Breaking

မြန်မာနိုင်ငံသားတွေ အကူအညီ လိုအပ်လာရင် ကျေးဇူးပြုလို့ ဘာကိုမျှ နောက်ဆံတင်းစရာမလိုပါဘဲ အချိန်မရွေး သံရုံးကို ဆက်သွယ်ကြပါ . . . ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးနှင့် တွေ့ဆုံခြင်း

၂၀၂၆ ၊ ဇူလိုင် ၂၃

 ထိုင်းနိုင်ငံအခြေစိုက် Ambassador World မဂ္ဂဇင်းဟာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးနဲ့ တွေ့ဆုံမေးမြန်းခဲ့ရာမှာ သံအမတ်ကြီးက နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၊ စီးပွားရေးအခွင့်အလမ်းတွေ၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု အခြေအနေတွေနဲ့ပတ် သက်လို့ သူ့ကိုယ်ပိုင် အတွေးအမြင်တွေကို မျှဝေခဲ့သလို ဒေသတွင်း ချိတ်ဆက်ဆောင်ရွက်မှုတွေအကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။

AW ။ ။ အရင်ဆုံးအနေနဲ့ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ရင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအနေနဲ့ ရယူထားတဲ့ လုပ်ငန်းတာဝန်တွေအကြောင်းကို ရှင်းပြပေးနိုင်မလားရှင့်။

UZZS ။ ။ Ambassador World မဂ္ဂဇင်းရဲ့ စာဖတ်သူတွေနဲ့ ချိတ်ဆက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်က ဇော်ဇော်စိုးပါ။ မြန်မာနိုင်ငံက အထူးအာဏာကုန် အပ်နှင်းခံထားရတဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ အဓိကလုပ်ငန်းတာ ဝန်ကတော့ ကျွန်တော်တို့ နှစ်နိုင်ငံကြားမှာ နက်နက်ရှိုင်းရှိုင်း တည်ရှိနေတဲ့ သမိုင်းဝင် ဆက်ဆံရေးတွေ၊ အပြန်အလှန်လေစားမှုတွေ၊ မဟာဗျူဟာမြောက် လက်တွဲဆောင်ရွက်မှုတွေကို ပိုမိုအားကောင်းလာအောင် ဆောင်ရွက်ဖို့ပါပဲ။ ကျွန်တော်တို့ဟာ အပြန်အလှန် ကုန်သွယ်မှုတွေ အဆင်ပြေအောင် တက်တက်ကြွကြွ လုပ်ဆောင်ရင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အားပေးရင်း၊ ယဉ်ကျေးမှု ဖလှယ်တာတွေကို မြှင့်တင်ရင်း အဲဒီရည်မှန်းချက်ကို ပြီးမြောက် အောင်မြင်စေခဲ့ပါတယ်။ အဲဒီလိုမျိုး သံတမန်ရေး လုပ်ငန်းတာဝန် တွေနဲ့တန်းတူ ကျွန်တော်တို့ သံရုံးရဲ့ အရေးကြီးတဲ့ နောက်ထပ် လုပ်ငန်းစဉ်တစ်ခုကတော့ ထိုင်းနိုင်ငံမှာ နေထိုင်အလုပ်လုပ်ကိုင်နေကြတဲ့  ငါးသန်းနီးပါး မြန်မာနိုင်ငံသားများရဲ့ ကောင်းကျိုးနဲ့ အကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက်ပေးမယ့် ခံယူချက်ကို မပျက်မကွက် အကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းမှာ သူတို့နဲ့ ထိုက်တန်တဲ့ ဥပဒေရေးရာ အကာအကွယ်တွေ၊ အထောက်အပံ့တွေ လက်ခံရရှိနေဖို့ လိုအပ်ပါတယ်။

AW ။ ။ မြန်မာနဲ့ထိုင်းတို့ကြား ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ရာမှာ သံအမတ်ကြီးရဲ့ ဦးစားပေး အကြောင်းအရာတွေက ဘာတွေပါလဲ။

UZZS ။ ။ ကျွန်တော်တို့ နှစ်နိုင်ငံကြားမှာ နက်ရှိုင်းတဲ့သမိုင်းကြောင်း ဆက်နွှယ်မှုတွေနဲ့ ရှည်လျားတဲ့ နယ်စပ်ထိစပ်မှုတွေ ရှိနေပါတယ်။ ဒီတော့ နှစ်ဖက်လုံးရဲ့ သာယာဝပြော တိုးတက်ရေးမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးက သိပ်ကိုအရေးကြီးနေပါတယ်။ ကျွန်တော့်ရဲ့ အဓိက ဦးစားပေးမှုကတော့ စီးပွားရေးနဲ့ကုန်သွယ်မှု အဓွန့်ရှည်ရေးတွေမှာ အားပေးမြှင့်တင်ဖို့ ဖြစ်ပါတယ်။ အဲဒီကဏ္ဍနှစ်ခုဟာ နယ်စပ်ဒေသတွေ တည်ငြိမ်ရေးနဲ့လည်း ဆက်နွှယ်နေပါတယ်။ အဲဒီအပိုင်းတွေမှာ အခက်အခဲတွေ ရှိလာတာနဲ့ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးချောမွေ့စေဖို့နဲ့ တရားဝင်အခွန်ဆောင်မထားတဲ့ ကုန်စည်စီးဆင်းမှုတွေကို လျှော့ချဖို့စတဲ့ ကျွန်တော်တို့ရဲ့ အားထုတ်မှုတွေကို နှောင့်နှေးထိခိုက်လာစေနိုင်ပါ တယ်။ နောက်ထပ် ဦးစားပေးကဏ္ဍကတော့ ခရီးသွားလုပ်ငန်းနဲ့ ပေါင်းကူးဆက်ဆံရေးတွေ ဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းဆိုတာက အပန်းဖြေဖို့ သက်သက်ဆိုတဲ့ အဓိပ္ပာယ်ထက် ပိုလာပါပြီ။ ပြည်သူတွေ အချင်းချင်း ထိတွေ့ဆက်ဆံမှုတွေကို ဖန်တီးပေးဖို့ ပေါင်းကူးပစ္စည်း ဖြစ်လာသလို စီးပွားရေးအခွင့်အလမ်းသစ်တွေကိုလည်း ပေါ်ထွန်းလာစေပါတယ်။ ပေါင်းကူးဆက်ဆံရေးနဲ့ ပတ်သက်တဲ့ အပိုင်းမှာတော့ မကြာသေးခင်က ကျွန်တော်တို့ဟာအရေးပါတဲ့ မှတ်တိုင်သစ်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါတယ်။ မေ ၃၀ ကနေ ဇွန်လ ၃ ရက်ထိ အတောအတွင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ အိန္ဒိယနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့ပါတယ်။ အဲဒီခရီးစဉ်အတောအတွင်း အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီဟာ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံဖြတ်ကျော် အဝေးပြေးလမ်းစီမံကိန်း ရှေ့ဆက်အကောင် အထည်ဖော်ရေးနဲ့ မြန်မာနိုင်ငံကို ဖြတ်ပြီး နယ်စပ်ကုန်သွယ်မှု မြှင့်တင်နိုင်ရေးတွေကို မြန်မာအစိုးရနဲ့ တက်တက်ကြွကြွ ဆွေးနွေးခဲ့ပါတယ်။ ဒါဟာ အိန္ဒိယနဲ့ ထိုင်းတို့ကြား ပေါင်းကူး ချိတ်ဆက်ပေးနိုင်မယ့် အဓိပ္ပာယ်လည်း ဖြစ်ပါတယ်။ အဲဒီကွန်ရက်ကို ချဲ့ထွင်လာခြင်းက အိန္ဒိယနဲ့ထိုင်းတို့ရဲ့ မဟာဗျူဟာ အကျိုးစီးပွားကိုတိုက်ရိုက် အားပေးမြှင့်တင်ပေးနိုင်သလို မြန်မာဘက်ကလည်း စီမံကိန်းဆက်လက်တိုး တက်စေရေးအတွက် အပြည့်အ၀ အာရုံစိုက်ထားဆဲ ဖြစ်ပါတယ်။ ဒီလို အတွေးအမြင်မျိုးကပဲ ကျွန်တော်တို့ရဲ့ ဒေသတွင်း ပေါင်းကူးဆက်နွှယ်မှု အနာဂတ် အလား အလာတွေကို ထင်ဟပ်စေပါတယ်။

 ထိုင်း-မြန်မာ ဆက်ဆံရေးမှာ အလုပ်သမားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ အထူးသဖြင့် မြန်မာ အလုပ်သမားတွေနဲ့ပတ်သက်တဲ့ကိစ္စကလည်း အဓိကအာ ရုံစိုက်ရမယ့် ကိစ္စတစ်ခု ဖြစ်နေပါတယ်။ ကျွန်တော်တို့ အစိုးရရော၊ သံရုံးကပါ မြန်မာနိုင်ငံသားတွေအနေနဲ့ တရားဝင်တဲ့၊ ဘေးကင်းတဲ့၊ နှစ်ဦးနှစ်ဖက်အကျိုးရှိစေမယ့် လမ်းကြောင်းတွေကနေ ထိုင်းနိုင်ငံမှာ အလုပ်အကိုင်ရှာဖွေကြဖို့ တက်တက်ကြွကြွ တွန်းအားပေးနေတာ ဖြစ်ပါတယ်။ မြန်မာအလုပ်သမားတွေဟာ အင်မတန် လိုက်လျောညီထွေ နေထိုင်တတ်တဲ့ အရည်အချင်းမျိုးရှိပြီး အဲဒါကြောင့်လည်း သူတို့ရဲ့ ကျွမ်းကျင်ပိုင်နိုင်တဲ့ အလုပ်ခွင်တွေမှာ အကောင်းဆုံး စွမ်းဆောင်နိုင်ကြပါတယ်။ ထိုင်းရဲ့ ပညာရေးစနစ်ထဲမှာသာ ထည့်သွင်း ပေါင်းစပ်မှုရှိလာရင် အဲဒီအရည်အသွေးက အကြီးအကျယ် တိုးတက်လာနိုင်ပါသေးတယ်။ တကယ်ဆိုရင် တခြားနိုင်ငံတွေနဲ့ ယှဉ်ကြည့်တဲ့အခါ ကျွန်တော်တို့ နိုင်ငံရဲ့ လူငယ်ထုထဲက အစိတ်အပိုင်းတစ်ရပ်ဟာ ထိုင်းနိုင်ငံမှာ ပညာသင်ယူနေကြပါတယ်။ အကျိုးဆက်အနေနဲ့ နောက်ထပ် သုံးနှစ်ကနေ ငါးနှစ်လောက်အတွင်း ထိုင်းလူ့ အဖွဲ့အစည်းထဲမှာ လုပ်ငန်းကျွမ်းကျင်တဲ့ မြန်မာလူငယ်တွေ တက်တက်ကြွကြွ ပိုမို နေရာယူလာတာကို တွေ့မြင်ရမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ပြီးတော့ ပြည်သူအချင်းချင်း ထိတွေ့ ဆက်ဆံမှုဆိုတာက ကျွန်တော်တို့ နှစ်နိုင်ငံကြား အပြန်အလှန်ဆက်ဆံမှုရဲ့ အခြေခံအုတ်မြစ်လည်း ဖြစ်ပါတယ်။ ထိုင်းမှာ မြန်မာအများအပြား နေထိုင်နေ၊ အလုပ်လုပ်နေကြတဲ့အတွက် ပြည်သူအချင်းချင်း အပြန်အလှန် သိကျွမ်းနားလည်မှုက ပိုပြီးနက်ရှိုင်းလာပါတယ်။ အချိန်တွေ ကြာလာတာနဲ့အမျှ မြန်မာတွေကလည်း သူတို့ဟာ ထိုင်းပြည်သူတွေ ယုံကြည်ထိုက်တဲ့ မိတ်ဖက်ကောင်းတွေဆိုတာကို သက်သေပြလာခဲ့ပြီး ကိုယ်ပိုင်အနာဂတ်ကို ကာကွယ်စောင့်ရှောက်နေရင်း ထိုင်းလူ့အဖွဲ့အစည်းရဲ့ ကောင်းကျိုးအတွက် ပါဝင်ကူညီပေးနေပါတယ်။

 တစ်ဖက်မှာလည်း များပြားတဲ့ လူဦးရေကြောင့် တစ်ချိန်ချိန်မှာတော့ စိန်ခေါ်မှုတွေကို အခါအားလျော်စွာ မလွဲမသွေ ကြုံလာရမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းရဲ့ ဥပဒေတွေကို တိတိကျကျ လေးစားလိုက်နာဖို့ အမြဲမပြတ်သတိပေးနေ၊ တိုက်တွန်းနေမှာ ဖြစ်ပါတယ်။ အခုလို သဟဇာတဖြစ်တဲ့ ပူးပေါင်းဆောင်ရွက်ရေး စိတ်ဓာတ်မျိုးကို တော်ဝင်ထိုင်းအစိုးရကလည်း မကြာသေးခင်မှာဘဲ အသိအမှတ် ပြုထားခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်လတုန်းက ထိုင်းတရားရေးရာဝန်ကြီးဌာနက ချီးမြှင့်တဲ့ ဂုဏ်ပြုဆုတစ်ခုကို ကျွန်တော်က ဂုဏ်ယူစွာနဲ့ လက်ခံယူခွင့်ရခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ ဥပဒေအောက်မှ ထူးကဲကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုးအတွက် ချီးမြှင့်တဲ့ဆုကို ရရှိခဲ့တဲ့ သံရုံးသုံး ခုပဲရှိပြီး ကျွန်တော်တို့ မြန်မာသံရုံးက တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အခမ်းအနားမှာ ထိုင်းဝန်ကြီးချုပ် ကိုယ်တိုင်က ဆုပေးအပ်ခဲ့ပြီး သံရုံးကိုယ်စားကျွန်တော်က ဂုဏ်ယူစွာနဲ့ လက်ခံယူခဲ့ပါတယ်။ 

AW ။ ။ မြန်မာနိုင်ငံမှာ ထိုင်းရဲ့ ရင်းနှီးမြှုပ်နှံသူတွေနဲ့ စီးပွားရေးအသိုက်အဝန်းအတွက် အလားအလာကောင်းတွေက ဘယ်ကဏ္ဍတွေမှာ ရှိနိုင်သလဲ။

UZZS ။ ။ မြန်မာနိုင်ငံရဲ့ စုံလင်ကွဲပြားတဲ့ စီးပွားရေးအခွင့်အလမ်းတွေကို လာရောက်စူးစမ်းကြည့်ပါလို့ ကျွန်တော်တို့ရဲ့ အိမ်နီးချင်း ထိုင်းမိတ်ဆွေတွေကို နွေးထွေးစွာ ဖိတ်ခေါ်ချင်ပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်ကနေ ငါးနှစ်အတွင်း ကာလတွေကို နောက်ကြောင်းပြန်ကြည့်ရင် မကြုံစဖူး ပြင်းထန်တဲ့ စိန်ခေါ်မှုတွေကို ကြုံတွေ့ခဲ့ရတာကို မြင်ရမှာပါ။ ကိုဗစ်ကပ်ရောဂါနဲ့ ဒေသတွင်း လက်နက်ကိုင်ပဋိပက္ခလို အခြေအနေတွေပါ။ ဒီလိုတွေ ဖြစ်ခဲ့ပေမယ့်လည်း မဟာဗျူဟာ အားသာချက် သုံးခုကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေး အလားအလာတွေဟာ ဆက်ပြီး ကြံ့ကြံ့ခံနိုင်စွမ်း ရှိနေသလို နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုတွေအတွက် ဆွဲဆောင်မှုရှိတဲ့ ဦးတည်ရာတစ်ခု ဖြစ်နေဆဲပါပဲ။ ပထမအချက်က ကျွန်တော်တို့ရဲ့ သဘာ၀ သယံဇာတ ပေါကြွယ်ဝမှုပါ။ မြန်မာနိုင်ငံမှာ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့သိုက်တွေ ကြွယ်ကြွယ်၀၀ ရှိနေသလို အဖိုးတန် ကျောက်မျက်ရတနာတွေလည်း ထွက်ရှိပါတယ်။ ဒုတိယအချက်က ကျွန်တော်တို့ရဲ့ နိုးကြားပြီး ငယ်ရွယ်တဲ့ လူမှုပထဝီဝင် အခြေအနေပါပဲ။ ဖွံ့ဖြိုးဆဲ စက်မှုလုပ်ငန်းတွေအတွက် စွမ်းဆောင်ရည် မြင့်မားတဲ့ လုပ်အားရင်းမြစ်မျိုးကို ထောက်ပံ့ပေးနိုင်ပါတယ်။ တတိယအချက်က ကျွန်တော်တို့ရဲ့ ပထဝီဝင် အနေအထား တည်နေရာ ဖြစ်ပါတယ်။ တရုတ်နဲ့ အိန္ဒိယတို့ကြားမှာ ပေါင်းကူးတံတား တစ်ခုလို မဟာဗျူဟာမြောက် တည်ရှိနေတဲ့ မြန်မာနိုင်ငံဟာ အဲဒီ ဧရာမ ဈေးကွက်ကြီးနှစ်ခုနဲ့ အရှေ့တောင်အာရှ နိုင်ငံများအအသင်း (အာဆီယံ)ကို ချိတ်ဆက်ပေးတဲ့ ဝင်ပေါက် တစ်ခုလည်း ဖြစ်နေပါတယ်။ အဲဒီလိုမျိုး ပမာဏကြီးမားလှတဲ့ အလားအလာကောင်းတွေကို လက်တွေ့ဖွင့်လှစ်နိုင်ရေးမှာ ကျွန်တော်တို့နဲ့အတူ လက်တွဲအလုပ်လုပ်ပါလို့ ထိုင်းစီးပွားရေး လုပ်ငန်းတွေကို ဖိတ်ခေါ်ချင်ပါတယ်။ မြန်မာနိုင်ငံဟာ အခွင့်အလမ်းအသစ်နဲ့ အလားအလာကောင်းလေးခုကို ပိုင်ဆိုင်ထားပါတယ်။ ပထမတစ်ခုက စိုက်ပျိုးရေးနဲ့ စားသောက်ကုန် ထုတ်လုပ်ရေးကဏ္ဍဖြစ်ပြီး နိုင်ငံရဲ့အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း (SME)နဲ့ အရမ်းနီးနီးကပ်ကပ် ချိတ်ဆက်နေပါတယ်။ SME တွေဟာ ကျွန်တော်တို့ရဲ့ ပြည်တွင်းစီးပွားရေးမှာ အဓိက ကျောရိုးဒေါက်တိုင်လိုမျိုး ရပ်တည်နေပြီး နိုင်ငံအနှံ့က အိမ်ထောင်စုတွေရဲ့ အဓိကဝင်ငွေကို ထောက်ပံ့ပေးနေသလို အလုပ်အကိုင်တွေလည်း ဖန်တီးပေးနေပါတယ်။ ဒါကို သဘောပေါက်ထားတဲ့အတွက်လည်း ကျွန်တော်တို့ရဲ့ အစိုးရဟာ SME တွေ ဖွံ့ဖြိုးတိုးတက်ရေးကို အမျိုးသားစီးပွားရေးဖွံ့ဖြိုးမှု မဟာဗျူဟာမှာ ရှေ့တန်းတင်ထားပါတယ်။ စိုက်ပျိုးမွေးမြူရေး၊ ဓာတ်မြေသြဇာ ထုတ်လုပ်မှု၊ အရည်အသွေး မြင့် စိုက်ပျိုးရေး ထုတ်ကုန်တွေကို ထိုင်းလိုမျိုးဒေသတွင်း ဈေးကွက်တွေဆီ တင်ပို့နိုင်ဖို့လိုအပ်တဲ့ တန်ဖိုးမြှင့် ကုန်ထုတ်လုပ်မှုမျိုးတွေမှာ အခုအစီအမံတွေကို သေချာပေါင်းစပ်ပေးခဲ့ပါတယ်။ 

 ဒုတိယ အလားအလာကတော့ ပြည့်မြဲစွမ်းအင်နဲ့ အခြေခံအဆောက်အအုံကဏ္ဍတွေမှာ ဖြစ်ပါတယ်။ မြန်မာဟာ သန့်စင်စွမ်းအင် သုံးစွဲမှုတွေဆီ ပိုမိုကူးပြောင်းနိုင်အောင် တရွေ့ရွေ့ ကြိုးစားနေပါတယ်။ နေရောင်ခြည်စွမ်းအင်နဲ့ တခြား သန့်စင်စွမ်းအင် ထုတ်ယူသုံးစွဲမှုတွေအပေါ် အာရုံစိုက်နေပါတယ်။ နေစွမ်းအင်နဲ့ တခြားစွမ်းအင်ရင်းမြစ် ပြောင်းလဲအသုံးပြုရေး နည်းလမ်းတွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ကျွန်တော်တို့က ဖော်ရွေစွာနဲ့ ဖိတ်ခေါ်ချင်ပါတယ်။ ဒီလိုပြောင်းလဲမှုဟာ စီးပွားရေး အစဉ်တစိုက် တိုးတက်မှုတစ်ခုတည်းအတွက်တင် မဟုတ်ဘဲ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ဖို့ အတွက်လည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့အစိုးရဟာ အဲဒီကဏ္ဍမှာ  ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာစေရေးအတွက် တက်ကြွစွာ တိုက်တွန်း နှိုးဆော်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ တိုးတက်လာနေတဲ့ ကုန်ထုတ်လုပ်မှုဆိုင်ရာ တောင်းဆိုမှုတွေကို စွမ်းအင်ဖြည့်တင်းပေးမယ့် အဲဒီအပိုင်းမှာ အခွင့်အလမ်းကောင်းတွေ စူးစမ်းရှာဖွေဖို့ ထိုင်းရင်းနှီးမြှုပ်နှံသူတွေကို ကျွန်တော်တို့ နွေးထွေးစွာ ဖိတ်ခေါ်ချင်ပါတယ်။

 တတိယကဏ္ဍကတော့ အထည်ချုပ် လုပ်ငန်းတွေပါ။ ရန်ကုန်တိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ကရင် ပြည်နယ်၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတို့ အပါအဝင် မြန်မာရဲ့ လူဦးရေ အထူထပ်ဆုံး ဒေသတွေဟာ စွမ်းဆောင်ရည်ကောင်းမွန်တဲ့ လုပ်အားရင်းမြစ်ကို ထောက်ပံ့ပေးနိုင်ပါတယ်။ သမိုင်းကြောင်းအရ ကျွန်တော်တို့ရဲ့ အလုပ်သမား အရင်းအမြစ်ဆီက အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်၊ အထူးသဖြင့် ငယ်ရွယ်တဲ့ အမျိုး သမီးတွေဟာ အထည်ချုပ် လုပ်ငန်းခွင်ဆိုင်ရာ အတွေ့အကြုံကောင်းတွေ အများကြီး ရှိနေကြပါတယ်။ ကျွန်တော်တို့ရဲ့ အလုပ်သမားအရင်းအမြစ် အင်အားစုထဲမှာ အတတ်မြန်သူတွေလည်း ပါဝင်ပါတယ်။ သူတို့တွေက အထည်ချုပ်လုပ်ငန်းနဲ့ ပတ်သက်တဲ့ ရှုပ်ထွေးတဲ့ လုပ်နည်းလုပ်ဟန်တွေကို အကျွမ်းတဝင် ရှိနေကြပါတယ်။ ဒီတော့ အဲဒီလုပ်ငန်း နယ်ပယ်ဟာ အိမ်ထောင်စုတွေရဲ့ ဝင်ငွေရ ပေါက်ရလမ်း ဖြစ်သလို အမျိုးသမီးတွေရဲ့ စွမ်းဆောင် ရည်ပိုင်းမြှင့်တင်ဖို့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကြီးမားတဲ့ ကုန်ထုတ်အခွင့်အလမ်းတွေရှိနေပြီး ထိုင်းစီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ လာရောက်စူးစမ်းရှာဖွေကြပါလို့ ကျွန်တော်က နွေးထွေးစွာ ဖိတ်ခေါ်ချင်ပါတယ်။

 နောက်ပြီး စတုတ္ထအလားအလာဖြစ်တဲ့ ကျွန်တော်တို့ရဲ့ အထူးစီးပွားရေးဇုန် (SEZ)တွေကလည်းပဲ ထူးကဲလှတဲ့ အခွင့်အလမ်းကောင်းတွေကို ပေးစွမ်းနိုင်ပါတယ်။ အထူးသဖြင့် ရန်ကုန်နားမှာရှိတဲ့ သီလဝါ SEZ မှာဆိုရင် ထိုင်းဟာ ကျွန်တော်တို့ရဲ့ အကြီးမားဆုံးပြည်ပ ရင်းနှီးမြှုပ်နှံသူတွေထဲမှာ အပါအဝင်အဖြစ် ရပ်တည်နေပြီးသားပါ။ ကျွန်တော်တို့ဟာ ထားဝယ် SEZ ရဲ့ စီမံကိန်းတွေ ပြန်စဖို့လည်း အားထုတ်လုပ်ဆောင်နေပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်က ထိုင်း-မြန်မာ ဖက်စပ်စီမံကိန်းအဖြစ် စတင်ခဲ့ပေမယ့် အဲဒီ SEZ ဟာ နှောင့်နှေးမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ အခုတော့ ရုရှားက ဖွံ့ဖြိုးရေးဆိုင်ရာ အဓိကမိတ်ဖက်အဖြစ် ပါဝင်လာခြင်းနဲ့အတူ အဲဒီစီမံကိန်းကို ပြန်လည်စတင်နေပါပြီ။ အဲဒီကြီးမားတဲ့ စီမံကိန်းရပ်ဝန်း ကြီးမှာ ထိုင်းရင်းနှီးမြှုပ်နှံသူတွေ ပါဝင်လာဖို့ ကြိုဆိုပါတယ်။ အဲဒီစီမံကိန်းမှာပါတဲ့ ရေနက်ဆိပ်ကမ်းမျိုး ဖွင့်လှစ်လိုက်ခြင်းဟာ ကြီးမားကျယ်ဝန်းတဲ့ စက်မှုနဲ့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခွင့်အလမ်းတွေကို ယူဆောင်လာပေးမှာပါ။ သိပ်မကြာခင် ကာလမှာ ထိုင်းရဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ ထားဝယ်မှာ သူတို့ရဲ့ ငွေလုံးငွေရင်းမြှုပ်နှံမှုကို မြန်မာ့လုပ်သားအင်အားနဲ့ ပေါင်းစည်းစေတာမျိုး ပြန်မြင်ရဖို့ ကျွန်တော် အလေးအနက် မျှော်လင့်ထားပါတယ်။ ကျွမ်းကျင်မြန်မာလုပ်သားတွေဟာ ထိုင်းစီးပွားရေးလုပ်ငန်းတွေ နဲ့လည်း အရမ်းအစပ်အဟပ် တည့်တယ်ဆိုတာကို ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်ကိုင်ရင်းပြသနေတဲ့ သူတို့ရဲ့ ပရော်ဖက်ရှင်နယ် အတွေ့အကြုံတွေအရ သိ နိုင်ပါတယ်။ ဒီတော့ ထိုင်းရဲ့ ရင်းနှီးမြှုပ်နှံသူတွေက ရေနက်ဆိပ်ကမ်းနဲ့ ဆက်စပ်စက်မှုဇုန်တွေအတွက် လေ့လာဆန်းစစ်ရင်း ထိုင်းရောက် မြန်မာလုပ်သား အင်အားစုတွေကို ပြန်လည်ခေါ်ဆောင်လာပြီး အတွေ့အကြုံပြည့်ဝတဲ့ မြန်မာ့လုပ်သားအင်အားစုနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကျွန် တော်တို့ အလေးအနက် တိုက်တွန်းချင်ပါတယ်။

AW ။ ။ ကုန်သွယ်ရေးနဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေက အနာဂတ်မှာ ဘယ်လို တိုးတက်ကြီးထွားလာနိုင်ပါသလဲ။

UZZS ။ ။ ကျွန်တော်တို့ရဲ့ စီးပွားရေးဆိုင်ရာ ဆက်ဆံရေးအနာဂတ်ဟာ ပြိုင်ဆိုင်ခြင်းထက် အပြန်အလှန် ပေါင်းစည်းခြင်းအပေါ်မှာ တည်မှီနေပါတယ်။ ကုန်သွယ်ရေးမှာဆိုရင် ကျွန်တော်တို့ဟာ နယ်စပ်ကုန်သွယ်ရေးရဲ့ ရှိရင်းစွဲ ပမာဏကို တရားဝင်အောင် သတ်မှတ်မှုတွေ ရှေ့ဆက်လုပ်ဆောင်ရပါမယ်။ အစိုးရ အချင်းချင်းကြားမှာ ပွင့်လင်းမြင်သာတဲ့ လုပ်ထုံးလုပ်နည်းတွေ ထားရှိရပါမယ်။ ဥပမာအားဖြင့် စိုက်ပျိုးရေးလုပ်ငန်း အဖျက်ပိုး အန္တရာယ်ဆန်းစစ်မှုလို လုပ်ထုံးလုပ်နည်းတွေဟာ စိုက်ပျိုးရေးထွက် ကုန်တွေတင်ပို့မှုမှာ အထူးလိုအပ်ပါတယ်။ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်လို့ နှစ်နိုင်ငံပူးပေါင်း ပြီး ပုံရိပ်မြှင့်တင်တာ၊ နှစ်နိုင်ငံလည်ပတ်ဖို့ ပူးတွဲခရီးစဉ်တွေ စီစဉ်ရောင်းချတာ တွေလုပ်ဆောင်ခြင်းအားဖြင့် ဘန်ကောက်ကိုလာရောက် လည်ပတ်သူတွေဟာ သူတို့ရဲ့ လည်ပတ်မှုကို မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု ရပ်ဝန်းတွေဆီပါ ချဲ့ထွင်နိုင်ပါလိမ့်မယ်။ ဒါဟာ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းကနေ နှစ်နိုင်ငံလုံး ဝင်ငွေတိုးပွားစေမယ့် နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ အခြေအနေတစ်ခုပါပဲ။

AW ။ ။ ရန်ကုန်မြို့ရယ်၊ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု နယ်မြေတွေရယ်က ထိုင်းခရီးသွား ဧည့်သည်တွေအတွက် ဘယ်လို ဆွဲဆောင်နိုင်ပါသလဲ။

UZZS ။ ။ ထိုင်းနဲ့ မြန်မာပြည်သူတွေဟာ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ နက်ရှိုင်းတဲ့ ပတ်သက်ဆက်နွှယ်မှုတွေ ရှိနေပါတယ်။ နှစ်နိုင်ငံလုံးဟာ ထေရဝါဒ ဗုဒ္ဓဘာသာကို အဓိက သက်ဝင်ယုံကြည်ပြီး အစဉ်အလာ စံတန်ဖိုးတွေကိုလည်း မျှဝေထားကြပါတယ်။ ဒါကြောင့်လည်း ထိုင်းခရီးသွား ဧည့်သည်တွေဟာ မြန်မာရဲ့ မြို့တော်ဟောင်း ရန်ကုန်နဲ့ အရမ်းအကျွမ်းတဝင် ရှိကြတာပါ။ ရန်ကုန်မှာ ထူးကဲထင်ရှား သပ္ပာယ်လှတဲ့ ရွှေတိဂုံစေတီတော်၊ ဆုတောင်းပြည့် ဗိုလ်တထောင်ဘိုးဘိုးကြီး နတ်ကွန်းနဲ့ အံ့ချီးစရာ ကိုလိုနီခေတ်အဆောက်အအုံတွေ တည်ရှိနေပါတယ်။ အဲဒီနေရာ အားလုံးဟာ ထိုင်းခရီးသွား ဧည့်သည် တွေရဲ့ စိတ်နှလုံးထဲမှာ တကယ့်ကို အထင်ကရ စွဲကျန်စေမှာပါ။ ရန်ကုန်ကနေ ထွက်လာမယ် ဆိုရင် ကမ္ဘောဇသာဒီ နန်းတော်ရာ တည်ရှိတဲ့ သမိုင်းဝင် ပဲခူးမြို့က အများရဲ့အာရုံကို ဆွဲဆောင်နေပါလိမ့်မယ်။ နောက်ပြီး ကျိုက်ထီးရိုးစေတီတော်ဟာလည်း ဘုရားဖူးဧည့်သည်တွေ စည်ကားလှတဲ့ ဘာသာရေးအထွတ်အမြတ် နေရာတစ်ခုပါ။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ လက်ရှိ မြို့တော် ဖြစ်တဲ့ နေပြည်တော်ကိုလည်း သွားရောက် လည်ပတ်ကြဖို့ ခရီးသွားဧည့်သည်တွေကို ကျွန်တော်တို့အနေနဲ့ နွေးထွေးစွာ တိုက်တွန်း အကြံပြုချင်ပါတယ်။ နေပြည်တော်ဟာ အံ့သြစရာ ကောင်းလောက်အောင် စိမ်းလန်းတဲ့၊ သန့်ရှင်းတဲ့၊ ခေတ်မီတဲ့ မြို့တော်ဖြစ်ပြီး အားလုံးကို လက်ကမ်း ကြိုနေတာပါ။ မကြာသေးခင်က ကြုံတွေ့ခဲ့တဲ့ ငလျင်ကြီးလိုမျိုး သဘာဝဘေးအန္တရာယ် တွေမှာလည်း ကြံ့ကြံ့ခံကျော်လွှားနိုင်ခဲ့ပါတယ်။ နေပြည် တော်အပြင် မြန်မာမှာ လည်ပတ်ချင်စရာ အဖိုးတန်နေရာတွေ အများကြီးရှိပါသေးတယ်။ ဥပမာ အင်းလေးကန်ပေါ့။ ကျွန်တော်တို့ရဲ့ ထူးကဲတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေနဲ့ သဘာဝအလှတရားတွေကို ဖွင့်ဟပြပေးမယ့် နေရာတစ်ခု ဖြစ်ပါတယ်။ 

AW ။ ။ မြန်မာ့ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေနဲ့ ပတ်သက်ရင် နိုင်ငံတကာ အသိုက်အဝန်းဆီ သံအမတ်ကြီးအနေနဲ့ ဘယ်အပိုင်းတွေကို အဓိက မျှဝေချင်ပါသလဲ။

UZZS ။ ။ မြန်မာနိုင်ငံဟာ စုံလင်ကွဲပြားတဲ့ တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံနဲ့ အနုပညာတွေ ရောထွေးယှက်နွှယ်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ ကျွန်တော်ဂုဏ်ယူစွာနဲ့ အဓိကထား မျှဝေချင်တာက ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ စံတန်ဖိုးလို့တောင် ပြောနိုင်တဲ့ ပျူငှာမှု၊ ကြင်နာမှုနဲ့ အပေါင်းအဖော် စိတ်ဓာတ် တွေပါပဲ။ မြူးကြွပျော်ရွှင်စရာ ရေသဘင်ပွဲတော်အကြောင်း၊ ရိုးရာရက်ကန်းနဲ့ ယွန်းထည် လုပ်ငန်းတွေအကြောင်း၊ ရိုးရာအစားအစာတွေအကြောင်း၊ ဘာကိုပဲ ပြောပြော အဓိက ရည်ညွှန်းရမှာက မြန်မာ့ယဉ်ကျေးမှုတိုင်းဟာ စစ်မှန်ခိုင်မာမှုနဲ့ပဲ အဓိပ္ပာယ်ဖွင့်ဆိုထားတယ် ဆိုတာပါပဲ။ ဧည့်သည်တိုင်းကို လှိုက်လှိုက်လှဲလှဲ ပြုံးပြီး ကြိုဆိုတတ်ကြတဲ့ ကျွန်တော်တို့ ပြည်သူတွေဆီက နွေး ထွေးပျူငှာမှုကို နိုင်ငံတကာ အသိုက်အဝန်းက ထိတွေ့ခံစားကြည့်စေချင်ပါတယ်။ 

AW ။ ။ မြန်မာ ပြည်သူတွေကို ကူညီပေးမှုနဲ့ နှစ်နိုင်ငံ ပြည်သူတွေအချင်းချင်း နားလည်မှုကို မြှင့်တင်ပေးရာမှာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဘယ်လို အခန်းကဏ္ဍမျိုးကနေ တာဝန်ယူနေပါသလဲ။

UZZS ။ ။ မြန်မာနိုင်ငံသားတွေအတွက်တော့ အိမ်နဲ့ဝေးရာမှာ ရှိနေတဲ့ အိမ်အဖြစ် ခံစားမိအောင် မြန်မာသံရုံးက ဆောင်ရွက်ပေးနေတာပါ။ ကျွန်တော်တို့ဟာ သံရုံးဆိုင်ရာ ဝန်ဆောင်မှုတွေကို အကြားအလပ်မရှိ ဖြည့်ဆည်းပေးဖို့၊ အလုပ်သမားတွေရဲ့ ဥပဒေနဲ့ညီညွတ်တဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့၊ တရားဝင်စာရွက်စာတမ်းကိစ္စတွေကို ချောချောမွေ့မွေ့ ပြီးမြောက်စေဖို့ အလေးအနက်အာရုံစိုက် လုပ်ကိုင်နေပါတယ်။ 

 နှစ်နိုင်ငံ ပြည်သူတွေအချင်းချင်းနားလည်မှု မြှင့်တင်နိုင်ဖို့ အတွက်တော့ ကျွန်တော်တို့ သံရုံးဟာ ထိုင်းရဲ့ ပညာရပ်ဆိုင်ရာ အစုအဖွဲ့တွေ၊ ယဉ်ကျေးမှု အဖွဲ့အစည်းတွေ၊ ကုန်သွယ်ရေး အစုအဖွဲ့တွေနဲ့ တက်ကြွစွာ ထိတွေ့ဆက်ဆံနေပါတယ်။ ယဉ်ကျေးမှုဆိုင်ရာ အခမ်းအနားတွေကို နှစ်နိုင်ငံ ပူးတွဲကျင်းပပေးခြင်းအားဖြင့် နှစ်နိုင်ငံပြည်သူတွေနဲ့ လူငယ်ထုကြားက အပြန်အလှန်စာနာမှုနဲ့ လေးစားမှုတွေကို ကျွန်တော်တို့က ပျိုးထောင်ပေးနေပါတယ်။ 

AW ။ ။ ဒေသဖွံ့ဖြိုးရေးနဲ့ တည်ငြိမ်ရေး တိုးတက်လာစေဖို့ အာဆီယံရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအပေါ် သံအမတ်ကြီးရဲ့ သဘောထားအမြင်က ဘယ်လိုများ ရှိပါသလဲ။

UZZS ။ ။ အာဆီယံရေးရာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးတာကို ကျွန်တော် အင်မတန် ဂုဏ်ယူမိပါတယ်။ အဲဒီကာလတွေအတွင်း ကျွန်တော်ဟာ အာဆီယံရဲ့ဝန်ကြီးအဆင့်နဲ့ တခြားလုပ်ငန်းဆိုင်ရာ အဆင့်မြင့် ဆွေးနွေးပွဲတွေမှာ မြန်မာနိုင်ငံကို ကိုယ်စားပြု တက်ရောက်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ သံတမန်ရေး အတွေ့အကြုံတွေအပေါ် အခြေခံပြီး ပြောရမယ်ဆိုရင် အာဆီယံရဲ့ ဘက်မလိုက်မူဝါဒဆိုတာက မူဝါဒတစ်ခုသက်သက် မဟုတ်ပါဘူး။ ဒေသရဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ စီးပွားရေးနိုးကြားမှုတွေမှာ အခြေခံမဏ္ဍိုင်လည်း ဖြစ်ပါတယ်။

 ဒီနေ့ခေတ်မှာတော့ အဲဒီဘက်မလိုက်ရပ် တည်မှုဟာ ဘယ်တုန်းကနဲ့မှ မတူညီအောင် အရေးကြီးလာပါပြီ။ ကျွန်တော်တို့ရဲ့ဒေသဟာ ယဉ်ကျေးမှု၊ စီးပွားရေးနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ စုံလင်ကွဲပြားမှုတွေနဲ့ သတ်မှတ်ထားတာပါ။ အခုဆိုရင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက အာဆီယံဒေသတွင်းမှာ ပိုပြီး ထဲထဲဝင်ဝင် ဆက်နွှယ်ပါဝင်လာနေတာတွေကို ကျွန်တော်တို့တွေ မျက်မြင်တွေ့ ရှိနေရပါတယ်။ အဲဒီလိုမျိုး ပထဝီဝင် နိုင်ငံရေးဖိအားတွေ ကြားမှာ မှန်မှန်ကန်ကန် ပဲ့ကိုင်ဖြတ်သန်းဖို့နဲ့ ဒေသရဲ့စစ်မှန်တဲ့ ဖွံ့ဖြိုးမှုတွေကို ရယူနိုင်ဖို့ဆိုရင် အာဆီယံဟာ စည်းလုံးညီညွတ်မှုကို ဆက်ထိန်းထားရင်း အာဆီယံရဲ့ စစ်မှန်တဲ့ တစ်သားတည်းတည်ရှိမှု၊ စိတ်ဓာတ်နဲ့ အလုပ်လုပ်ဖို့လိုပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး ဖြစ်ပျက်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ရင် လုပ်ဖော်ကိုင်ဖက် အာဆီယံနိုင်ငံတွေအနေနဲ့ မြန်မာ့လွတ်လပ်မှုနဲ့ အမျိုးသားအချုပ်အခြာအာဏာကို လေးစားပေးဖို့ ကျွန်တော်က အမြဲတမ်း တိုက်တွန်းလေ့ ရှိပါတယ်။

 ဒေသတွင်းက ရှုပ်ထွေးတဲ့ ကိစ္စတွေကို ကိုင်တွယ်တဲ့အခါ အားလုံးစုစည်းပါဝင်မှုဟာ အနှစ်သာရ အရှိဆုံး စံတန်ဖိုးအဖြစ် ပါဝင်နေဖို့ လိုပါတယ်။ ဒါကြောင့်လည်း ကျွန်တော်က သံတမန်ရေးရာ ဆွေးနွေး တင်ပြမှုတွေမှာ တက်တက်ကြွကြွပါဝင်ပြီး မြန်မာနိုင်ငံရဲ့ ဆင့်ကဲပြောင်းလဲနေတဲ့ နိုင်ငံရေးအခင်းအကျင်းတွေကို အာဆီယံ မိတ်ဆွေတွေ၊ အထူးသဖြင့် သံအမတ်တွေ၊ သံရုံးတွေ၊ ပြီးတော့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဌာနတို့ကို ရှင်းပြခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေကို အားလုံးက ကူညီထောက်ခံစေချင်တာကြောင့်ပါ။ မြန်မာနိုင်ငံရဲ့ အထင်ကရအလှည့်အပြောင်း တစ်ခုကတော့ ကျွန်တော်တို့ရဲ့ ရွေးကောက်ပွဲကြီးကို အောင်အောင်မြင်မြင် ကျင်းပပြီးစီးခဲ့တာ ဖြစ်ပါတယ်။ ပြည်သူ ၁၃ သန်းလောက်က မဲပေးခဲ့ကြပါတယ်။ ရွေးကောက်ပွဲရလဒ်ရဲ့ အကျိုးဆက်အဖြစ် ကျွန်တော်တို့ရဲ့ အစိုးရဟာ ဥပဒေနဲ့အညီ ဖွဲ့စည်းဖြစ်တည်လာတယ်ဆိုတာ ငြင်းစရာ မလိုပါဘူး။ မြန်မာအနေနဲ့ ပြည်တွင်းမှာ ဆက်ပြီး အားထုတ်ရမယ့် ကိစ္စတွေ၊ ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်လက်ညှိနှိုင်းမှုတွေ လိုအပ်နေသေးပေမယ့် အဲဒီရွေးကောက်ခံ အစိုးရဟာ ထင်ရှားတဲ့အကူးအပြောင်းတစ်ခု ဖြစ်လာ ပါတယ်။ ရှေ့ဆက်လုပ်ငန်းစဉ်အဖြစ် ကျွန်တော်တို့ရဲ့ သံတမန်ရေး မျှော်မှန်းချက်ကတော့ သိပ်မကြာခင် ကာ လတစ်ခုအတွင်း အာဆီယံမှာ မြန်မာရဲ့ တရားဝင် အဖွဲ့ဝင်နေရာကို ပြန်ရယူဖို့၊ အဖွဲ့ဝင် နိုင်ငံတစ်ခုရဲ့ ရပိုင်ခွင့်တွေ အားလုံးကို ပြန်လည်ဆောင်ယူဖို့ ဖြစ်ပါတယ်။ 

AW ။ ။ Ambassador World  မဂ္ဂဇင်းရဲ့ စာဖတ်ပရိသတ်တွေဆီ သံအမတ်ကြီးအနေနဲ့ မျှဝေချင်တဲ့ သတင်းစကားများ ရှိပါသလား။

UZZS ။ ။ ပထမဆုံးအနေနဲ့ကတော့ ဒီနေ့ ကျွန်တော့်ကို အခုလို အင်တာဗျူးဖြေခွင့်ပေးတဲ့အတွက် Ambassador World မဂ္ဂဇင်းကို အထူးကျေးဇူးတင်ပါတယ်။ ဒီအင်တာဗျူးဟာ အနာဂတ်မှာ ကျွန်တော်တို့ ပူးပေါင်းလုပ်ဆောင်နိုင်မယ့် အလားအလာတွေကို ရှုထောင့်ပေါင်းစုံကနေ ပြသနိုင်တဲ့ အံ့သြစရာ ပလက် ဖောင်းတစ်ခုလို့ ကျွန်တော်ယူဆပါတယ်။ ဒါ့အပြင် နောက်ဆိုရင် ကျွန်တော်တို့ မြန်မာသံရုံးမှာ အခမ်းအနားတွေ၊ လှုပ်ရှားမှုတွေကိုလည်း မဂ္ဂဇင်းရဲ့ ဝိုင်းတော်သားတွေ တက်ရောက်ကြဖို့ ကျွန်တော် နွေးထွေးစွာ ဖိတ်မန္တက ပြုလိုပါတယ်။ နောက်ပြီး မြန်မာသံရုံးဟာ ထိုင်းမှာရှိနေတဲ့ မြန်မာပြည်သူတွေအတွက် ကူညီဖြည့်ဆည်းပေးဖို့ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားဆဲဆိုတာကို ဒီကနေတစ်ဆင့် ကျွန်တော် ပြောချင်ပါတယ်။ မြန်မာနိုင်ငံသားတွေမှာ အကူအညီနဲ့ တခြားအထောက်အပံ့တွေ လိုအပ်တာမျိုးရှိရင် ကျေးဇူးပြုပြီး သံရုံးကို အချိန်မရွေး ဘာနောက်ဆံမှ မတင်းဘဲ ဆက်သွယ်ကြပါ။

 အဆုံးသတ်အနေနဲ့ မဂ္ဂဇင်းရဲ့ ဂုဏ်သရေရှိ စာဖတ်သူတွေဆီ ကျွန်တော်ပေးချင်တဲ့ သတင်းစကားကတော့ ထိုင်းရဲ့ စီးပွားရေး အသိုက်အဝန်း၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ခရီးသွားဧည့်သည်တွေအနေနဲ့ မြန်မာ နိုင်ငံနဲ့ပတ်သက်ရင် ရေရှည်အခွင့်အလမ်း၊ မျှဝေနိုင်မယ့် ဖွံ့ဖြိုးမှုတွေကနေ ချဉ်းကပ်ရှုမြင်ပေးကြဖို့ပါ။ ကြီးပွား ချမ်းသာတဲ့ အနာဂတ်အတွက် ပူးပေါင်းကြဖို့ ကျွန်တော်တို့ဘက်က တံခါးတွေကိုရော၊ စိတ်နှလုံး ကိုပါ အမြဲတမ်း ဖွင့်လှစ် ကြိုဆိုနေပါ့မယ်။

                                                                                                   အယ်ဒီတာတစ်ဦး

အယ်ဒီတာ့စကား

 ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး မစ္စတာ ဇော်ဇော်စိုးနဲ့ သီးသန့်အင်တာဗျူးခွင့် ရခဲ့တာဟာ Ambassador World မဂ္ဂဇင်းအတွက် တကယ့်ကို ဂုဏ်ယူစရာပါပဲ။ အင်တာဗျူးမှာတော့ ထိုင်းနဲ့ မြန်မာကြားက ခိုင်မာပြီး အဓွန့်ရှည်ခဲ့တဲ့ ဆက်ဆံရေးအကြောင်းတွေ၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်းနဲ့ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု ကဏ္ဍတွေရဲ့ အခွင့်အလမ်းကောင်းတွေကို အမြင်ဖလှယ်ခဲ့ကြပါတယ်။

 သံရုံးဆီ သွားရောက်ခဲ့တဲ့အခါ သံအမတ်ကြီးက Ambassador World မဂ္ဂဇင်း ဝိုင်းတော်သားတွေကို နွေးနွေးထွေးထွေး ကြိုဆိုခဲ့သလို တန်ဖိုးရှိတဲ့ အတွေးအမြင်တွေကိုလည်း ရင်းရင်းနှီးနှီး မျှဝေခဲ့ပါတယ်။ ဘုရားခန်း အပါအဝင် သံရုံးဝင်းထဲကိုလည်း လှည့်လည် ပြသပေးခဲ့ပါသေးတယ်။ ဗုဒ္ဓဆင်းတုတော်တွေကိုလည်း ကျွန်မတို့တွေ ဖူးမြော်ခွင့်ရခဲ့သလို ထိုင်းနဲ့ မြန်မာပြည်သူတွေကြားမှာ ယဉ်ကျေးမှုနဲ့ ကိုးကွယ်ယုံကြည်မှုအရ ကာလတွေ အကြာကြီး ဘယ်လို နက်နက်ရှိုင်းရှိုင်း ရစ်နှောင်ဆက်စပ်နေသလဲဆိုတာကို သဘောပေါက်ခဲ့ပါတယ်။

 သံအမတ်ကြီးက ထိုင်းရဲ့ ရင်းနှီးမြှုပ်နှံသူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ခရီးသွားဧည့်သည်တွေဟာ မြန်မာကို အခွင့်အလမ်းနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ပြည့်ဝနေတဲ့ နယ်မြေတစ်ခုအဖြစ် ရှုမြင်ပြီး စူးစမ်းကြဖို့၊ နှစ်နိုင်ငံကြား ရေရှည်တိုးတက်ပြီး အပြန်အလှန် ကောင်းကျိုးပြု ကြွယ်ဝစေရေး အားပေးကြဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

အမ်မွန်ဝမ် ရွမ်ဂတ်တာဝတ်

(အမှုဆောင်ချုပ်၊ အယ်ဒီတာ)

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၇ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 9

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63860

© 2022 - 2026 News. All Rights Reserved.