲ့ စည်းမျဉ်းဆိုတာ ဒီလိုမျိုး Flexible ဖြစ်ဖို့လည်း လိုပါတယ်။ စည်းမျဉ်း နှစ်ခုထားတာမဟုတ် ဘဲ စည်းမျဉ်းတစ်ခုတည်းကို Flexible အလိုက်အ သုံးချတာကို ဆိုလိုတာပါ။ တချို့အမိန့်တွေ၊ ညွှန်ကြား ချက်တွေ၊ စည်းမျဉ်းတွေမှာ ခြွင်းချက်ဆိုတာ ပါရှိတာ သတိထားမိကြမယ် ထင်ပါတယ်။ ဒီသဘောပါ။ ဒီလို ခြွင်းချက်တွေပါရှိတာက မမျှတစေတာ မဟုတ်ဘဲ မျှတမှုကို ပိုတိုးစေတဲ့အရာပဲ ဖြစ်ပါတယ်။ ဒီလိုခြွင်းချက် ထားရာမှာလည်း ရှင်းလင်းပြီးအများသိအောင် သတ်မှတ်ထားဖို့၊ လူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု အတွက်မဟုတ်ဘဲ တူညီတဲ့အခြေအနေ ရှိသူတိုင်းကို သက်ရောက်စေဖို့၊ အာဏာရှိသူ စိတ်ကြိုက်မဟုတ်ဘဲ စနစ်တကျ သတ်မှတ်ထားဖို့ စတဲ့အချက်တွေ ပါမှသာလျှင် မျှတတဲ့ Flexible ဖြစ်မှာ ပါ။ မဟုတ်ရင် ဘက်လိုက်မှု ဖြစ်သွားနိုင်ပါတယ်။
ဒီရက်ပိုင်းအတွင်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးဆိုင်းဘုတ် ဖြုတ်ချတာနဲ့ပတ်သက်ပြီး အသံထွက်လာတာ သတိထားမိကြမှာပါ။ Myanmar Now နဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဘိုဘိုဦးတို့ အင်တာဗျူးကိုကြည့်ရင် နိုင်ငံရေးတန်းတူမှု၊ မျှတမှုထက် နိုင်ငံရေးအရ ဥပဒေကင်းလွတ်မှုကို ဦးစားပေးထားတာ တွေ့ရမှာဖြစ်ပါတယ်။ NLD ဘာလုပ်လုပ်အမှန်၊ တပ်မတော်က ဘာလုပ်လုပ်အမှား ဆိုတဲ့ သဘောမျိုးတွေ့ရတာက NLD သာ မြန်မာ့နိုင်ငံရေးမှာ ဆက်လက်ကြီးစိုးနေရင် မြန်မာ့ဒီမိုကရေစီ အရေးအတွက် အလားအလာကောင်းလာမယ့် အခြေအနေမရှိဘူး။ ဆိုင်းဘုတ်ဖြုတ်ချတာနဲ့ပတ်သက်ပြီး အသံအမျိုးမျိုး ထွက်လာတာ တွေ့ရပေမယ့် ဥပဒေအရ ဆက်လုပ်စရာရှိတာတွေ ဆက်လုပ်ကြလိမ့် မယ်လို့ ထင်ပါတယ်။
NLD ဆိုင်းဘုတ်ဖြုတ်ချတာနဲ့ပတ်သက်လို့ ဘက်အမြင်နဲ့ ပြောနေဝေဖန်နေကြတာတွေလည်း တွေ့ ရပါတယ်။ NLD မလိုလားသူတွေဘက်က ဥပဒေအရလုပ်တာ၊ တရားဥပဒေအရ တရားမဝင်တော့တဲ့ အရာတွေကို ဖယ်ရှားတာလို့ ဆိုနေကြတာ တွေ့ရပါတယ်။ NLD နဲ့ NLD လိုလားသူတွေဘက်က ဒီလုပ်ရပ်ဟာ ဥပဒေအကြောင်းပြပြီး နိုင်ငံရေးအရ ဖိနှိပ်တာ၊ ပါတီလွတ် လပ်ခွင့်၊ ဖော်ပြခွင့်တွေကို ပိတ်ပင် တာလို့ ပြောနေကြ တာတွေ့ရမှာ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ အရေးကြီးတာက မတူညီတဲ့ အမြင်တွေကို လက်ခံဖို့၊ သတင်းအမှားတွေနဲ့ ဝါဒဖြန့်နေတာတွေနောက် မလိုက်ကြဖို့လိုပါတယ်။
နိုင်ငံတစ်နိုင်ငံအတွက် ဥပဒေ (Rule of Law)က အခြေခံ အရေးအကြီးဆုံးပါ။ နိုင်ငံတကာမှာလည်း ပါတီတွေကို ဥပဒေအရ ဖျက်သိမ်းတာ၊ ကန့်သတ်တာတွေရှိတာပါပဲ။ ထိုင်းမှာဆို ပါတီဖျက်သိမ်းတာတွေ၊ ကန့်သတ်တာတွေ အများကြီးရှိခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ အငြင်းအခုံဖြစ်ကြတာက ဥပဒေ ရှိတယ်ဆိုတာနဲ့ ဥပဒေက တရားမျှတတယ်၊ မမျှတဘူးဆိုတဲ့ ပြဿနာပါ။ Rule of Law နဲ့ Rule by Law ကိုနားလည် ဖို့လိုပါတယ်။ Rule of Law ဆိုတာ လူတိုင်း ဥပဒေအရ အကျိုးသက်ရောက်တာ ၊ Rule by Law က အာဏာရှိသူက ကိုယ်အာဏာတည်ဖို့ ဥပဒေကို လိုသလိုအသုံးချတာ ဖြစ်ပါတယ်။
ပါတီစုံဒီမိုကရေစီစနစ်မှာ ပါတီတွေ အားကောင်းမောင်းသန်ဖို့ အရေးကြီးပါတယ်။ ပါတီတွေများပြီး ပွဲမစည်တာနဲ့ အားကောင်းမောင်းသန်တဲ့ ပါတီအနည်းငယ် အားပြိုင်တာ ဘယ်ဟာက ပိုအကျိုးရှိ စေနိုင် သလဲဆိုတာ စဉ်းစားကြည့်ရုံနဲ့တင် သိနိုင်တဲ့ကိစ္စပါ။ တစ်နိုင်ငံလုံး အတိုင်းအတာ၊ ဒေသအလိုက် အတိုင်းအတာ ခွဲခြားသတ်မှတ်ခဲ့တာတွေဟာ ဒေသအလိုက်အားကောင်းစေမှာ မဟုတ်ဘူးလား။ ဒါတွေဟာ အားလုံးတစ်ပြေးညီဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ ဘယ်ပါတီမို့လို့၊ ဘယ်သူမို့လို့ဆိုတာ ခွင့်ပြု လို့မရတဲ့ ကိစ္စပါ။ Rule of Law အရ လိုက်နာရမယ့် ကိစ္စပါ။
ဒီလိုအခြေအနေမျိုး ၁၉၉၀ ပြည့်နှစ်ကာလ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အစိုးရလက်ထက်မှာ တစ်ခါ ကြုံခဲ့ဖူးပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမဲနိုင်ပြီး စင်ပြိုင်အစိုးရဖွဲ့ဖို့ ကြိုးစားခဲ့တဲ့ ပြဿနာအရ NLD ခေါင်းဆောင်ပိုင်းတွေနဲ့ ကိုယ်စားလှယ်အတော် များများ ဥပဒေအရ ဖမ်းဆီးထိန်းသိမ်း အရေးယူခံရသလို ပြည်ပကိုထွက်ပြေးသွားခဲ့ကြတာတွေ ရှိခဲ့ပါတယ်။ ပြည်တွင်းလှုံ့ဆော်မှုတွေအပြင် ပြည်ပမှာ ဒေါက်တာစိန်ဝင်း ဦးဆောင်ပြီး NCGUB အစိုးရဖွဲ့စည်းမှု ပြုလုပ်ခဲ့တာတွေအရ NLD ဟာ ဖျက်သိမ်းခံရမယ့် အခြေအနေထိ ဖြစ်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ အစိုးရပိုင်းနဲ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ ဥပဒေတွေအရ အတင်းအကျပ်မလုပ်ဘဲ Flexible လုပ်ပေးခဲ့လို့ ပါတီဖျက်သိမ်းခြင်း မခံခဲ့ရသလို အရေးယူမခံရတဲ့ပါတီခေါင်းဆောင်တချို့က ဥပဒေအရ ပြစ်ဒဏ်ကျခံနေသူတွေကို ပါတီက ထုတ် ပယ်ခဲ့ပြီး ပါတီရပ်တည်မှုကိုရှေး ရှုခဲ့တဲ့အတွက် NLD ဆိုတာ ကျန်ရှိနေခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီးနောက်မှာ ပါတီဦးဆောင်မှုကို ပါတီက ထုတ်ပယ်ပြီးသားဖြစ်တဲ့ ဦးကြည်မောင်၊ ဦးတင်ဦးတို့နဲ့အတူပြန် လည်ရယူခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ နဝတဟာ စစ်အစိုးရဆိုပေမယ့် ပါတီဖျက်သိမ်းတာတွေ၊ ကန့်သတ်တာတွေ မလုပ်ခဲ့ဘဲ ခွင့်ပြုပေးခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ထိပ်တိုက်ရင်ဆိုမှု င်ပြဿနာတွေမှာ ပါတီဖျက်သိမ်းနိုင်တဲ့အထိ ဖြစ်စေနိုင်တဲ့ ဥပဒေချိုးဖောက်မှုတွေရှိခဲ့ပေမယ့် ပါတီစုံဒီမိုကရေစီအားကောင်းစေဖို့ အရေးမယူအလျှော့ပေးခဲ့တာ သတိထားကြည့်ရင် သိနိုင်တဲ့ကိစ္စပါ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အသက်ဝင်ပြီး ရွေးကောက်ပွဲအတွက် ပါတီတွေ ပြန်လည်မှတ်ပုံတင်ရာမှာ NLD ဘာလုပ်ခဲ့ပါသလဲ။ ဖျက် သိမ်းလို့ရပေ မယ့် ပါတီစုံအားကောင်းစေဖို့ ဖျက်သိမ်းခြင်းမပြုဘဲ အလျှော့ပေးပြန်ခေါ်ခဲ့တာဟာ ဥပဒေအရ အားနည်း ချက်မဟုတ်ဘဲ ခြွင်းချက်အရ ဆောင်ရွက်ခဲ့တာသာ ဖြစ်ပါတယ်။
ဥပဒေအရတရားမျှတစွာ ကျင့်သုံးမယ်ဆိုရင် ကျန်ပါတီတွေအတိုင်းသာ ဖြစ်ရမှာပါ။ အငြင်းအခုံ ဖြစ်နေတဲ့တရားမျှတမှုဆိုတာ NLD အတွက်ဆိုရင် တစ်မျိုး၊ ကျန်ပါတီတွေအတွက်တစ်မျိုး လုပ်လို့မရပါ။ မြန်မာ့နိုင်ငံရေးကို ထဲထဲဝင်ဝင် လေ့လာမယ်၊ မှန်မှန်ကန်ကန်ရှုမြင် မယ်ဆိုရင် NLD ရဲ့ ဥပဒေမလေးစားမှုတွေကို ထင်ထင်ရှားရှား တွေ့ရမှာဖြစ်ပါတယ်။ NLD အနေနဲ့ Rule of Law ကို လိုက်နာသလား၊ Rule by Law ကို အသုံးချနေသလားဆိုတာ သူအစိုးရဖြစ်တဲ့အချိန်မှာ အသိသာဆုံး ဖြစ်ပါတယ်။ သူမဲမနိုင်နိုင်တဲ့ နေရာတွေကို မဲဆန္ဒနယ်အဖြစ်ကနေ ဖျက်ခဲ့တာ။ နိုင်မယ့်နေရာကို မဲဆန္ဒနယ် နှစ်နယ်အဖြစ် သတ်မှတ်ခဲ့တာ၊ ဒေါ်အောင်ဆန်းစု ကြည်အတွက် သမ္မတအထက်မှာ စီမံနိုင်မယ့်နေရာ ဖန်တီးပေးခဲ့တာ၊ ခေတ်အ ဆက်ဆက် ပြည်ထဲရေးဝန်ကြီး ဌာနအောက်မှာ ဖွဲ့စည်းထားတဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို အစိုးရအဖွဲ့ရုံးအောက် ပြောင်းရွှေ့ခဲ့တာ၊ ၂၀၂၀ ရွေးကောက်ပွဲမှာ ဥပဒေအရ ရွေးကောက်ပွဲကော်မရှင်ရဲ့ အဆုံးအဖြတ်သာ အတည်ဆိုတဲ့ အချက်ကို အသေကိုင်စွဲပြီး မဲမသမာမှု ပြုလုပ်ခဲ့တာတွေဟာ Rule by Law တွေပါပဲ။
NLD ရပ်တည်ချက်နဲ့ပတ်သက်လို့ ခွင့်လွှတ်ပေးခဲ့တာ အကြိမ်ကြိမ်ရှိခဲ့ပါပြီ။ ဒီတစ်ကြိမ်သာ ထပ်မံခွင့်လွှတ်ပေးလိုက်ရင် စနစ်အပေါ်အခြေခံတဲ့ ဒီမိုကရေစီ ဖြစ်လာစရာမရှိဘဲ နောက်ပြန်ရောက်သွားစရာ ရှိပါတယ်။ ပြဿနာတစ်ခုကို ဖြေရှင်းရာမှာ ညှိနှိုင်းဆွေးနွေးမှု၊ ဥပဒေအရ လိုက်နာမှုတွေထက် ထိပ်တိုက် ရင်ဆိုင်တဲ့ အကျင့် NLD မှာ စွဲလာတာကလည်း ဒီခွင့်လွှတ်ပေးခဲ့ တာတွေကြောင့်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံ အသီးသီးမှာလည်း ဒီလိုပြဿနာတွေရှိခဲ့ပေမယ့် ဥပဒေထက် ကျော်လွန်စွာ ခွင့်ပြုမှုဆိုတာ မရှိသလောက်ပါ။ ပါတီဖျက်လိုက်တာဟာ နိုင်ငံရေးကန့်သတ်တာ မဟုတ်ပါ။ သူ့ဥပဒေအရ မလိုက်နာလို့ ဥပဒေအရ ဆုံးဖြတ်တာသာ ဖြစ်ပါတယ်။ ဒီပါတီပျက်သွားပေမယ့် ဒီလူတွေနဲ့ နောက်တစ်ပါတီထပ် ထောင်လို့ ရတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုက်ရင် နောက်တစ်ပါတီထောင်လည်း ထောက်ခံကြ မှာပါပဲ။ သို့သော် NLD က လူတွေအားလုံး ပါချင်မှပါတော့မှာ ဖြစ်ပါတယ်။ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်ကို မှီနေရတဲ့သူတွေ အတွက်ကတော့ လမ်းစပျောက်သွားနိုင်တဲ့အတွက် ကြိုက်ချင်မှ ကြိုက်ကြ မှာပါ။
စနစ်ကိုသွားနေတဲ့အတွက် စနစ်ကိုယုံကြည်မှုရှိအောင် ဥပဒေအရ လုပ်သင့်တာ လုပ်ရမှာဖြစ်ပါတယ်။ စနစ်ခိုင်မာစွာ မဖြစ်သေးသရွေ့ ဥပဒေအရ တင်းကျပ်မှုက အရေးကြီးပါတယ်။ သို့သော် စနစ်ကိုအထောက်အကူပြုမယ့် လုပ်သင့်တဲ့ခြွင်းချက်နဲ့ ဖြေလျှော့မှုအတွက်တော့ လက်ခံရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် ၂၀၂၅ ရွေးကောက်ပွဲမတိုင်မီမှာ ပါတီတွေ ရှင်သန်စေဖို့ ဥပဒေအရ သတ်မှတ်ထား တဲ့ရုံးခန်းအရေအတွက်နဲ့ ပါတီဝင်အင်အားတွေ မပြည့်မီနိုင်တဲ့ အခြေအနေမှာ ဖြေလျှော့ပေးခဲ့တာ တွေ့ ရမှာဖြစ်ပါတယ်။ အဲဒီအချိန်မှာ လူအရေ အတွက် ရုံးခန်းအရေအတွက် ပြည့်မီရုံမကကျော်လွန်နေတဲ့ ပါတီကြီးတွေရှိနေပေမယ့် သီးခြားရပ်တည်ပြီး ပါတီဖွံ့ဖြိုးလာအောင် ဆောင်ရွက်လိုတဲ့ ပါတီတွေအတွက် ဖြေလျှော့ပေးတာ စနစ်ကို ပံ့ပိုးရာရောက်ပါတယ်။ မှတ်ပုံပြန်မတင်တဲ့ ကိစ္စကတော့ ခွင့်လွှတ်ပေး လို့မရတဲ့ကိစ္စပါ။ ဘယ်အထိ၊ ဘယ်အတိုင်းအတာအထိ ခွင့်လွှတ်ပေးနေရဦးမှာလဲ။
စနစ်ကို အထောက်အကူပြုဖို့ ထိုက်သင့်သလောက် ဖြေလျှော့ပေးတာ လက်ခံလို့ရပေမယ့် စနစ်ကို အထောက်အကူမပြုရင် ကန့်လန့်တိုက်နေရင် ဘယ်သူဖြစ်ဖြစ်၊ ဘာကြီးဖြစ်ဖြစ် ခွင့်လွှတ်ဖို့ မသင့်ပါ။ ဥပဒေကို လိုက်နာဖို့ ထိုက်သင့်တဲ့ တင်းကျပ်မှုက ရှိကိုရှိရမှာ ဖြစ်သလို ပညာပေးသဘောတရား နည်းလမ်းနဲ့လည်း အကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်။ ဥပဒေအရ တင်းကျပ်စွာ (Enforcement) ကိုင် တွယ်လွန်းရင် အကြောက်တရားကိုအခြေခံတဲ့ စနစ်ကိုဦးတည်သွားနိုင်မှာ မှန်ပေမယ့် Enforcement မပါဘဲ ပညာပေးသဘောတရား နည်းလမ်းသက်သက်ကိုသာသုံးရင် စနစ်လျော့ရိလျော့ရဲ ဖရိုဖရဲ (Disorder) ဖြစ်မှာ သေချာတယ်။ Disorder မဖြစ်စေဖို့ လုပ်သင့်တဲ့အလုပ်ကို လုပ်ရမှာဖြစ်ပါတယ်။ Freedom From Fear ကို များများအသုံးချလေ တိုင်းပြည် Disorder ဖြစ်လေ ဖြစ်မှာဖြစ်တဲ့အတွက် ညီညွတ်မျှတစွာ ဥပဒေကို တင်းကျပ်ရမှာ ဖြစ်ပါတယ်။ ဇော်နိုင်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )